DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်လက်ရေးမူစာအုပ် ယူဆောင်မှု ဒေသခံများ မကျေနပ်
DVB
·
July 22, 2013
ဗိုလ်ချုပ်လက်ရေးမူစာအုပ် ယူဆောင်မှု ဒေသခံများ မကျေနပ်
1 / 2
Donate to DVB

ရေနံချောင်းမြို့ အမှတ် ၁ အထက်တန်းကျောင်းမှာ ထိန်းသိမ်းထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ရေးမူနဲ့ရေးထားတဲ့ ပါဠိဘာသာ မှတ်စုစာအုပ်ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အစိုးရက ထိန်းသိမ်းပေးမယ်ဆိုပြီး ယူဆောင်သွားလို့  ဒေသခံတွေက မကျေမနပ်ဖြစ်နေကြပါတယ်။

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့မှာ ရေနံချောင်းအထက ၁ ကို ဦးခင်အောင်မြင့်ဟာ မြို့ခံ လွှတ်တော်အမတ်တွေနဲ့ ရောက်ရှိလာပြီး ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘ၀က ရေးသားခဲ့တဲ့ လက်ရေးမူစာအုပ်ကို ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူထွန်းထံကနေ တောင်းယူသွားတာလို့ ဒေသခံတွေက ပြောပါတယ်။


တောင်းယူစဉ်မှာ မြို့နယ်ပညာရေးမှူးလည်း ရှိနေသလို တခြားဆရာနဲ့ ဆရာမတွေလည်းရှိတယ်လို့ ဒေါ်မူမူထွန်းက ပြောပါတယ်။


“ရေရှည်တည်တံ့စေချင်တဲ့ ဆန္ဒတော့ ရှိတာပေါ့။ အမျိုးသား ပြတိုက် ယာဉ်ကျေးမှု ၀န်ကြီးဌာနမှာ အများပြည်သူ ပိုပြီး ကျယ်ကျယ်ပြန်ြ့ပန့် သိသွားမယ်ဆိုတဲ့ စေတနာလေးတော့ ပါတာပေါ့။ ဒါပေမယ့် ဒီစာအုပ်ကို လွယ်လွယ်ကူကူနဲ့ ပေးတာ မဟုတ်ဘူး၊ စိတ်ထဲမှာ အင်မတန် နှမြောတယ်။”

ဒါနဲ့ပတ်သက်ပြီး ရေနံချောင်းမြို့နယ် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းရဲ့ ကျောင်းအကျိုးတော်ဆောင် ဦးကျော်ဆန်းဦးက “ကျနော်တို့မြို့က ဆရာတော် အရှင်ဆန္ဒာဓိက ရှိတယ်လေ။ ဗိုလ်ချုပ်ရဲ့ သမီးအရင်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကျနော်တို့ မြို့က ဗိုလ်ချုပ်ကို ချစ်သလို သူ့ကိုလည်း လေးစားတန်ဖိုးထားတယ်လေ။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆရာတော် အရှင်ဆန္ဒာဓိက ကနေတဆင့် ပြန်ပြီးတော့ တောင်းကြည့်ရမှာပေါ့။ အဆင်ပြေနိုင်ပါတယ်။ တကယ်လို့ အဆင်မပြေခဲ့ဘူးဆိုရင်လည်း ကျနော်တို့ ကြိုးတော့ ကြိုးစားရမှာပဲ။ ဒါဟာ ကျနော်တို့ မြို့သူမြို့သားတွေရဲ့  အသည်းနှလုံးပဲ။”

ရေနံချောင်းမြို့နယ် ပညာရေးမှူး ဒေါ်သောင်းမြင့်ကတော့ နှမြောပေမယ့်လည်း ရေရှည်တည်တံ့အောင် လုပ်ပေးမယ်ဆိုပြီး အလှူခံလာလို့  ပေးလိုက်ရတာလို့ ပြောပါတယ်။

တန်ဖိုးမဖြတ်နိုင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ရေးမူကို ယူသွားတာနဲ့ ပတ်သက်ပြီး ဒေသခံတွေက သဘောထားဆန္ဒ ထုတ်ဖော်မယ်ဆိုရင် ကိုယ်တိုင်ဦးဆောင်ဖြစ်လိမ့်မယ်လို့ ရေနံချောင်းဇာတိဖြစ်တဲ့ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက က မိန့်ပါတယ်။

“တနေရာရာမှာ ယူသွားပြီး ထိန်းသိမ်းမှ ဒီစာအုပ်က မပျက်စီးမှာ မဟုတ်ပါဘူး။ ဦးဇင်းတို့ကျောင်းမှာပဲ ထားပြီးတော့ လာပြုပြင်ပေးပြီး မပျက်စီးအောင် ထိန်းသိမ်းလို့ ရတာပဲ။ ဒီစာအုပ် အမြန်ဆုံး ပြန်ရဖို့ မြို့သူမြို့သားတွေ ဆန္ဒထုတ်ဖော်မယ့်စိတ်တွေ ပြင်းပြနေကြတာပေါ့။ ဖြစ်နေကြတာ။ ဒီဆူပူမှုတွေ မဖြစ်စေချင်တဲ့အတွက် မြို့မှာရှိတဲ့ အများလေးစားတဲ့ ပုဂ္ဂိုလ်တွေကလည်း ထိန်းသိမ်းထားတယ်၊ ဆရာဆရာမတွေဆိုလည်း ဩဇာသက်ရောက်မယ့် ပုဂ္ဂိုလ်တွေက ထိန်းသိမ်းထားပေးတာပေါ့။ သဘောထားသက်သက်လေးကို အေးအေးချမ်းချမ်း သိခွင့်ရမယ်ဆိုရင် ဆန္ဒပြတာတွေ၊ ထုတ်ဖော်တာတွေ မဖြစ်တော့ဘူးပေါ့။ တကယ်လို့ စိတ်ကျေနပ်မှုမရဘူးဆိုရင် ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ပေါ်လာနိုင်တာပေါ့။ အဲတော့ ဦးဇင်းကိုယ်တိုင်ကလည်း အထက ၁ ရဲ့ ကျောင်းသားတယောက်ဖြစ်ခဲ့တယ်၊ ဗိုလ်ချုပ်ကိုလည်း ကိုယ့်အဖိုးရင်းတယောက်လို၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အမေရင်းတယောက်လို သဘောထားတယ်ဆိုတော့၊ ကိုယ့်အဖိုးရဲ့ မြေးတွေအပေါ်ပေးထားတဲ့အမွေကို ထိန်းသိမ်းထားချင်တာပေါ့။ အဲတော့ ဒီအမွေကို သိန်း ၁ ထောင်နဲ့လည်း လေလံပစ်လို့ မရောင်းနိုင်ဘူး။ ဒေါ်လာသန်းပေါင်း ၁ ထောင်နဲ့ လေလံပစ်မယ်ဆိုတောင်မှ မရောင်းနိုင်ဘူး။ ခုလိုကြီး ဆန္ဒထုတ်ဖော်ပွဲနဲ့ မထုတ်ဖော်တောင်မှ နှစ်စဉ် ရွှေပါရမီ ပညာရည်ချွန် ဆုပေးပွဲဆိုပြီး ဦးဇင်း ကြွပေးနေတယ်။ အဲဒီဟာသာ စိတ်ကျေနပ်မှုမရရင် ဆန္ဒထုတ်ဖော်တဲ့အနေနဲ့ ဆုပေးပွဲလည်း မကြွတော့ဘူး၊ ရေနံချောင်း အထက ၁ ကို ဘယ်တော့မှ မလာတော့ဘူးလို့ ပြောရမှာပေါ့။ အဲဒါကိုက ဆန္ဒထုတ်ဖော်ခြင်းတမျိုးပါပဲ။”

ဗိုလ်ချုပ်ရဲ့လက်ရေးမူကို အစိုးရက ထိန်းသိမ်းချင်တယ်ဆိုရင်လည်း ဗိုလ်ချုပ်ရဲ့လက်ရေးမူ ဖြစ်တဲ့အတွက် တရားဝင်အခမ်းအနားနဲ့သာ ဆောင်ရွက်စေလိုကြောင်း ဒေသခံတွေက ဆိုကြပါတယ်။ဒီအကြောင်းနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို ဆက်သွယ် မေးမြန်းဖို့ အမျိုးမျိုးကြိုးစားပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

လာမယ့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ၄ ရက်အထိ ကျင်းပမယ့် ဒီအထက ၁ ရေနံချောင်းကျောင်းကြီးရဲ့ နှစ် ၁၀၀ ပြည့်အခမ်းအနားမှာ ဗိုလ်ချုပ်ရဲ့ကိုယ်တိုင်ရေး လက်ရေးမူစာအုပ်ကို ပြခန်းဖွင့်လှစ်ပြသမယ်ဆိုပြီး ဒေသခံတွေက နဂို ကတည်းက စီစဉ်ထားပြီးသားလို့ သိရပါတယ်။

ဒါကြောင့် ဒီစာအုပ်ကို ပြန်ရရှိရေးအတွက် ဒေသခံတွေဟာ ဆောင်ရွက်မှု အဆင့်ဆင့်ကို ပြုလုပ်သွားဖို့လည်း စီစဉ်နေကြတယ်လို့ သိရပါတယ်

။ဒီစာအုပ်ဟာ ဗိုလ်ချုပ်အောင်ဆန်းက ကျောင်းနေတုန်းက သူငယ်ချင်း ဦးဖိုးခက်ကို သူ့မှာ ပေးစရာလက်ဆောင် ရွှေငွေ မရှိကြောင်း၊ လက်ဆောင်အဖြစ် ၁၉၃၃ ခုနှစ်  ရန်ကုန်တက္ကသိုလ် ပါဠိဘာသာအတန်း တက်စဉ်မှာ အင်္ဂလိပ်ဘာသာနဲ့ လိုက်မှတ်ထားတဲ့ လက်ရေးမူရင်းနဲ့ စာအုပ်ကို လက်ဆောင်ပေးခဲ့တယ်လို့ အဲဒီစာအုပ်ကို ထိန်းသိမ်းတဲ့ ရေနံချောင်းအထက ၁ ကျောင်းက အကျိုးတော်ဆောင် ဦးကျော်ဆန်းဦးက ပြောပြပါတယ်။

အဲဒီစာအုပ်ကို ဦးဖိုးခက်က ရေနံချောင်းမြို့က စာရေးဆရာနဲ့သတင်းထောက် ဦးဘဖေကို သင့်တော်တဲ့နေရာကို လှူပေးဖို့ အပ်နှံပါတယ်။ ဦးဘဖေက ဒီစာအုပ်ကို ဗိုလ်ချုပ်အောင်ဆန်း နေခဲ့တဲ့ အမျိုးသားအထက်တန်းကျောင်း (ယခု မူလတန်းကျောင်း) ကို လှူဒါန်းဖို့ ဖြစ်ပေမယ့် ကျောင်းက သေးငယ်တဲ့အတွက် အမှတ် ၁ အထက်တန်းကျောင်းကို အပ်နှံခဲ့တာလို့ ဆိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းလက်ရေးမူစာအုပ် ယူသွားတဲ့အပေါ် အရှင်ဆန္ဒာဓိက မိန့်ကြားချက် အပြည့်အစုံကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

<iframe width="100%" height="166" scrolling="no" frameborder="no" src="https://w.soundcloud.com/player/?url=http%3A%2F%2Fapi.soundcloud.com%2Ftracks%2F102098887"></iframe>

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013