
ထိုင်းနိုင်ငံက ထိပ်တန်းသတင်းဌာနတခုဖြစ်တဲ့ မန်နေဂျာအွန်လိုင်းနဲ့ ASTV သတင်းဌာန ထူထောင်သူ မီဒီယာသူဌေးကြီး ဆွန်ထိလင့်ထောင်းကွန်းကို တပါးသူအား အသရေဖျက်မှုနဲ့ ရာဇဝတ်မှုဆိုင်ရာတရားရုံးက ဆိုင်းငံ့မှုမရှိတဲ့ ထောင်ဒဏ် ၄ လ နဲ့ ဒဏ်ငွေ ဘတ် ၂ သန်းကို ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
ရှပ်နီပါတီ အာဏာရစဉ်က လွှတ်တော်အမတ်ဟောင်းနဲ့ နိုင်ငံရေးရာဌာန ဒုအတွင်းရေးမှူးချုပ် နိုင်းထနကွန်းနန်ထိဟာ အင်ဒိုနီးရှားနိုင်ငံရှိ ဆီအုန်းပင်စိုက်ပျိုးရေးစီမံကိန်းမှာ အဂတိလိုက်စားသူ၊ ကရုန်းထိုင်းဘဏ် ချေးငွေကိစ္စမှာ မသမာမှုရှိပြီး တိုင်းပြည်ဝင်ငွေပါ ထိခိုက်စေတယ်၊ PTT ကုမ္ပဏီ စက်သုံးဆီရောင်းဝယ်ရေး၊ လေလံတင်တာမှာလည်း မသမာမှုရှိတယ် စသဖြင့် သူ့ရဲ့ကိုယ်ပိုင်လူမှုကွန်ရက်ချန်နယ် Sonthi Talk မှာ လွန်ခဲ့တဲ့ ၃ နှစ်က သတင်းသုံးသပ် ဝေဖန်ထုတ်လွှင့်ခဲ့ပါတယ်။
ဒါကြောင့် နိုင်းထနကွန်းက မကျေနပ်လို့ မဟုတ်မမှန် သတင်းလွှင့်ပြီး အသရေဖျက်မှုနဲ့ တရားစွဲထားကာ လျော်ကြေး ဘတ် သန်းပေါင်း ၅၀ ကိုပါ နစ်နာကြေးပေးဖို့ တောင်းဆိုထားပါတယ်။
နိုင်းဆွန်ထိ လင့်ထောင်းကွန်းရဲ့ ပြောဆိုစွပ်စွဲမှုတွေ အမှန်တကယ် ဟုတ်မှန်ခြင်း ရှိ၊ မရှိ သက်ဆိုင်ရာက အချိန်ယူစစ်ဆေးပြီး ၂၀၂၆ ဖေဖော်ဝါရီ ၂၄ ရက်မှာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးက တရားစီရင်မယ်လို့ ချိန်းဆိုထားပေမဲ့လည်း နိုင်းဆွန်ထိဟာ မတော်တဆချော်လဲပြီး ဦးခေါင်းဒဏ်ရာ ရခဲ့တာကြောင့် ဧပြီ ၇ ရက် မနေ့ကမှ တရားခွင်ကို ရှေ့နေနဲ့အတူ ရောက်လာတာပါ။
မနေ့က ရာချဒါးဖိဆိဒ်လမ်းရှိ ရာဇဝတ်မှုဆိုင်ရာ တရားရုံးမှာ တရားသူကြီးက နိုင်းဆွန်ထိရဲ့ နိုင်းထနကွန်း အပေါ် စွပ်စွဲပြောဆိုချက်တွေဟာ မမှန်ကန်တာကို စစ်ဆေးတွေ့ရှိကြောင်း၊ ဒါကြောင့် နိုင်းဆွန်ထိကို တပါးသူအား မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ အသရေဖျက်မှု၊ ကွန်ပျူတာဥပဒေတွေနဲ့ အရေးယူပြီး ဆိုင်းငံ့မှုမရှိသော ထောင်ဒဏ် ၆ လနဲ့ နိုင်းထနကွန်းအား ဘတ် ၂ သန်း ပေးလျော်ဖို့၊ မိမိထုတ်လွှင့်ခဲ့တဲ့ အချက်အလက်တွေ ပြန်လည်ရုပ်သိမ်းကြောင်း သတင်းစာ ၇ စောင်မှာ ထည့်သွင်းကြော်ငြာပြီး ကြော်ငြာခပါ ကိုယ်တိုင်ပေးသွင်းဖို့၊ နိုင်းထနကွန်းရဲ့ ရှေ့နေကိုလည်း ဘတ် ၂၀,၀၀၀ ပေးဖို့ အမိန့်ချမှတ်လိုက်ပါတယ်။
နိုင်းဆွန်ထိဟာ စစ်ဆေးမေးမြန်းမှုတွေမှာ ကောင်းမွန်စွာ ပူးပေါင်းပါဝင်တာကြောင့် ထောင်ဒဏ် ၆ နှစ်မှ ၄ လထိ လျှော့ပေါ့ပေးလိုက်ပါတယ်။
နိုင်းဆွန်ထိရဲ့ ရှေ့နေကတော့ သူ့ကို ဘတ် ၅၀,၀၀၀ နဲ့ အာမခံ ခေါ်ထုတ်သွားပြီး ဗဟိုတရားရုံးချုပ်ထိ ဆက်လက်အယူခံတင်သွားမယ်လို့ ပြောသွားပါတယ်။
Source: Matichon










