DVB Logo
Home
ဆောင်းပါး
လယ်၊ မြေတွေ ပြန်ရနိုင်မလား
DVB
·
July 18, 2013
လယ်၊ မြေတွေ ပြန်ရနိုင်မလား
Donate to DVB

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ထောင်စုလွှတ်တော်ထဲမှာ လယ်ယာမြေ သိမ်းဆည်းခံရမှုပြဿနာ အမြန်ဖြေရှင်းပေးဖို့ စစ်တပ်နဲ့ အစိုးရကို တိုက်တွန်းတဲ့အဆိုတခု ဆွေးနွေးခဲ့ပါတယ်။ လွှတ်တော် သမိုင်းမှာ စံချိန်တင်ရလောက်အောင် အမတ် ၄၅ ယောက်က အရင်စစ်အစိုးရနဲ့ စစ်တပ်ရဲ့ လယ်နဲ့ မြေသိမ်းလုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီး ၄ ရက်တိတိ ဆွေးနွေးပြောဆိုရတဲ့ အဆိုလည်း ဖြစ်ခဲ့ပါတယ်။ လွှတ်တော်မှာ အမတ်တွေ ဘယ်လောက် အတိုင်းအတာအထိ ဆွေးနွေးခဲ့ကြသလဲ၊ လယ်သမားတွေကရော လယ်တွေ ပြန်ရတော့မလားဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားပါမယ်။

[caption id="attachment_25955" align="alignright" width="300" caption="အသိမ်း​ခံရ​သော လယ်ယာ​မြေများ​"][/caption]

ပြဿနာအရင်းခံက ဒီလိုပါ။ လွှတ်တော်မှာ လယ်ယာမြေ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မတီဖွဲ့တာ၊ အဲဒီအဖွဲ့တွေ ကွင်းဆင်း စုံစမ်းစစ်ဆေးတာ၊ အစီရင်ခံစာ ပြုစုတာ၊ သက်ဆိုင်ရာ စစ်တပ်နဲ့ အစိုးရအဖွဲ့ဆီ အကြောင်းကြားတာတွေကို ပြီးခဲ့တဲ့နှစ်ကတည်းက စ လုပ်ခဲ့ပါတယ်။ လယ်ယာမြေ သိမ်းဆည်းခံရတဲ့ပြဿနာကလည်း တနိုင်ငံလုံးလို့ ပြောရလောက်အောင် များပြားတာမို့ အပိုင်းပိုင်းခွဲပြီး အစီရင်ခံစာ ပြုစုထားတာ ခုဆို ၂ ပိုင်းရှိသွားပါပြီး။ လွှတ်တော်အနေနဲ့ တဖက်က အစီရင်ခံစာပြုစု၊ တဖက်က စစ်တပ်နဲ့ အစိုးရကို လယ်တွေပြန်ပေးရေးကိစ္စ အကြောင်းကြား တိုက်တွန်းတာတွေ လုပ်ခဲ့ပေမယ့် အာဏာပိုင်တွေဘက်က လယ်ပြန်ပေးရေး နှောင့်နှေးကြန့်ကြာနေတဲ့အတွက် အမတ်တွေလည်း သိက္ခာကျလာပါတယ်။ တဖက်မှာလည်း စစ်တပ်နဲ့ အစိုးရက သူတို့လယ်ယာမြေတွေကို တကယ်ပြန်ပေးမယ်လို့ မယုံကြည်တော့တဲ့ လယ်သမားတွေကလည်း ထွန်တုံးတိုက်ပွဲ ဆင်နွှဲလာပြီမို့ ပြဿနာကို အမြန် မဖြေရှင်းရင် မဖြစ်တော့တဲ့အခြေအနေ ရောက်လာပါတယ်။ ဒါကြောင့် ဒီကိစ္စ စစ်တပ်နဲ့ အစိုးရက အမြန်ဖြေရှင်းပေးဖို့ လွှတ်တော်က အဆိုတင် ဆွေးနွေး တိုက်တွန်းရတဲ့ အခြေအနေ ရောက်ခဲ့တာပါ။

လွှတ်တော်အစည်းအဝေး ၄ ရက်အတွင်း အမတ်တွေ ပြောဆိုခဲ့တာတွေကတော့ အတော်ကြမ်းပါတယ်။ ဝေသာလီပြည်ထဲ ဘီလူးဝင်သလိုပဲဆိုပြီး လယ်သိမ်းတဲ့ကိစ္စ စစ်တပ်ကို ဘီလူးနဲ့ ခိုင်းနှိုင်းပြောတာကို ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးဝေလွင်ကတောင် စိတ်မကောင်းဘူးလို့ ထုတ်ဖော်ပြောဆိုပါတယ်။ သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမြင့်ဦးကလည်း လယ်ယာမြေသိမ်းဆည်းခံရမှုကို သွားစစ်ဆေးတဲ့အခါ ကုမ္ပဏီတွေက လိမ်လည်၊ အုပ်ချုပ်ရေးပိုင်းက ဖုံးဖိ၊ ဌာနဆိုင်ရာကလည်း ဖာထေးပေးပြီး အုပ်စုလိုက် အနုကြမ်းစီးသလို လုပ်နေကြတယ်၊ လယ်ယာမြေကို ဓားပြတိုက်သလို လုပ်နေကြတယ် ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။ သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်ကလည်း စစ်တပ်ဟာ တိုင်းပြည်ကို စစ်အုပ်ချုပ်ရေး မာရှယ်လောနဲ့ အုပ်ချုပ်နေချိန်မို့ ဘာဥပဒေမှ ဂရုစိုက်စရာ မလိုဘူးဆိုတဲ့ပုံစံနဲ့ လယ်သိမ်း မြေသိမ်းတွေ လုပ်ပြီး ကိုယ်ကျိုး ရှာခဲ့ကြောင်း ပြောဆိုပါတယ်။

မြန်မာနိုင်ငံကို စစ်အာဏာရှင်တွေ အုပ်ချုပ်ထားစဉ် စစ်တပ်နဲ့ အစိုးရက လယ်နဲ့ မြေတွေ ဘယ်လောက်သိမ်းခဲ့သလဲဆိုတာ စာရင်းအမှန်ရဖို့ မလွယ်ပါဘူး။ စုံစမ်းရေးကော်မရှင်ဆီ ရောက်လာတဲ့ တိုင်စာတွေအနက် ကာကွယ်ရေးဝန်ကြီးဌာနကို ပေးတဲ့ တိုင်စာ ၆၅၅ စောင်မှာကိုပဲ သိမ်းထားတဲ့လယ်ဧက ၃ သိန်းနီးပါးရှိတယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးဝေလွင်က ပြောပါတယ်။ ဒီ လယ်တွေကိုသိမ်းခဲ့တာ နိုင်ငံ့လိုအပ်ချက်နဲ့ တပ်မတော် လိုအပ်ချက်အရ သိမ်းခဲ့တာပါလို့ အရင်အာဏာရှင်ခေတ် ဓားပြဆန်တဲ့လုပ်ရပ်ကို သူက ကာကွယ်ပြောဆိုပါတယ်။ သိမ်းထားတဲ့ အဲဒီလယ်၊ မြေတွေနဲ့ ပတ်သက်ပြီး သူတို့ တပ်ရင်းတပ်ဖွဲ့ဧရိယာနဲ့ တဆက်စပ်တည်း ရှိတာတွေ၊ လုံခြုံရေးအရ လိုအပ်တာတွေကိုတော့ ပြန်မပေးတော့ဘူးလို့ ဆိုပါတယ်။ တချို့လယ်နဲ့ မြေတွေကတော့ တဆက်စပ်တည်း မဟုတ်ပေမယ့် ပြန်ပေးလို့ မရဘူး၊ ဒါပေမယ့် လယ်သမားတွေကို အခမဲ့ လယ်စိုက်ခွင့်ပေးမယ်၊ စိုက်ပျိုးစားရိတ်ချေးငွေလည်း ထုတ်ချေးပေးမယ်လို့ ဆိုပါတယ်။ လယ်မြေ နည်းနည်းပါးပါးလောက်ကိုပဲ သူ့နဂိုပိုင်ရှင်တွေဆီ ပြန်ပေးမယ်လို့ ကတိပေးပါတယ်။ တကယ်တော့ အဲဒီ လယ်မြေဟာ ဧက ထောင်ဂဏန်းလောက်ပဲ ရှိနိုင်ပြီး စစ်တပ်က သိမ်းထားတဲ့ သိန်းနဲ့ချီတဲ့ လယ်မြေဧရိယာနဲ့ နှိုင်းရင်ယှဉ် အလွန်နည်းနေပါတယ်။

အခြားပြည်ထဲရေး၊ လယ်ယာစိုက်ပျိုးရေးနဲ့ အစိုးရအဖွဲ့ကလည်း မလိုအပ်တဲ့ လယ်ယာမြေတွေ ပြန်ပေးမယ်။ ကုမ္ပဏီတွေလက်ထဲ ရောက်သွားတာတွေကိုလည်း ပြေလည်အောင် ညှိနှိုင်းပေးသွားမယ်ဆိုပေမယ့် တိကျတဲ့မူဘောင်တခု သတ်မှတ်ပြီး လုပ်ပေးမယ်ဆိုတာမျိုး၊ တိကျတဲ့အချိန်ဇယား ရေးဆွဲပြီး လုပ်ပေးမယ် ဆိုတာမျိုး၊ လက်ရှိ ကိုယ့်လယ် ကိုယ်ထွန်လို့ ဖမ်းဆီးထားသူတွေနဲ့ တရားစွဲခံထားရသူတွေကို လွှတ်ပေးမယ်ဆိုတာမျိုး ဘာကတိ တခုမှတော့ ပေးမသွားပါဘူး။

အားလုံးကို ခြုံငုံကြည့်လိုက်ရင် လယ်သမားနည်းနည်းပါးပါးလောက်ပဲ သူတို့လယ်မြေ ပြန်ရကြမှာဖြစ်ပြီး အများစုကြီးကတော့ သူတို့လယ်နဲ့ မြေတွေ ပြန်ရဖို့ မဖြစ်နိုင်သလို အသုံးပြုထားတာတွေအတွက် သင့်တော်တဲ့ လျော်ကြေး ပြန်ရဖို့လည်း သိပ်ပြီး မျှော်လင့်လို့ မရနိုင်သေးပါကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013