
ရန်ကုန်မြို့ရှိ ပြည်သူလူထုတွေ ဖျားနာခြင်း၊ အနံ့ပျောက်ခြင်းစတဲ့ ကိုဗစ်-၁၉ လက္ခဏာတွေ ခံစားရပါကလာရောက်ပြသဖို့နဲ့ COVID-19 Rapid Diagnostic Test(RDT)နဲ့ စစ်ဆေးပေးနိုင်ဖို့ Testing Centre တစ်ခုကို သုဝဏ္ဏအားကစားကွင်းမှာ ဖွင့်လှစ်မယ်လို့ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနက ကြေညာပါတယ်။
အဆိုပါTesting Centre ကို ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနဲ့ ဧရာဝတီဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လာရောက်ပြသမယ်ဆိုရင် တယ်လီဖုန်း(သို့မဟုတ်) အွန်လိုင်းကတဆင့် မှတ်ပုံတင်ကာ လူနာနံပါတ်တစ်ခု ကြိုတင်ရယူထားရ မှာပါ။
လူနာရဲ့အခြေအနေအပေါ်မူတည်၍ ပြသမဲ့နေ့ရက်နဲ့ အချိန်ကို သတ်မှတ်ပေးမှာဖြစ်ပါတယ်။
လာရောက်ပြသချိန်တွင် RDT နဲ့ စစ်ဆေးဖို့လိုအပ်လျှင် ချက်ချင်းစစ်ဆေးပြီး ဓာတ်ခွဲအဖြေပေါ် မူတည်ကာ ဆက်လက်ကုသခြင်း၊ Quarantine ထားရှိတာတွေ ပြုလုပ်သွားမယ်လို့ဆိုပါတယ်။
ဒီစင်တာအတွက် မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာဆရာဝန်များအသင်း၊ ပုဂ္ဂလိကဆေးရုံများမှ စေတနာ့ဝန်ထမ်း၊ ကျန်းမာရေးပညာရှင်တွေနဲ့ တခြား Quarantine Centre တွေက စေတနာ့ ဝန်ထမ်းတွေ စုစုပေါင်း အယောက် ၄၀ လောက် ပါဝင်ကူညီသွားမယ်လို့ သိရပါတယ်။
သတင်း - အိသဇင်ခိုင်၊ ဓာတ်ပုံ - YgnRHD










