DVB Logo
Home
မေးမြန်းခန်း
အာဇာနည်တွေရဲ့ ကျေးဇူး အင်မတန်ကြီးမားတယ်- ဦးထွေးမြင့်
DVB
·
July 19, 2013
အာဇာနည်တွေရဲ့ ကျေးဇူး အင်မတန်ကြီးမားတယ်- ဦးထွေးမြင့်
Donate to DVB

ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၆၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ်  အာဇာနည်နေ့ဆိုတာ ဘာလဲ၊ အာဇာနည်နေ့ကို စစ်အာဏာရှင်တွေက ဘာကြောင့်  ဖျောက်ဖျက်ဖို့ ကြိုးစားခဲ့ကြသလဲဆိုတာနဲ့ ပတ်သက်ပြီး  အသက် ၈၀ကျော် အရွယ်ရှိပြီဖြစ်တဲ့ ၀ါရင့်နိုင်ငံရေးသမားကြီး ဦးထွေးမြင့်ကို   ဒီဗွီဘီ သတင်းထောက် ကိုအောင်ထွန်းမြင့်က    တွေ့ဆုံမေးမြန်းထားပါတယ်။

အာဇာနည်နေ့အပေါ်မှာ ထားရှိတဲ့ အဘရဲ့ အမြင်ကို ပြောပြပေးပါ။



[caption id="attachment_41734" align="alignright" width="300" caption="ဦးထွေးမြင့်"][/caption]

“ဒီနေ့အပေါ်မှာ အမြင်ကတော့ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေကို ဗိုလ်ချုပ်အောင်ဆန်းအပါဝင် အာဇာနည်ကြီးတွေ ဆောင်ကျဉ်းသွားလို့ ကျနော်တို့ မြန်မာနိုင်ငံ လွတ်လပ်ရေးရတယ်၊ ကိုယ်ပိုင် တပ်မတော်တွေ ဘာတွေ ဖွဲ့စည်းခွင့်ရတယ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတယ်။ အဲဒီ အကျိုး ကျေးဇူးတွေဟာ အာဇာနည်ခေါင်းဆောင်ကြီးတွေ၊ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ အာဇာနည်ကြီးတွေရဲ့ ဆောင်ကျဉ်းမှုကြောင့်၊ ဆောင်ရွက်ခဲ့မှုကြောင့် ရလာတာ၊ သူတို့ကျေးဇူဟာ အင်မတန် ကြီးမားပါတယ်။”


အာဇာနည်နေ့ အခမ်းအနားကို အရင်စစ်အစိုးရလက်ထက် တောက်လျှောက် မှေးမှိန်ခဲ့ရတယ်။ အဲဒီအပေါ်မှာရော အဘ ဘယ်လိုများ ခံစားမိလဲ။

“အာဇာနည်ပုဂ္ဂိုလ်ကြီးတွေကို စစ်အာဏာရှင် သက်တမ်းတလျှောက် တခါတည်း မှေးမှိန်အောင် လုပ်ထားပြီးတော့ နိုင်ငံခေါင်းဆောင်ကြီး တွေဆိုတဲ့ ဟိုဟာ  ဇာဂနာပြောသလိုပဲ။ ဟိုအရုပ်ကြီး ၃ ရုပ် ဟိုအရုပ်ကြီး ၃ ရုပ်ပေါ့ဗျာ။ အဲဒီလိုအခြေအနေ ဖြစ်နေတယ်၊ တကယ့် ဖခင်အစစ်အမှန်ကတော့ ဗိုလ်ချုပ်အောင်ဆန်းပဲ။ ဖခင်အစစ်အမှန်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို မျက်ကွယ်ထားပြီးတော့ နောင်လာနောင်သားတွေ နောက်လူငယ်တွေ မမြင်မသိအောင် ဖုံးကွယ်ထားတာဟာ တပ်မတော်ကို ဖခင်အစစ် ကွယ်လွန်သွားတဲ့အချိန်မှာ ပထွေးက တက်ပြီး အုပ်ချုပ်နေလို့ အဲဒီလိုဖြစ်ခဲ့လို့ပဲ ယူဆပါတယ်။”

အာဇာနည်နေ့ကို ဥဩမဆွဲဘူးလို့ တရားဝင် လွှတ်တော်မှာ ဖြေကြားထားတာရှိတယ်။ ဒီအပေါ်မှာရော အဘအနေနဲ့ ဘယ်လိုများ သုံသပ်မိသလဲ။

“လိုရင်းတိုရှင်း ပြောရရင်တော့ သူတို့လိပ်ပြာ သူတို့မလုံလို့ ဒီလိုဥဩဆွဲခွင့်မပြုတာလို့ပဲ အဘအနေနဲ့ သဘောထားတယ်။ ဒီဥဩဆွဲလိုက်လို့ ရှိရင် တနိုင်ငံလုံး၊ တပြည်ထောင်စုလုံးမှာရှိတဲ့ လူပုဂ္ဂိုလ်တွေ ဘာတွေအားလုံးပေါ့ဗျာ။ သူတို့အနေနဲ့ တကယ့်အာဇာနည် ခေါင်းဆောင်လူမျိုးတွေကို အမှတ်တရဖြစ်သွားမှာ စိုးရိမ်လွန်းလို့ တမင် ပိတ်ပင်တာလို့ပဲ ယူဆပါတယ်။”

မြန်မာ့နိုင်ငံရေးကို ရှေ့မီနောက်မီ သိသူတယောက်အနေနဲ့ ဒီ ၆၆ နှစ်မြောက် အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ အဘရင်ထဲကစကား အနစ်ချုပ်လေး ပြောပြပေးပါ။

"ကျနော်တို့ ၆၂ ခုနှစ်ကတည်းက ပျောက်ကွယ်နေတဲ့ ဖုံးကွယ်နေတဲ့ တကယ့် အာဇာနည်ခေါင်းဆောင်ကြီးတွေ လွတ်လပ်ရေးရဲ့ဖခင်၊ တပ်မတော်ရဲ့ဖခင်၊ ဗိုလ်ချုပ်အောင်ဆန်း ကိုတောင် ခေတ်လူငယ်တွေ မသိအောင် ဖုံးဖိထားခဲ့တာ အခုကျမှ ထုတ်ပြီး သင်ကြတဲ့ အခါကျတော့ ဒါဟာ အကောင်းဘက်ကို ဦးတည်လာပြီးလို့ ယူဆပါတယ်။ ဒါပေမယ့်လည်း တဖက်နဲ့ တဖက်က အခုမှ မြေစမ်း ခရမ်ပျိုးဆိုသလို ဒီမိုကရေစီအင်အားစုနဲ့ သူတို့ စစ်တပ် အင်အားစုနဲ့ဟာ သဟဇာတဖြစ်ဖို့ လိုပါသေးတယ်။ ချက်ချင်း လက်ငင်းကြီးတော့ ဖြစ်မှာ မဟုတ်သေးဘူး။ ဥဩဆွဲဖို့ကိစ္စ ခုနက ပြောသလိုပဲ တပြည်လုံးကို တပ်လှန့်သလို ဖြစ်မှာ စိုးရိမ်တဲ့ အတွက်ကြောင့်မို့လို့ပဲ မြင်တယ်။ ခုနက ပြောသလို တပ်မတော်ဖခင် အစစ်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို မေ့ထားပြီးတော့ ပထွေးကို လိုင်းတင်ချင်တော့ တကယ့် ပုဂ္ဂိုလ်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဖျောက်ကွယ်ထားတာပေါ့။ အခုမှ ပြန်ဖော်လာတာ ကျနော်တို့အားလုံး ၀မ်းသာစရာပါပဲ။ အဲဒီတော့ တပ်နဲ့ ပြည်သူ ပိုကြည်ဖြူဖို့ ဒီအတိုင်းဆက်ပြီး ပူးပေါင်း ဆောင်ရွက်သွားဖို့၊ ညှိနှိုင်းဆောင်ရွက်သွားဖို့ လှိုက်လှိုက်လှဲလှဲနဲ့ လုပ်ရင် မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013