DVB Logo
Home
မြန်မာသတင်း
လူဦးရေနည်းသော်လည်း ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်မှု ပြင်းထန်သည့် ကယားပြည်နယ်
DVB
·
October 13, 2020
လူဦးရေနည်းသော်လည်း ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်မှု ပြင်းထန်သည့် ကယားပြည်နယ်
Donate to DVB

လူဦးရေ ၃ သိန်းလောက်သာရှိတဲ့ ကယားပြည်နယ်မှာ လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၃၄ နေရာစလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ ၆ ခုနဲ့ ကိုယ်စားလှယ်လောင်းပေါင်း  ၂၇၀ ကျော်အထိ ရှိနေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) နဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) နဲ့ ကယန်းပါတီတို့မဟာမိတ်ပြုလုပ်ထားတဲ့ ပြည်နယ်အခြေစိုက်ပါတီတို့က မဲဆန္ဒနယ် ၃၄ နေရာစလုံးမှာ ဝင်ရောက်ယှည်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ကယားပြည်နယ်မှာ နိုင်ငံရေးပါတီ ၁၃ ပါတီနဲ့ တစ်သီးပုဂ္ဂလ ၁၃ ဦးအပါအဝင် ကိုယ်စားလှယ်လောင်း ၂၇၂ ဦးအထိ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး အဆိုပါ ပါတီ ၆ ခုက နေရာပြည့်ဝင်ရောက်ယှဉ်ပြိုင်ကြတာဖြစ်ပါတယ်။

ဒါကြောင့် မဲဆန္ဒနယ်တခုမှာ ဝင်ပြိုင်မယ့်  ကိုယ်စားလှယ်လောင်း ၈ ဦးကနေ ၉ ဦးအထိ ရှိသလို အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အတွက် တချို့မြို့နယ်တွေမှာ ကိုယ်စားလှယ်လောင်း ၁၂ ဦးအထိ ရှိနေ တာကိုတွေ့ရပါတယ်။

ဒီလိုလူဦးရေနည်းပေမယ့် ပါတီအများကြီးက လာရောက်ယှဉ်ပြိုင်ရတာဟာ လူဦးရေနည်းပြီး အနိုင်ရဖို့ လွယ်ကူတာကြောင့် ဖြစ်တယ်လို့  LAIN နည်းပညာ အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ထင်အောင်က ပြောပါတယ်။

“ကျနော်တို့ပြည်နယ်မှာ ၃၄ နေရာရဲ့ ထက်ဝက် ၁၇ နေရာ ကျော်သည်၊ မဲဆန္ဒနယ်မြေသည် မဲပေးပိုင်ခွင့်ရှိသူဦးရေ တစ်သောင်းမပြည့်ပါဘူး။ အဲဆိုတော့ နယ်မြေဧရိယာလည်းကျဉ်းတယ်။ မဲပေးပိုင်ခွင့်ရှိသူ လူဦးရေလည်း နည်းတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ အခုလို ပါတီတွေ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ စိတ်ဝင်စားမှုပိုမိုမြင့်တက်ပြီးတော့မှ လာရောက်ယှဉ်ပြိုင်တယ်ဆိုတဲ့အခြေအနေမျိုးကို ကျနော်တို့တွေ့ရပါတယ်။  ”

၂၀၁၅ ရွေးကောက်ပွဲတုန်းက ပါတီ ၁၁ ပါတီနဲ့ တသီးပုဂ္ဂလအပါအဝင် ကိုယ်စားလှယ်လောင်း ၂၂၅ ဦးသာရှိခဲ့ပြီး  အခု ၂၀၂၀ ရွေးကောက်ပွဲမှာ ၂ ပါတီတိုးလာတဲ့အတွက် ပါတီ ၁၃ ပါတီ၊  တသီးပုဂ္ဂလ ကိုယ်စားလှယ် ၁၃ ဦးအပါအဝင် ကိုယ်စားလှယ်လောင်း ၂၇၂ ဦး တိုးလာတာခဲ့ပါတယ်။

ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲထက်စာရင် အခု ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း  ၄၇ ဦး တိုးလာတာဖြစ်ပါတယ်။

နယ်မြေကျဉ်းပြီး လူဦးရေနည်းတဲ့ကယားပြည်နယ်ကို နိုင်ငံရေးပါတီကအားကျတဲ့ နေရာဖြစ်တဲ့အတွက် လာမယ့်ရွေးကောက်ပွဲမှာ ကော်မရှင်က ဘယ်လောက်ထိ မျှတအောင်ဆောင်ရွက်ပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်တယ်လို့ ဦးကျော်ထင်အောင်က ပြောပါတယ်။

“နယ်မြေဧရိယာကျဉ်းတယ်၊ မဲပေးပိုင်ခွင့်နည်းတယ်၊ ကိုယ်စားလှယ်ဖြစ်ဖို့အတွက် ကျန်တဲ့မဲဆန္ဒနယ်တွေထက် လွယ်ကူတယ်ပေါ့။ ၇ မြို့မှာ အမျိုးသားလွှတ်တော်လို ဟာမျိုးဆိုရင် ၁၂ နေရာရတဲ့အတွက် မြို့ကြီး ၅ မြို့မှာ တမြို့ကို မဲဆန္ဒနယ် ၂ နေရာရတယ်။ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်မှာဆိုရင် ၅ မြို့နယ်မှ ၁ နေရာ၊ လူဦးရေအနေနဲ့ဆိုရင်လည်း ကယားပြည်နယ်တခုလုံး စာပေါ့နော်၊ သုံးသိန်းကျော်ကျော်အထိရမှသာလျှင် ကိုယ်စားလှယ် တစ်ဦးရဲ့မဲ ဆန္ဒနယ်မြေမှာရှိနေတဲ့ အတိုင်းအတာနဲ့ဆိုတော့ ကျနော်တို့ဆီမှာက ငါးထောင် မပြည့်တဲ့ မဲဆန္ဒနယ်ဆိုရင်လည်း ၄ နေရာလောက်ရှိတယ်ဆိုတဲ့ အခြေအနေ၊ တစ်သောင်း မပြည့်တာအားလုံးပေါင်းဆိုရင်လည်း ၁၉ နေရာ လောက်အထိရှိပါတယ်ခင်ဗျာ။ အဲဒီအတွက်ကြောင့်မို့လို့ ကျနော်တို့ပြည်နယ်သည် စိတ်ဝင်စားမှုခံနေရတယ်၊ ဒါပေမဲ့ ဒီအပေါ်မှာ ဘယ်လောက်ထိ တရားမျှတမှုရှိအောင်  ကယားပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကရော၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပါ၊ ထိန်းကျောင်းနိုင်မယ်ဆိုတာမျိုးကိုတော့ ကျနော်တို့ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။ ”

အခု တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၃ ဦးထဲက ၅ ဦးဟာလည်း ဖရူဆိုမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြတာကိုတွေ့ရပါတယ်။

ကယားပြည်နယ်မြို့နယ်အသီးသီးကနေ  တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကတော့ လွိုင်ကော်မြို့နယ်မှာ ၁ ဦး၊ ဒီးမော့ဆိုမြို့နယ်မှာ ၁ ဦး၊ ဖရူဆိုမြို့နယ်မှာ ၅ ဦး၊ ဘောလခဲမြို့နယ်မှာ ၁ ဦး၊ ဖားဆောင်းမြို့နယ်မှာ ၂ ဦး၊ မယ်စဲမြို့နယ် ၂ ဦးနဲ့   ရှားတောမြို့နယ် ၁ ဦး  စုစုပေါင်း ၁၃ ဦး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ရွေးကောက်ပွဲမှာဆိုရင် ကယားပြည်နယ်ရှိ မဲဆန္ဒနယ် ၃၄  နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က  ၂၆ နေရာအနိုင်ရခဲ့ပြီး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ က ၇ နေရာ၊ တသီးပုဂ္ဂလ ၁ နေရာ အနိုင်ရရှိခဲ့ကြပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက်  ကယားပြည်နယ် တပြည်နယ်လုံးမှာ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ မဲဆန္ဒပေးပိုင်ခွင့်ရှိသူပေါင်း ၂၀၇,၂၆၇ ရှိပြီး အမျိုးသမီးမဲပေးပိုင်ခွင့်ရှိသူ ၁၀၅,၄၁၉ ဦးရှိတယ်လို့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရဲ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013