DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်က ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ၁ ဦး ပယ်ဖျက်ခံရ
DVB
·
October 12, 2020
ကယားပြည်နယ်က ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ၁ ဦး ပယ်ဖျက်ခံရ
Donate to DVB

ကယားပြည်နယ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်း တစ်ဦးကို ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်လိုက်ပါတယ်။

ပယ်ဖျက်ခံရသူကတော့  မယ်စဲမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၂) မဲဆန္ဒနယ်မှာ ကြံ့ခိုင်ရေးပါတီကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးနှင်းဝေဖြစ်ပြီး သူဟာ နိုင်ငံသားဖခင် မဟုတ်ကြောင်း စိစစ်တွေ့ရှိလို့ ပယ်ဖျက်တာလို့  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ကယားပြည်နယ်အတွင်းရေးမှူး ဦးကျော်ဆန်းဝင်းက ပြောပါတယ်။

“ သူကတော့ ဥပဒေပုဒ်မ ၈ (ခ)၊ ၁၀ (င) နဲ့ ငြိလို့ပေါ့နော်။ သူကတော့ အဓိက လဝကက စိစစ်တာပေါ့။ လဝကက စိစစ်တဲ့အချိန်မှာ သူက မွေးဖွားစဉ်က ၈(ခ) နဲ့ ၁၀ (င)ပေါ့၊ ၈ (ခ)က နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်သည်ပေါ့။ ဒါနဲ့တချက်ငြိတယ်။ နောက်ပြီးတော့မှ ပုဒ်မ ၁၀ (င)ပေါ့။ မွေးဖွားစဉ်က နိုင်ငံသားမဖြစ်သေးသော မိဘတပါးပါးမှဖြစ်စေ၊ နှစ်ပါးလုံးမှဖြစ်စေ မွေးဖွားသည့်နိုင်ငံသားပေါ့။ အဲတော့ လဝက ကနေပြီးတော့မှ ပြန်စိစစ်တဲ့အချိန်မှာ ဦးနှင်းဝေရဲ့အဖေပေါ့၊ အဖေက အဲဒီအချိန်မှာ သူက တရုတ်နိုင်ငံသား FRC လက်မှတ်ကိုင်ဆောင်ထားသူဖြစ်ကြောင်းပေါ်ပေါက်တဲ့အတွက် ဒါကို ပြည်ထောင်စု လဝက ဝန်ကြီးဌာနကနေ UEC ကို ပို့တဲ့အတွက် UEC ကနေပြန်ချပေးတဲ့အတွက် ပြန်စိစစ်တဲ့အချိန်မှာ မှန်ကန်တဲ့အတွက် ဒီဥစ္စာကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အစည်းအဝေးဆုံးဖြတ်ချက်နဲ့ အစည်းအဝေးထိုင်ပြီးတော့မှ ပုဒ်မ ၈(ခ) နဲ့ ၁၀ (င) အဲဒီနှစ်ခုနဲ့ ငြိစွန်းတဲ့အတွက် သူတို့က ဒါကိုပယ်ဖျက်ဖို့အတွက် သဘောတူဆုံးဖြတ်တယ်။ ဒါကို ပြည်နယ်အဖွဲ့ခွဲကိုတင်တာပေါ့နော်။ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲကတော့ ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၃၆ (ဃ)အရ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ ဆုံးဖြတ်ချက်ကို ပြည်နယ်ကော်မရှင်အဖွဲ့ခွဲက အတည်ပြုပေးလိုက်တယ်။ ”

ဦးနှင်းဝေကို အောက်တိုဘာလ ၃ ရက်နေ့ ကိုယ်စားလှယ်လောင်းအမည်စာရင်းကနေ ပယ်ဖျက်လိုက်တာဖြစ်ပြီး သက်ဆိုင်ရာ ခရိုင်ဆီကိုလည်း အကြောင်းကြားထားပြီးဖြစ်တယ်လို့လည်း ပြောပါတယ်။

ဦးနှင်းဝေ ဝင်ပြိုင်မယ့် မယ်စဲမြို့နယ် တိုင်းဒေသကြီးလွှတ်တော်  မဲဆန္ဒနယ်အမှတ် ၂ ဟာ  အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်း ကယားဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို ယှဉ်ပြိုင်မယ့်နေရာလည်းဖြစ်ပါတယ်။

ဦးနှင်းဝေဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ အဆိုပါ မဲဆန္ဒနယ်မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။

၂၀၁၀ မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပြီးမှ အခု ၂၀၂၀ မှာ မိဘက နိုင်ငံသားမဟုတ်လို့ ပယ်ဖျက်ခံရတာနဲ့ပတ်သက်လို့  ကော်မရှင်အဖွဲ့ခွဲက ကယားပြည်နယ်အတွင်းရေးမှူး ဦးကျော်ဆန်းဝင်းက “ အဲတုန်းကတော့ လဝက စိစစ်တာ အားနည်းလို့ပေါ့။ ” လို့ပြောပါတယ်။

ခုလိုကိုယ်စားလှယ်လောင်းဖြစ်ကနေ ပယ်ဖျက်ခံရတာနဲ့ ပတ်သက်ပြီး တရားဝင်အကြောင်းကြားစာ မရှိသေးကြောင်းနဲ့ ဖုန်းနဲ့သာ ဒီကနေ့ညနေ ၅ နာရီကအကြောင်းကြားလာကြောင်း ဦးနှင်းဝေက ဒီဗွီဘီကို ပြောပါတယ်။ 

“ ဘာအချက်နဲ့ ကျနော့်ကို ပယ်ဖျက်တာလဲ၊ စာရွက်စာတမ်း အထောက်အထား ကျနော့်ကို ကျနော်သိရှိချင်တယ်ပေါ့။ အဲလိုပဲ အကြောင်းပြန်လိုက်တယ်ပေါ့ ကော်မရှင်ကို၊ နောက်ဘယ်သူက စိစစ်ချက်ကျော်လွန်ပြီးမှ ကျနော်တို့ကို ဒီအချိန်မှာ ဘယ်သူက တိုင်ကြားတာလဲပေါ့။ ကျနော်တို့ကလည်း အဲဒါကို သိချင်လို့ အဲဒါလေးကို တိတိကျကျ ကျနော့်ကိုတော့အကြောင်းပြန်ဖို့အတွက် ၊ အဲဒီအပေါ်မှာ ကော်မရှင်ရဲ့အဆုံးအဖြတ်ကိုတော့ ကျနော် မလွန်ဆန်ပါဘူး။ ”

ဒါ့အပြင် ကိုယ်စားလှယ်လောင်း စိစစ်ရက်တုန်းက ကန့်ကွက်သူမရှိဘဲ တင်ပြီး ကိုယ်စားလှယ်လောင်းအဖြစ်ကျလာပြီးမှ ပြန်လည်ပယ်ဖျက်ခံရတာလို့ဆိုပါတယ်။

ကိုယ်စားလှယ်လောင်းအဖြစ် ပယ်ဖျက်ခံရပေမယ့် မယ်စဲမြို့နယ်ရဲ့ ပါတီဥက္ကဋ္ဌ အဖြစ်ရော အောင်နိုင်ရေးဥက္ကဋ္ဌ တာဝန်ပါ ယူထားတဲ့အတွက်  ပါတီအောင်နိုင်ရေးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း  ဦးနှင်းဝေက ဒီဗွီဘီကိုပြောပါတယ်။ 

ဓာတ်ပုံ -Sai Hnin Wai

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013