DVB Logo
Home
နိုင်ငံတကာ
အမေရိကန်၊ ရုရှား တို့နှင့်သင့်မြတ်သည့် ဟန်ဂေရီဝန်ကြီးချုပ် ရွေးကောက်ပွဲ မရှုမလှရှုံး
DVB
·
April 13, 2026
Photo:  REUTERS/Bernadett Szabo
Photo: REUTERS/Bernadett Szabo
Donate to DVB

အမေရိကန်၊ ရုရှားတို့နဲ့ ဆက်ဆံရေးအထူးကောင်းမွန်တဲ့ အမျိုးသားရေးဝါဒီ ဝန်ကြီးချုပ် ဗစ်တာအော်ဘန်ရဲ့  ဖီဒက်ဇ်ပါတီဟာ ဧပြီ ၁၂ ရက်နေ့ ဟန်ဂေရီရွေးကောက်ပွဲမှာ မရှုမလှ အရေးနိမ့်သွားပါတယ်။

ရွေးကောက်ပွဲမတိုင်ခင်က အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်ကိုယ်တိုင် ဟန်ဂေရီကိုလာပြီး အော်ဘန်အတွက် မဲဆွယ်ပေးခဲ့ပါတယ်။ 

ဒါပေမဲ့ အသက် ၄၅ နှစ်အရွယ် အတိုက်အခံခေါင်းဆောင် ပီတာမာဂျာရဲ့ ဗဟိုလက်ယာယိမ်း တီစ်ဇာပါတီက တောင်ပြိုကမ်းပြို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အော်ဘန်ရဲ့ ၁၆ နှစ်ကြာ အုပ်စိုးမှု အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ အမတ်နေရာ ၁၉၉ နေရာရှိတဲ့ လွှတ်တော်မှာ တီစ်ဇာပါတီက အမတ် ၁၃၈ နေရာအထိ အနိုင်ရခဲ့ပြီး ဖီဒက်ဇ်ပါတီက  ၅၅ နေရာပဲ ရခဲ့ပါတယ်။

ဒီရွေးကောက်ပွဲမှာ မဲပေးသူ ၇၉ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး စံချိန်တင်ခဲ့ပါတယ်။   အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ အော်ဘန်ဟာ “လစ်ဘရယ်မဆန်တဲ့ ဒီမိုကရေစီပုံစံကို ပုံဖော်သူ”အဖြစ် ဥရောပတဝန်းနဲ့ အမေရိကန်က ကွန်ဆာဗေးတစ်တွေရဲ့ ချီးကျူးခံရသူ ဖြစ်ပါတယ်။

ဒါပေမဲ့ သူ့လက်ထက်မှာ စီးပွားရေးတန့်နေတာ၊ နိုင်ငံတကာရဲ့ အပယ်ခံဖြစ်လာတာနဲ့ ခရိုနီတွေပဲ ပိုချမ်းသာလာတာကြောင့် ပြည်တွင်းမှာ ထောက်ခံမှု ကျဆင်းခဲ့ရတာပါ။ 

မာဂျာက “ကျနော်တို့ ကတိပေး မျှော်လင့်ထားတဲ့အတိုင်း ဧပြီ ၁၂ ရက်မှာ ဟန်ဂေရီပြည်သူတွေ သမိုင်းသစ် ရေးနိုင်ခဲ့ပြီ”လို့ ပြောပါတယ်။

ရွေးကောက်ပွဲရလဒ်ဟာ နာကျင်စရာကောင်းပေမဲ့ ရှင်းလင်းပြတ်သားကြောင်း၊ အနိုင်ရသူကို ဂုဏ်ပြုခဲ့ကြောင်းနဲ့ ယုံကြည်ပေးခဲ့တဲ့ မဲဆန္ဒရှင် ၂ သန်းခွဲကို ကျေးဇူးတင်ကြောင်း အော်ဘန်က ပြောကြားခဲ့ပါတယ်။

တချိန်က ဆိုဗီယက်ကို ဆန့်ကျင်ခဲ့ပေမဲ့ အခုတော့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ မဟာမိတ်ဖြစ်နေတဲ့ အော်ဘန်ဟာ ရုရှားရေနံဝယ်ယူမှုနဲ့ ယူကရိန်းချေးငွေ ပိတ်ပင်မှုတွေကြောင့် ဥရောပသမဂ္ဂမှာ လူကြိုက်နည်းသူ ဖြစ်ပါတယ်။

ဟန်ဂေရီဟာ ဥရောပလမ်းကြောင်းပေါ် ပြန်ရောက်လာပြီလို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလိုင်ယန်က ချီးကျူးလိုက်ပါတယ်။

အော်ဘန်က ဟန့်တားထားလို့ ရှေ့မဆက်နိုင်တဲ့ ယူကရိန်းအတွက် ယူရိုငွေ ဘီလီယံ ၉၀ ချေးငွေကိုလည်း အစိုးရသစ်လက်ထက်မှာ ပြန်ဖွင့်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013