DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲ အပတ်စဉ် ထုတ်လွှင့်မည်
DVB
·
October 16, 2020
ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲ အပတ်စဉ် ထုတ်လွှင့်မည်
Donate to DVB

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်ဂုဏ်ပြုအထိမ်းအမှတ် ဂီတဖျော်ဖြေပွဲတွေကို အောက်တိုဘာ ၁၆ ရက်ညပိုင်းက စတင်ကာ မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်ပြသသွားဖို့ ရှိနေပါတယ်။

ဒီဂီတဖျော်ဖြေပွဲမှာတော့ တေးသီချင်းအပုဒ် ၁၀၀ ကို အပတ်စဉ်သောကြာနေ့ည သတင်းအပြီး ည ၉ နာရီအချိန်မှာ ထုတ်လွှင့်ပေးသွားမှာဖြစ်ကာ မြန်မာ့ရုပ်မြင်သံကြား ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ပထမသီတင်းပတ်အနေနဲ့ အခုညဖျော်ဖြေပွဲမှာတော့ ဝါရင့်တေးသံရှင်ကြီးတွေ ဖြစ်ကြတဲ့ မြန်မာပြည်သိန်းတန်၊အောင်နိုင်၊ ဟေမာနေဝင်းတို့နဲ့အတူ ချမ်းချမ်း၊ အိုင်ရင်းဇင်မာမြင့်၊ နေမင်းအိမ်၊ ထွန်းနောင်ဆင့်၊ နန်းဆုဦးစတဲ့ တေးသံရှင်တွေလည်း ပါဝင်ဖျော်ဖြေပေးသွားဖို့ ရှိနေတာပါ။

၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တဲ့  ရန်ကုန်တက္ကသိုလ်ဟာ အခုလာမယ့် ဒီဇင်ဘာ ၁ ရက်နေ့ဆိုရင် နှစ်ပေါင်း ၁၀ဝ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

နှစ် ၅၀ ပြည့် ရွှေရတု၊ ၇၅ နှစ်ပြည့် စိန်ရတုသဘင် အခမ်းအနားတွေကို ခမ်းခမ်းနားနား ကျင်းပနိုင်ခဲ့ပေမယ့် အခုနှစ်မှာ ကျရောက်တဲ့ ရာပြည့်သဘင်ကတော့ လတ်တလော ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့်မို့ နှောင့်နှေးခဲ့ရတာ ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ဟာ စစ်ကြိုခေတ်နဲ့ လွတ်လပ်ရေးရပြီးစ ကာလတွေက ပညာ ရေးကဏ္ဍမှာ အရှေ့တောင်အာရှမှာသာမက အာရှအဆင့်မှာပါ ထိပ်တန်းက ရပ်တည်နိုင်ခဲ့တာမို့ ရန်ကုန်တက္ကသိုလ်မှာ တခြားအာရှနိုင်ငံတွေက ကျောင်းသူ၊ ကျောင်းသားတွေ လာရောက်ပြီးတော့ ပညာဆည်းပူးခဲ့ကြရတာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့အနေနဲ့ ရန်ကုန်တက္က သိုလ်ကို ဒီကနေ့အချိန်အခါမှာ ကမ္ဘာပေါ်မှာ အကောင်းဆုံးတက္ကသိုလ်တခု ပြန်လည်ဖြစ်လာစေဖို့ မျှော်မှန်းထားကြောင်း ပြောခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးသမိုင်းကြောင်း၊ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းမှာ ထင်ရှားတဲ့ သမိုင်းမှတ်တိုင်တခုဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်‌အခမ်းအနားတွေကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကစတင်ကာ ၂၀၂၀ ဒီဇင်ဘာလအထိ တနှစ်ပတ်လုံး ကျင်းပဖို့ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ တကျော့ပြန်ကူးစက်မှုတွေ မြင့်တက်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် တက္ကသိုလ်တွေ၊ အခြေခံပညာကျောင်းတွေနဲ့အတူ စီးပွား ရေးလုပ်ငန်းတချို့ကိုပါ ပိတ်ပင်ထားခဲ့ရတာမို့ ရာပြည့်သဘင်မှာ ကျင်းပသွားဖို့ရှိနေတဲ့ အထိမ်းအမှတ် စာစောင်ထုတ်ဝေတာတွေ၊ စာတမ်းဖတ်ပွဲတွေ၊ ပြင်ပပညာရှင်တွေ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူဟောင်းတွေရဲ့ ဟောပြောပွဲတွေ၊ စာပေဂီတအနုပညာဆိုင်ရာ တီထွင်ဖန်တီးမှုဆိုင်ရာ ပြပွဲပြိုင်ပွဲတွေ၊ ပဒေသာကပွဲတွေ၊ ဈေးရောင်းပွဲတော်တွေ အပါအဝင် အခမ်းအနားအားလုံးကို ဘာမှမလုပ်နိုင်ခဲ့ပဲ ရပ်ဆိုင်းထားခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၅ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၂,၃၅၁ ယောက်၊ သေဆုံးသူ ၇၆၅ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၄,၇၀၆ ယောက်ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၈ ဒသမ ၉  သန်းကျော်၊ သေဆုံးသူ ၁ သန်း ၉ သောင်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၂၉ ဒသမ ၂ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013