DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်က မော်တော်ယာဉ်လုပ်သား ၇၀၀ ကို အခြေခံစားသောက်ကုန် ထောက်ပံ့
DVB
·
October 15, 2020
ကယားပြည်နယ်က မော်တော်ယာဉ်လုပ်သား ၇၀၀ ကို အခြေခံစားသောက်ကုန် ထောက်ပံ့
1 / 7
Donate to DVB

ကိုဗစ်-၁၉  ကပ်ဘေးကာလမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ ကယားပြည်နယ်ရှိ မော်တော်ယာဉ်လိုင်း ပေါင်းစုံက လုပ်သား ၇၀၀ ကို အခြေခံစားသောက်ကုန် ၂ မျိုး ဒီကနေ့ ထောက်ပံ့ပေးခဲ့ပါတယ်။

ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျကြီးကြပ်ရေးအောက်မှာရှိတဲ့ ခရီးသယ်ပို့ ဆောင်ရေး ယာဉ်လိုင်းအားလုံးရဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နဲ့ ဂိတ်မှူးအပါအဝင် အခြေခံလုပ်သားတွေအတွက်  ဆန် နဲ့ ဆီ၊ ၂ မျိုးကို ထောက်ပံ့ပေးတာလို့ ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစံအေးက ပြောပါတယ်။ 

ကယားပြည်နယ်အတွင်း ခရီးသည်တင်ယာဉ်လိုင်းတွေကို စက်တင်ဘာ ၁၂ ရက်ကစပြီး ပိတ်ထားလိုက်တာကြောင့် စားဝတ်နေရေးအခက်ဖြစ်တဲ့လုပ်သားတွေကို ကူညီထောက်ပံ့တာလို့  ဦးစံအေးက ပြောပါတယ်။

“ကျနော်တို့ ယာဉ်မောင်း၊ ယာဉ်နောက် လိုက်တွေလည်း ဒီလုပ်ငန်းတခုကိုသာ ဦးတည်လုပ်နေတာ ဒီလုပ်ငန်းမလုပ်တဲ့အခါကျတော့  စားဝတ် နေရေးခက်ခဲတဲ့အတွက်ကြောင့် မိုလို့  ကျနော်တို့ ကော်မီတီတွေက ဆင့်ကဲအစည်းအဝေးထိုင်ပြီးတော့ ဒါပေးသင့်တယ်၊ ဒီထက်ကြာရင်လည်း ထပ်ပေးဖို့ ကျနော်တို့ စီမံဆောင်ရွက်ထားတာရှိတယ်။ ”

ဒီလိုထောက်ပံ့တာဟာ တတိယ အကြိမ်ထောက်ပံ့တာဖြစ်ပြီး ပထမ ၂ ကြိမ်က ဆန် ၈ ပြည်နဲ့ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်  ၁ ပိဿာစီ ထောက်ပံ့ပေးခဲ့ပြီး အခု တတိယအကြိမ်မှာတော့  ဆန် ၁၂ ပြည်နဲ့၊ ဆီ ၁  ပိဿာ ထောက်ပံ့တာဖြစ်ပါတယ်။

ဒီလိုထောက်ပံ့တာဟာ  ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျကြီးကြပ်ရေး ကော်မီတီကနေပြီး နေ့စဉ်စုဆောင်းထားတဲ့ငွေတွေကနေ ထောက်ပံ့တာဖြစ်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာ မရှိသေးတဲ့ ကယားပြည်နယ်မှာ ဆက်ပြီး ထိန်းသိမ်းနိုင်အောင်လည်း အခုလို လုပ်ဆောင်တာဖြစ်ကြောင်းလည်း ဦးစံအေးက ပြောပါတယ်။

“အခုလိုကျနော်တို့ ပေးရတဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ ကိုဗစ်ကာလအတွင်းမှာ ကျနော်တို့ ကိုဗစ်ကို ထိန်းချုပ်ဖို့အတွက် ကယားပြည်နယ်မှာ ကျနော်တို့ ကိုဗစ်ကင်းစင်တဲ့ပြည် နယ်ဖြစ်တဲ့အလျှောက် ဒီလိုကင်းစင်အောင်နေနိုင်ဖို့အတွက် ကျနော်တို့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်အားလုံးနဲ့ ကျနော်တို့ ထိန်းချုပ်နိုင်တယ်ဆိုတာကို ကျနော်တို့ ပြည်နယ်ကိုယ်စား ကော်မီတီအနေနဲ့များစွာ ဂုဏ်ယူပါတယ်။”

လွိုင်ကော်-မန္တလေး ပြေးဆွဲနေတဲ့ သန်မြန်သူယာဉ်လိုင်းက ယာဉ်မောင်းတဦးဖြစ်သူ ဦးမိုးခိုင်ကတော့ ကားမထွက်ရတော့တဲ့အတွက် ရှိတဲ့အလုပ်နဲ့သာ လုပ်ကိုင်ပြီး စားဝတ်နေရေး ဖြေရှင်းနေရကြောင်း ပြောပါတယ်။

“ပိတ်ထားတာကလည်း အခု တလကျော်ပြီဆိုတော့ ခေါက်တိုလေးတွေလိုက်တယ်၊ အတိုအထွာလေးတွေပဲ လုပ်ပြီး စားနေရတာပေါ့။ ကားမထွက်ရတော့ အခက်အခဲကတော့ ကားထွက်တဲ့အချိန်တုန်းနဲ့ စာရင်တော့ အခက်အခဲရှိတာပေါ့။”

လွိုင်ကော်- ကျောက်ပန်းတောက်၊ မြင်းခြံဆီကို ပြေးဆွဲနေတဲ့ ရွှေလွန်းပျံ ယာဉ်လိုင်းက ယာဉ်မောင်းတဦး ကလည်း “ခက်ခဲကြတာပေါ့ အအား၊ ဒီအလုပ်ပဲ လုပ်စားတတ်တာကော၊ ဒီအလုပ်တွေက ပိတ်ထားတော့ အစိုးရက ချမှတ်ထားတဲ့စည်းကမ်းလည်း ဖောက်ဖျက်လို့ကလည်း မရဘူးလေးနော်။ ခက်ခဲပေမယ့်လည်း ဒီတိုင်းပဲနေရတာပေါ့။ စားဝတ်နေရေးအတွက် အဲလိုဝေတဲ့ အတွက်အရမ်းကျေးဇူးတင်တာပေါ့။ ရောဂါမပြီးမချင်း ဝေပေးပါစေလိုပဲ ဆုတောင်းရမလိုဖြစ်နေပြီ။”

ပြည်နယ်အတွင်းပြေးဆွဲနေတဲ့ အောင်တံခွန်ယာဉ်လိုင်းက ယာဉ်မောင်း ဦးကျော်ခိုင်ကတော့ ပြည်နယ်တွင်းမှာ ယာဉ်ပြေးဆွဲလို့ရသေးတဲ့အတွက် တခြားအဝေးပြေးယာဉ်လိုင်းတွေလို မခက်ခဲသေးပေမယ့် အခုလို ကူညီထောက်ပံ့မှုပေးတဲ့အတွက် အတိုင်းမသိ ဝမ်းသာကြောင်း ပြောပါတယ်။

         ကယားပြည်နယ်ကနေ ပြေးဆွဲနေတဲ့ အဝေးပြေးခရီးသည်တင်ယာဉ်အားလုံး စက်တင်ဘာ ၁၂ ရက်ကစပြီး  ပြေးဆွဲမှုယာယီရပ်ဆိုင်းဖို့ ပြည်နယ်အစိုးရက ညွှန်ကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013