
မြန်မာစစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ မေ ၃၀ ရက်မှာ အိန္ဒိယနိုင်ငံ တရားဝင်ခရီးစဉ်အတွင်း နိုင်ငံအရှေ့ပိုင်းက ဗုဒ္ဓဂါယာမြို့မှာရှိတဲ့ ဗုဒ္ဓမဟာဗောဓိဘုရားကျောင်းကို သွားရောက် ဖူးမြော်ပါတယ်။
ဘီဟာပြည်နယ်က ဗုဒ္ဓဂါယာဟာ ဗုဒ္ဓဘာသာဝင်တွေ အလေးအမြတ်ထားဆုံး ဘုရားဖူးနေရာတွေထဲက တခုဖြစ်ဖြစ်ပြီး ဂေါတမဗုဒ္ဓက ဗောဓိပင်အောက်မှာ ဉာဏ်အလင်းရခဲ့တဲ့ ရှေးဟောင်းမဟာဗောဓိဘုရားကျောင်းဝင်း တည်ရှိရာနေရာလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ဘီဟာပြည်နယ် အရှေ့ပိုင်းက ဗုဒ္ဓဂါယာကို သွားရောက်လည်ပတ်ပြီးတဲ့နောက် နယူးဒေလီကို ရောက်လာခဲ့ကာ မေ ၃၀ ရက်မှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာနဲ့ တွေ့ဆုံခဲ့ပါတယ်။
ခရီးစဉ်အတွင်းမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့လည်း ဇွန် ၁ ရက်နေ့ နယူးဒေလီမြို့မှာ တွေ့ဆုံဆွေးနွေးဖို့လည်း ရှိပါတယ်။
အခုခရီးစဉ်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတ ရာထူးရယူပြီးနောက် အိန္ဒိယနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တဲ့ ခရီးစဉ်ဖြစ်သလို ပထမဆုံး ပြည်ပခရီးစဉ်လည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ဘက်ခေါင်းဆောင်တွေကို နိုင်ငံတကာက အသိအမှတ်မပြုဘဲ ရှောင်ဖယ်နေခဲ့ရာကနေ ၂၀၂၅ ရွေးကောက်ပွဲအလွန်မှာ စစ်အာဏာရှင် အစိုးရ ဖွဲ့စည်းပြီးနောက် ဒေသတွင်း ပြန်ထိတွေ့ဆက်ဆံမှု တဖြည်းဖြည်းပြန်ရလာတာလို့ မီဒီယာတွေက သုံးသပ်နေကြပါတယ်။
စစ်အာဏာရှင်သမ္မတဟာ ဝန်ကြီးချုပ် မိုဒီရဲ့ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံကို မေ ၃၀ ရက်မှ ဇွန် ၃ ရက်အထိ တရားဝင်ခရီးသွားရောက်နေတာဖြစ်ပြီး သူနဲ့အတူ ပြည်ထောင်စုဝန်ကြီးတွေ၊ အဆင့်မြင့် အရာရှိကြီးတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေလည်း လိုက်ပါသွားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ကန့်ကွက်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးထံ သဝဏ်လွှာပေးပို့ထားပါတယ်။










