DVB Logo
Home
မြန်မာသတင်း
ဒုတိယအကြိမ် ကိုဗစ်ချေးငွေမှ လုပ်ငန်း ၁၂၀၀ ကို ကျပ် ၂၁ ဘီလီယံကျော် ထပ်မံထုတ်ပေးမည်
DVB
·
October 15, 2020
ဒုတိယအကြိမ် ကိုဗစ်ချေးငွေမှ လုပ်ငန်း ၁၂၀၀ ကို ကျပ် ၂၁ ဘီလီယံကျော် ထပ်မံထုတ်ပေးမည်
Donate to DVB

ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုတွေအပေါ် ကုစားရေး လုပ်ငန်းကော်မတီအနေနဲ့ ဒုတိယအကြိမ် ထုတ်ချေးတဲ့ ကိုဗစ်ချေးငွေကနေ လုပ်ငန်းပေါင်း ၁၂၀၀ ခုကို ငွေကျပ် ၂၁ ဘီလီယံကျော် ထပ်မံထုတ်ပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောပါတယ်။ 

အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းက ဗွီဒီယိုကွန်ဖရင့် စနစ်နဲ့ ကျင်းပတဲ့ အစည်းအဝေးမှာ  ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေး သက်ရောက်မှုတွေအပေါ် ကုစားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောသွားတာဖြစ်ပါတယ်။

ဒုတိယအကြိမ် ချေးငွေအတွက် နိုင်ငံတော်က ကျပ် ဘီလီယံ ၁၀၀ ထပ်မံလျာထားပေးခဲ့ပြီး ပထမအသုတ် လုပ်ငန်း ၁၀၄၁ ခုသို့ ကျပ် ၂၀ ဒသမ ၇၇၇ ဘီလီယံခွင့်ပြုပေးခဲ့ပြီး မနေ့က အစည်းအဝေးမှာ  လုပ်ငန်း ၁၂၀၀ ခုသို့ ကျပ် ၂၁ ဒသမ ၁၂၂ ဘီလီယံထုတ်ပေးနိုင်ရေးအတွက် အတည်ပြုပေးမယ်လို့ ဝန်ကြီးက ပြောပါတယ်။

ဒုတိယအကြိမ် ကိုဗစ်ချေးငွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ရေထွက်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်း၊ ပြည်ပပို့ကုန် ထုတ်လုပ်တဲ့ကုန်ထုတ်လုပ်ငန်း၊သွင်းကုန် အစားထိုးပစ္စည်း ထုတ်လုပ်တဲ့ ကုန်ထုတ်လုပ်ငန်းတွေ၊ ပြည်တွင်းထုတ်လုပ်မှုကနေပြည်ပတင်ပို့တဲ့အထိထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျှောက် ပါဝင်ဆောင်ရွက်တဲ့လုပ်ငန်းတွေစားသောက်ကုန် ထုတ်လုပ်တဲ့ ကုန်ထုတ်လုပ်ငန်းတွေ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းတွေကို ထုတ်ချေးပေးနေတာဖြစ်ပါတယ်။

ကဏ္ဍတစ်ခုချင်းအလိုက် ချေးငွေထုတ်ပေးမူကတော့ စိုက်ပျိုးရေးကဏ္ဍလုပ်ငန်း ၄၁ ခု ကို ကျပ် ၁၀၁၀ သန်း၊ မွေးမြူရေးကဏ္ဍလုပ်ငန်း ၁၈၂ ခုကိုကျပ် ၂၉၅၇ သန်း၊ ရေလုပ်ငန်းကဏ္ဍလုပ်ငန်း ၉၃ ခုကိုကျပ် ၂၂၁၈ သန်း၊ ပို့ကုန်လုပ်ငန်းကဏ္ဍ လုပ်ငန်း ၄၂ ခုကိုကျပ် ၁၇၇၀ သန်း၊ သွင်းကုန် အစားထိုးကဏ္ဍလုပ်ငန်း ၁၅၃ ခုကိုကျပ် ၃၄၃၂ သန်း၊ Supply Chain လုပ်ငန်း၄၉ ခုကိုကျပ် ၁၂၅၇ သန်း၊ စားသောက်ကုန် ကဏ္ဍလုပ်ငန်း ၁၅၇၀ ခုကို ကျပ်၂၇၅၆၀ သန်း၊ပြည်ပ အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်း ၇၀ ခုကို ကျပ် ၈၇၀ သန်းနဲ့အသက်မွေးပညာသင်လုပ်ငန်း ၄၁ ခုကို ကျပ် ၈၂၅ သန်း စုစုပေါင်းလုပ်ငန်း ၂၂၄၁ ခု ကိုကျပ် ၄၁၈၉၉ သန်း ထုတ်ပေးထားပြီး ဖြစ်ပါတယ်။ 

ပထမအကြိမ် ကိုဗစ်ချေးငွေအဖြစ်တော့  လုပ်ငန်းပေါင်း ၃၃၉၃ ခုကို  ကျပ် ၁၀၁ ဒသမ ၁၂၈ ဘီလီယံ ထုတ်ပေးဖို့ စိစစ်ခွင့်ပြုခဲ့တဲ့အထဲက  လုပ်ငန်း ၃၂၃၉ ခုကို ကျပ် ၉၇ ဒသမ ၀၅၀ ဘီလီယံ ထုတ်ပေးခဲ့ပြီး  ဆက်လက် ကျန်ရှိတဲ့ လုပ်ငန်း ၁၅၄ ခုကို ချေးငွေကျပ် ၄ ဒသမ ၀၇၈ ဘီလီယံ ဆက်လက်ထုတ်ပေးဖို့ လုပ်နေတယ်လို့ ဆွေးနွေးပွဲ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆွေးနွေးပွဲမှာ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက နိုင်ငံ့ဝန်ထမ်းတွေအတွက် ကြိုတင်လစာချေးငွေထုတ်ပေးမှု အခြေအနေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနဲ့ မီဒီယာတွေကို ချေးငွေထုတ်ပေးနိုင်ရေး အခြေအနေ စတာတွေ ဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား  ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်တို့လည်း ပါဝင် ဆွေးနွေး ခဲ့ကြပါတယ်။

သတင်း - စိုးချစ်ချစ်ပိုင်၊ ဓာတ်ပုံ- MIFER

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013