
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နမ်းသြကျေးရွာမှာ အောက်တိုဘာ ၁၃ ရက်ည ၈ နာရီအချိန်မှာ ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (ပအမဖ) ပါတီမဲဆွယ်စည်းရုံးဟောပြောပွဲမှာ ကျောက်ခဲနဲ့ ပစ်ပေါက်ခံရလို့ ဟောပြောပွဲလာရောက်နားထောင်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
မှောင်နေချိန်ဖြစ်တဲ့အတွက် ကျောက်ခဲကို မည်သူမည်ဝါပစ်ပေါက်တယ်ဆိုတာ မသိရသေးဘဲ ကျောက်ခဲထိတဲ့ အမျိုးသမီး တဦး ခေါင်းကွဲသွားတယ်လို့ နမ်းသြကျေးရွာ လူငယ်အမျိုးသမီးခေါင်းဆောင် နန်းစုကြည်က ပြောပါတယ်။
“မှောင်နေတဲ့အချိန်လည်းဖြစ်တယ်၊ ပြီးတော့ ကျမတို့ရွာက ပအမဖ ပါတီအကြောင်း ကောင်းကောင်းသေချာမသိတာကြောင့် အထင်လွဲတာ ရှိတယ်။ ပြဿနာလာရှာတဲ့သူက ရွာထဲကလား၊ တခြားရွာကလား ဆိုတာစုံစမ်းနေတုန်း မတွေ့သေးဘူး” လို့ ပြောပါတယ်။
ကျေးရွာမှာ နေ့ခင်းအလုပ်များတဲ့ အချိန်ဖြစ်တဲ့အတွက် ပ.အ.မ.ဖ ပါတီအနေနဲ့ ပြည်သူတွေအားတဲ့အချိန်ဖြစ်တဲ့ မနက်ပိုင်းစောစောနဲ့ ညနေ အလုပ်ပြန်တဲ့အချိန်မှာ သွားရောက်မဲဆွယ်စည်းရုံးမှု ပြုလုပ်တာလို့ သိရပါတယ်။
ခွန်ရာဇာ











