DVB Logo
Home
မြန်မာသတင်း
အန်စီအေစာချုပ်တွင် လက်မှတ်ထိုးကြရန်  အပစ်မရပ်အဖွဲ့များကို ကာချုပ်တိုက်တွန်း 
DVB
·
October 16, 2020
အန်စီအေစာချုပ်တွင် လက်မှတ်ထိုးကြရန်  အပစ်မရပ်အဖွဲ့များကို ကာချုပ်တိုက်တွန်း 
Donate to DVB

အန်စီအေ စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ တိုင်းရင်းသား ပြည်သူလူထုရဲ့ ငြိမ်းချမ်းရေး ဆန္ဒကိုတန်ဖိုးထားပြီး လက်မှတ်ရေးထိုးသွားကြဖို့  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) ချုပ်ဆိုခြင်း (၅) နှစ်မြောက် နှစ်ပတ်လည်နေ့မိန့်ခွန်းမှာ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထည့်သွင်း ပြောသွားတာပါ။  

“တိုင်းပြည်တစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တည်ငြိမ်အေးချမ်းမှုရှိရေးဟာ အဓိက ကျတဲ့အတွက် ထာဝရငြိမ်းချမ်းရေးရရှိရေးကို ဒို့တာဝန်အရေး(၃)ပါး မူဘောင်မှလည်း မလွတ်ကင်း၊ အန်စီအေ လမ်းကြောင်းမှလည်း သွေဖည်မသွားဘဲ တိုင်းရင်းသား ညီနောင်များနဲ့အတူ လက်တွဲဆောင်ရွက် သွားမှာဖြစ်ပြီး တိုင်းရင်းသားညီနောင် များကလည်း ပူးပေါင်းပါဝင်သွားကြပါ။ အန်စီအေ စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့လည်း တိုင်းရင်းသား ပြည်သူလူထုရဲ့ ငြိမ်းချမ်းရေး ဆန္ဒကိုတန်ဖိုးထားပြီး မိမိတို့လက်ထက်မှာ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပါတီစုံဒီမိုကရေစီနိုင်ငံ ပီပြင်စွာပေါ်ထွန်းလာစေရေး လက်မှတ်ရေးထိုး သွားကြဖို့နဲ့ လက်မှတ်ရေးထိုးထားပြီးသား အဖွဲ့များအနေနဲ့လည်း အန်စီအေ လမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းကာ အနာဂတ် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး တွင် ခိုင်မာတဲ့ အင်အားသစ်များအဖြစ် လက်တွဲဆောင်ရွက်ကြပါ။”လို့  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

အန်စီ‌အေ စာချုပ်ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လို့ အမည်တွင်ပေမယ့် စာချုပ်ထဲမှာပါဝင်ခဲ့တဲ့ သဘောတူညီချက်တွေဟာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုတာထက်ပိုမိုကျယ်ပြန့်ကြောင်းနဲ့  အန်စီအေစာချုပ်ဟာ လက်နက်ကိုင် လမ်းစဉ်မှသည် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးမှသည် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီ ပြည်ထောင်စုဖြစ်စေဖို့ လမ်းခင်းပေးထားတာလို့လည်း ပြောပါတယ်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ  တိုင်းရင်းသားတွေ အားလုံးကို အခွင့်အရေးတူ ပေးအပ်ထားတယ်လို့လည်း  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ 

“၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားအရေး ကိစ္စနှင့်ပတ်သက်၍ ပုဒ်မ-၂၂ မှာ တိုင်းရင်းသားဘာသာစကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတွေကို ဖွံ့ဖြိုးတိုးတက်စေဖို့၊ တိုင်းရင်းသားအချင်းချင်းစည်းလုံးညီညွတ်ရေး၊ ချစ်ကြည် လေးစားရေးနဲ့ ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေဖို့၊ တိုးတက်ဖွံ့ဖြိုးမှု နည်းပါးနေတဲ့ တိုင်းရင်းသားများရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်း ဆက်သွယ်ရေး စတာတွေပါဝင်တဲ့  လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်မှု တို့အတွက် နိုင်ငံတော်က ကူညီဆောင်ရွက်ရမယ်။ ပုဒ်မ-၄၉ မှာ တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ပြည်ထောင်စုနယ်မြေ များအဖြစ် ခွဲခြားသတ်မှတ်ပေးခြင်း၊ ပုဒ်မ-၅၆ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများ သတ်မှတ်ပေးခြင်း၊ ပုဒ်မ-၂၆၁(ခ)(ဂ) အရ  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်းနဲ့ အခန်း(၈) "နိုင်ငံသူ၊ နိုင်ငံသားများရဲ့ မူလ အခွင့်အရေးနဲ့ တာဝန်များ" ပါအချက်တွေအရ  တိုင်းရင်းသားများ အားလုံးကို အခွင့်အရေးတူ ပေးအပ် ထားပါတယ်။ ဒေသအကြီးအသေး ကွဲပြားခြားနားတာ၊ လူဦးရေနဲ့မျိုးနွယ်စု ကွဲပြားခြားနား တာတွေရှိနေပေမယ့် တိုင်းရင်းသားအားလုံးရရှိခံစားရတဲ့အခွင့်အရေးကတော့ တန်းတူညီမျှ ရှိတယ်လို့ ဆိုနိုင်ပါတယ်။”

လတ်တလော ဖြတ်သန်းရမယ့် အရေးကိစ္စနှစ်ခုရှိပြီး ကိုဗစ်-၁၉ ရောဂါကိစ္စနဲ့ ရွေးကောက်ပွဲ တို့ဖြစ်ကြောင်း၊ ကိုဗစ် ဒုတိယလှိုင်းမှာ ရောဂါပိုးတွေ့ရှိသူ သောင်းဂဏန်းကျော်နဲ့ သေဆုံးသူများ လည်း ရာဂဏန်းကျော်သွားပြီဖြစ်ပေမဲ့  အခုလိုရောဂါကူးစက် ပြန့်ပွားမှုကို ကြောက်ရွံ့မနေဖို့နဲ့ ရောဂါကာကွယ်ကုသဆေး ပြည့်ပြည့်စုံစုံမရရှိသေးတာကိုလည်း လက်မှိုင်ချပြီး စိတ်ဓာတ်ကျနေဖို့ မလိုကြောင်း အားပေးပြောကြားလိုက်ပါတယ်။ 

ဒါ့အပြင် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့လိုအပ်ကြောင်း နဲ့ ဒီရွေးကောက်ပွဲမှာ ပြည်ထောင်စုစိတ်ဓာတ်စစ်စစ်နဲ့ တိုင်းပြည်ကောင်းအောင် စေတနာထား လုပ်မယ့်၊ ဥပဒေကို စိတ်ဝင်စားအလေးထားတဲ့ ကိုယ်စားလှယ်ကောင်းတွေ ရရှိရေး ဂရုတစိုက် စိစစ်ရွေးချယ်သွားဖို့ လည်းတပ်မတော် ခေါင်းဆောင်က ပြောသွားပါတယ်။

အန်စီအေ လက်မှတ်ရေးထိုးခြင်းအထိမ်းအမှတ်အဖြစ် ပြီးခဲ့တဲ့ နှစ်ပတ်လည်အချိန်အခါတွေ မှာတော့ နေပြည်တော်မှာ  အခမ်းအနား ကျင်းပခဲ့ပြီး  အခု ၅ နှစ်မြောက်မှာတော့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် အခမ်းအနားကျင်းပနိုင်ခြင်း မရှိဘဲ ရုပ်သံမိန့်ခွန့်ထုတ်လွှင့်တာပါ။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ)ကို ၂၀၁၅ အောက်တိုဘာ ၁၅ ရက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နောက်ထပ် ၂ ဖွဲ့နဲ့ ထပ်မံ လက်မှတ်ရေးထိုးခဲ့တာပါ။

ဓာတ်ပုံ-DSINFO

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013