DVB Logo
Home
မြန်မာသတင်း
ဦးဘရန်ရှောင်ကို ထောင်ဒဏ် ၂ နှစ်ချ
DVB
·
July 19, 2013
Donate to DVB

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ပတ်သက်တယ်လို့ တရားစွဲဆိုခံနေရတဲ့ ဦးလထော်ဘရန်ရှောင်ကို မြစ်ကြီးနားတရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။

ဇူလိုင် ၁၈ ရက်နေ့က အပြီးသတ်လျှောက်လဲချက်ပေးပြီးနောက် မြစ်ကြီးနား တရားရုံးကနေ မတရားအသင်းဆက်သွယ်မှုနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တာလို့ ဦးလထော်ဘရန်ရှောင်ရဲ့ ရှေ့နေဦးမားခါးက ပြောပါတယ်။

“တရားစီရင်းစနစ်က သိပ်ကိုဆိုးဝါးနေတယ်ဆိုတာ ဒါက လက်တွေ့ဖော်ပြတဲ့ သဘောသက်ရောက်တာပေါ့။ ဘရန်ရှောင်က တကယ်ကို ကေအိုင်အေနဲ့ ပတ်သက်တာ မရှိဘူး။ ကျနော်တို့ သက်သေအထောက်အထား အခိုင်အလုံ ရထားပြီးသား ဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီးပြီးမှ နှိပ်စက်ညှဉ်းပန်းပြီး လက်မှတ်တွေ ထိုးခိုင်း၊ သူတို့ဘာသာ သူတို့ ရေးသားပြီး တရားရုံးမှာ  တရားစွဲဆိုထားတာ။ ဒါလည်း ထင်ထင်ရှားရှား တွေ့နေပြီးသားပဲ။ တရားရုံးကတော့ စရဖဘက်က စွပ်စွဲတဲ့အတိုင်း ဘာမှ သက်သေအထောက်အထား မရှိတဲ့သူကို မရမက ထောင်ဒဏ် ချမှတ်တယ်ဆိုတော့ တရားရုံးက ကျနော်တို့ နိုင်ငံသားတွေအတွက် ဘာမှအကာကွယ် မပေးနိုင်တော့ကြောင်း တရားဝင် ဖော်ပြသွားတာဖြစ်ပါတယ်။”

၂၀၁၂ ခုနှစ် ဇွန်လထဲမှာ   မြစ်ကြီးနားမြို့ ဂျမိုင်းကောင်း စစ်ပြေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ဦးလထော်ဘရန်ရှောင်ကို ကေအိုင်အေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) က ဖမ်းဆီး တရားစွဲဆိုခဲ့တာဖြစ်ပြီး ၁ နှစ်ကျော်အကြာမှာ ပြစ်ဒဏ်စီရင်ခဲ့တာပါ။

မေလက ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအဖွဲ့ ဂျမိုင်ကောင်း စစ်ပြေးဒုက္ခသည်စခန်းကို လာရောက်စဉ်တုန်းက ဦးဘရန်ရှောင်ကို အမိန့်ချမှတ်ပြီး ၁ ပတ်အတွင်း ပြန်လွှတ်ပေးမယ်လို့ ပြောဆိုခဲ့ဖူးတာကြောင့် ပြန်လွှတ်၊ မလွှတ်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဂျမိုင်းကောင်း စစ်ပြေးဒုက္ခသည်စခန်းက တာဝန်ရှိတဲ့ ဦးအောင်မြတ်ကတော့ ဒီစီရင်ချက် ကြောင့် ဦးဘရန်ရှောင်မိသားစု စိတ်ထိခိုက်ရတယ်လို့ ပြောပါတယ်။

“သူ့အမျိုးသမီးကတော့ အတော်ကို စိတ်မကောင်းဘူး။ ဘယ်သူမှလည်း မျှော်လင့်မထားဘူး အဲလိုဖြစ်သွားမယ်ဆိုတာ။ မနေ့ကတော့ လျှောက်လွှဲချက်တင်တာလို့ပဲ သိရတော့ ချက်ချင်းစီရင်ချက်ချလိုက်တဲ့အတွက်ကြောင့် ဘာမှ စကားလည်း မပြောလိုက်ရဘူး။  စီရင်ချက်ချပြီးတာနဲ့ တခါတည်း ခေါ်သွားတယ်။”

ဖမ်းဆီးစစ်ဆေးစဉ်မှာ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ဦးဘရန်ရှောင်ရဲ့ ခန္ဒာကိုယ်တွေမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့သလို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ အိုဟေးကင်တာနားကလည်း မြန်မာပြည်ခရီးစဉ်အတွင်းမှာ တွေ့ဆုံခဲ့ပြီး ဖမ်းဆီးနှိပ်စက်မှုအတွက် စိုးရိမ်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

စစ်တပ်ပိုင် မြ၀တီသတင်းစာကလည်း တရားရုံးက စီရင်ချက်မချခင်ကတည်းက ဦးဘရန်ရှောင်ကို ကေအိုင်အေဗိုလ်ကြီးတဦးအဖြစ် စွပ်စွဲရေးသားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013