
ပါကစ္စတန် တနိုင်ငံလုံးမှာ ရှေ့နေတွေက သေဒဏ်ကျ အကျဉ်းသားတွေကို သေဒဏ်ပေးဖို့ ကန့်ကွက်ဆန္ဒပြပြီး တောင်းဆိုခဲ့ကြပါတယ်။ တနိုင်ငံလုံးမှာ မကြာခဏဖြစ်နေတဲ့ သတ်ဖြတ်မှုတွေမှာ ရှေ့နေတွေဟာလည်း ပစ်မှတ်တခု ဖြစ်လာခဲ့ပါတယ်။ ကရာချီတရားရုံးချုပ် ရှေ့နေများအဖွဲ့က ရှေ့နေ ၄၀ ကျော်ဟာ ၂၀၀၇ ခုနှစ်ကတည်းက လုပ်ကြံသတ်ဖြတ်တာကို ခံခဲ့ရပါတယ်။
ကရာချီ တရားရုံးချုပ် ရှေ့နေ့များအဖွဲ့ ဥက္ကဋ္ဌ မတ်စ်တာဖာ လာခါနီက “ကျနော်တို့က အစိုးရ၊ တရားရုံးချုပ်နဲ့ တရားဥပဒေ ထိန်းသိမ်းစောင့်ရှောက်ရေး အေဂျင်စီတွေကို တခြားရာဇ၀တ်မှုတွေကိုပါ ဟန့်တားနိုင်ဖို့ သေဒဏ် စီရင်ထားမှုတွေကို တကယ်လုပ်ဆောင်ဖို့ ပန်ကြားထားပါတယ်" လို့ ပြောပါတယ်။
သူက ဒီလ အစောပိုင်းမှာ တရားရုံးချုပ်ကို သေဒဏ်ပေးခံထားရတဲ့သူတွေကို အမြန်ဆုံး ပြစ်ဒဏ်စီရင်ဖို့ မေတ္တာရပ်ခံစာ ၁ စောင် တင်သွင်းခဲ့ပါတယ်။
“သတင်းစကားက သူတို့လုပ်တဲ့ အရာတွေဟာ သူတို့အသက်နဲ့ ရင်းရမှာဖြစ်တယ်လို့ အကြမ်းဖက်သမားတွေကို ပေးပို့လိုက်တာပါပဲ။ တရားရုံးတွေက သူတို့ကို ပြစ်ဒဏ်စီရင်ဖို့ လိုလိုလားလား ရှိရမှာဖြစ်ပြီး သေဒဏ်ကိုလည်း တကယ်ပေးရမှာပဲ။”
၂၀၀၈ ခုနှစ်မှာ အစိုးရက သေဒဏ်ကို ပိတ်ပင်တားဆီးလိုက်ပါတယ်။ ဒါပေမယ့် အဲဒီဆိုင်းငံ့မှုက လွန်ခဲ့တဲ့လက ကုန်ဆုံးသွားပါပြီ။ သေဒဏ် အကျဉ်းသားက ၈၀၀၀ လောက်ရှိနေပြီး အများစုက အကြမ်းဖက်မှုတွေနဲ့ စွဲဆိုခံခဲ့ရသူတွေ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့လ အစောပိုင်းက ကရာချီမှာ အင်အားပြင်းဗုံး ၁ လုံး ပေါက်ကွဲခဲ့ပြီး အဓိကပစ်မှတ်ဖြစ်တဲ့ အကြီးတန်းတရားသူကြီး ၁ ဦး ဒဏ်ရာရရှိသွားပြီး လူ ၉ ဦး သေဆုံးသွားခဲ့ရပါတယ်။
ဗုံးပေါက်ကွဲမှုမှာ ညီဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့ ခါလစ်မာမွတ်က “ကျနော်ကတော့ ဒါဟာ ဗြောင် အကြမ်းဖက်တာပဲလို့ ပြောမယ်ဗျာ။ အဲဒါတွေကို ထိန်းချုပ်လို့ ရသင့်တယ်။ အကြမ်းဖက်သမားတွေကို သေဒဏ်ပေးပြီး သေဒဏ်ပေးခံရတဲ့သူတွေကိုလည်း ကြိုးပေးပစ်ရမယ်၊ ဒါမှမဟုတ် အကြမ်းဖက်မှုကြောင့် ခံစားခဲ့ရတဲ့ မိသားစုတွေ ဘယ်လိုခံစားရတယ်ဆိုတာ ပြသနိုင်ဖို့ တထိုင်တည်း သတ်ပစ်ရမယ်” လို့ ပြောပါတယ်။
ပါကစ္စတန်ဟာ သေဒဏ်အပြစ်ဒဏ်ပေးနေတဲ့ နိုင်ငံ ၂၉ နိုင်ငံမှာ အပါအ၀င် ဖြစ်ပါတယ်။ တာဝန်ရှိပုဂ္ဂိုလ် အတော်များများကတော့ တခြားနိုင်ငံ ၁၅၀ လောက်က အဲဒီပြစ်ဒဏ်ကို ဖျက် သိမ်းပစ်လိုက်ကြပေမယ့် ဒီပြစ်ဒဏ်ကပဲ ရာဇ၀တ်မှုတွေကို တားဆီးဖို့ အဓိကဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။
ဒီလ အစောပိုင်းမှာ ပါကစ္စတန်အစိုးရသစ်က တစစတိုးများလာနေတဲ့ ရာဇ၀တ်မှုတွေကို ကိုင်တွယ် ထိန်းချုပ်ဖို့အတွက် သေဒဏ်ကို ပြန်လည်ချမှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
မူဝါဒအသစ်က လူသားချင်းစာနာထောက်ထားမှုအရ ခွင့်လွှတ်ခံထားရသူတွေက လွဲလို့ သေဒဏ်ကျ အကျဉ်းသားတွေအားလုံးကို သေဒဏ်စီရင်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကတော့ သေဒဏ်အပြစ်ပေးတာ ရပ်ဆိုင်းလိုက်ဖို့ အစိုးရကို တောင်းဆိုနေပါတယ်။
လူအခွင့်အရေး လှုပ်ရှားတက်ကြွသူ အက်စမာ ရာသန်ဂါကတော့ ပြစ်ဒဏ်က ခွဲခြား ဆက်ဆံမှုလည်း ဖြစ်နေတယ်လို့ ပြောပါတယ်။
"ပါကစ္စတန်ဥပဒေအရ လူသတ်မှုတခုမှာ သေဒဏ်ပေးခံထားရတဲ့သူတယောက်ကို ကယ်တင်ဖို့ တခုတည်းသောနည်းလမ်းကတော့ သေဆုံးသွားသူရဲ့ မိသားစုကို သွေးကြွေးငွေ ပေးဖို့ပါပဲ။ ဒါပေမယ့် အဲဒါက ပြစ်ဒဏ်ပေးခံရသူတွေ အများစုက ဆင်းရဲသူတွေ ဖြစ်နေတော့ မပေးနိုင်ကြပါဘူး။ ဒါကြောင့် သူတို့ သေဒဏ်ပေးခံကြရပါတယ်။ ဒီတော့ ဒါဟာ ချမ်းသာတဲ့သူတွေက သွေးကြွေးငွေပေးပြီး လွတ်သွားနိုင်ကြပြီး ဆင်းရဲတဲ့သူတွေပဲ သေဒဏ် ကျခံနေရတဲ့ ခွဲခြားဆက်ဆံတဲ့ ဥပဒေဖြစ်နေတာပေါ့ဗျာ။ ဒါက တရားဥပဒေအတွက် လုပ်မပေးနိုင်သလို ရာဇ၀တ်မှုဖြစ်ပွားမှုတွေကိုလည်း မထိန်းချုပ်နိုင်ပါဘူး။”
ပြည်နယ်ရေးရာဝန်ကြီးဌာနက သမ္မတဆီကို သေဒဏ်ချမှတ်ထားတဲ့ အကျဉ်းသား ၄၀၀ အတွက် အမြန်ဆုံးဖြတ်ချပေးဖို့ တင်ပြထားပါတယ်။
ဒါပေမယ့် ရှေ့နေ ဇာဖာရူလာခန်ကတော့ သူတို့တွေဟာ သမ္မတဆီကို အသနားခံစာ တင်ထားဆဲ ဖြစ်တဲ့အတွက် သေဒဏ်စီရင်မှုကို ဆိုင်းငံ့ထားဖို့ မေတ္တာရပ်ခံစာ တင်သွင်းထားခဲ့ပါတယ်။ သူက နိုင်ငံမှာ အပြစ်မဲ့တဲ့သူတွေကို သေဒဏ်ချမှတ်ခဲ့တဲ့ ကာလရှည်ကြာ သမိုင်းကြောင်း ရှိခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။
“တရားဥပဒေအရ ဆောာင်ရွက်တဲ့လုပ်ငန်းစဉ် ရှိရပါမယ်။ အကျင့်ပျက်တာတွေလည်း နိုင်ငံမှာ ရှိနေပါတယ်။ နိုင်ငံမှာ အကျင့်ပျက်မှုတွေ ရှိမနေသင့်တော့ဘူးဗျ။ ဒါပေမယ့် အစိုးရက အဲဒါကို ငြင်းနိုင်မလား။ မှားယွင်းတဲ့အမှုတွေကို စွဲဆိုပြီး တရားစစ်ဆေးနေတဲ့အချိန်အတွင်းမှာ မှားယွင်းတဲ့ အချက်အလက်တွေကို မှတ်တမ်းတင်တာတွေ ဖြစ်ခဲ့တယ်လေ။”
ရာမဒန်ဥပုသ်လ ဖြစ်တဲ့အတွက် ပါကစ္စတန်ရဲ့ ဥပဒေအရ သေဒဏ် အပြစ်ပေးတာ မရှိပါဘူး။ဒီကိစ္စဟာ တရားရုံးချုပ်မှာစောင့်ဆိုင်းနေရဆဲ ဖြစ်တဲ့အတွက် အကျဉ်းသားတွေအတွက် သူတို့ကို သေဒဏ်မစီရင်ခင် ဆိုင်းငံ့ထားမှု တချို့ရရှိထားကြပါတယ်။
နာအင်းမ် ဆာဟိုတာရာ က အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် ပါကစ္စတန်နိုင်ငံကရာချီမြို့ကနေ သတင်းပေးပို့ထားပါတယ်။











