
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်မှာ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေက ဩဂုတ် ၁၆ ရက်မှာ တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက် သေဆုံးသူတွေရှိခဲ့ပြီး လက်နက် ၈ လက် သိမ်းဆည်းရမိခဲ့တယ်လို့ KNLA သတင်းရင်းမြစ်က ပြောပါတယ်။
ဖာပွန်မြို့နယ်ကို ၃ လကျော်ကြာ စစ်ကြောင်းထိုးနေတဲ့ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းတွေအတွက် ကမမောင်းမြို့နဲ့ ဖားလုံးကျေးရွာကြား လမ်းလုံခြုံရေးယူနေတဲ့ စစ်ကြောင်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ KNLA တပ်မဟာ ၅ ပြောခွင့်ရ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။
“တိုက်ပွဲအခြေအနေက စကမ စစ်ကြောင်းဘက်က ပိုပြီးတော့ လတ်တလောမှာ အတိုက်ခံရတာ များတယ်။ သူတို့ လေယာဉ်ပစ်ကူတာကလွဲပြီး ဒီမြေပြင်မှာကတော့ လျော့ရိလျော့ရဲဖြစ်နေတာ။ အဲဒီတော့ တနေရာပြီးတနေရာ တရက်ပြီးတရက် သူတို့ဘက်က ပိုပြီး အပစ်ခံနေရတယ်။ အခု ဒီ ဩဂုတ် ၁၆ ရက်နေ့မှာ ဝါသိုးခိုနေရာတဝိုက်မှာ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့ဘက်က ဝင်ပစ်ခဲ့တဲ့အပေါ်မှာ သူတို့ရဲ့ လက်နက် ၈ လက် ရရှိခဲ့တယ်။ သူတို့က လမ်းလုံခြုံရေးပုံစံမျိုး ကမမောင်းကစပြီးတော့ ချီတက်လာတဲ့အချိန်မှာ နေရာယူထားတဲ့ ပုံစံမျိုး။ ထိခိုက်ဒဏ်ရာရတာတော့ ရှိတာတော့ သေချာတယ်။”
စစ်အာဏာရှင်တပ်က မေ ၅ ရက်ကစပြီး စစ်ရေးအရ မဟာဗျူဟာကျတဲ့ ဖာပွန်ဗျူဟာမကျရေးနဲ့ တပ်စခန်းတွေ ပြန်လည်ရရှိရေး လူအင်အား ၂,၀၀၀ နီးပါးနဲ့ ဖာပွန်ကားလမ်းမကြီး အရှေ့နဲ့ အနောက်ဘက်ကနေ စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ကြောင်းထိုးနေတာပါ။
စစ်တပ်စစ်ကြောင်းတွေ ၃ လကျော် ကြာမြင့်လာတဲ့အထိ ဖာပွန်မြို့ကို မရောက်ရှိသေးဘဲ မိုင် ၂၀ လောက်သာ လိုတော့တဲ့ ဖားလုံးကျေးရွာကို ဩဂုတ် ၃ ရက်က ရောက်ရှိပြီး ရှေ့ဆက်မတိုးနိုင်ဘဲ KNLA ပူးပေါင်းတပ်တွေရဲ့ ကြားဖြတ် တိုက်ခိုက်ခံနေရပါတယ်။
ဒါ့အပြင် လက်ရှိမှာလည်း ကမမောင်းမြို့နဲ့ ဖားလုံးကျေးရွာကြား ဝါးသိုခိုကျေးရွာအနီးမှာ လမ်းလုံခြုံရေးယူထားတဲ့ စစ်ကြောင်းဟာ KNLA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ခံနေရပါတယ်။
ဒါကြောင့် စစ်တပ်ဘက်က ရှေ့ဆက်တိုးနိုင်ဖို့ ဒွယ်လိုး၊ ဘူးသို၊ လူသောမြို့နယ်တွင်းက ကျေးရွာတွေနဲ့ လုပ်ငန်းခွင်အတွင်းကို လေကြောင်းကနေ ဗုံးကြဲတာ၊ စက်လတ်နဲ့ ပစ်ခတ်တာတွေကို လုပ်ဆောင်နေပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း ကျေးရွာတွေ၊ နေအိမ်တွေ၊ လူတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ကရင်စစ်ရေးလေ့လာသူတယောက်က “ဖာပွန်ရောက်ဖို့အတွက် ကြိုးစားနေတဲ့ စစ်ကြောင်းတွေကတော့ ထင်သလောက် တိုးမပေါက်ဘူး။ ဘာကြောင့်လဲဆိုရင် သူတို့မှာ စစ်အင်အားတွေ အင်မတန်နည်းလာပြီ။ နယ်မြေမကျွမ်းကျင်မှုနဲ့ စစ်ရေးဗျူဟာအရ တော်လှန်ရေးတပ်ဖွဲ့တွေကို ရင်မဆိုင်နိုင်ဘူး၊ မယှဉ်ပြိုင်နိုင်ဘူး။ နောက်တခုကကျတော့ ရာသီဥတု အခက်အခဲပေါ့။ အရှေ့ကိုဆက်သွားဖို့ မရဘူးဆိုတာ နယ်မြေ တောတောင် ရေမြေသဘာဝနဲ့ ရာသီဥတု အခြေအနေကြောင့်လည်းပဲ သူတို့မှာ စိန်ခေါ်မှုအကြီးကြီးရှိတယ်။ ပြီးတော့ ဖာပွန်နယ်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေက နယ်မြေကျွမ်းကျင်တယ်။ စုစည်းမှု အားကောင်းတယ် ဆိုတဲ့အခါကျတော့ စကမဘက်က ရှေ့မတိုးနိုင်ဘဲ ဖြစ်နေတယ်လို့ ကျနော်တို့က ယူဆတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးတာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဖာပွန်၊ ကတိုင်တိ၊ ဖားပေါင်၊ ကပ်ကျော်၊ မီဇိုင်း၊ ဝါးကော်၊ ဝါးသိုခို စတဲ့ ဖာပွန်ကားလမ်းမကြီး အနီးအနားကျေးရွာက ဒေသခံပြည်သူ ၂၀,၀၀၀ ကျော်ဟာ မြိုင်ကြီးငူ၊ ကမမောင်း၊ ဘားအံမြို့နဲ့ ဘေးလွတ်ရာ ဆွေမျိုးတွေဆီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။











