DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကြောင့် မြန်မာ့ရုပ်ရှင်ရာပြည့်ပွဲတော်ကို အွန်လိုင်းရုပ်ရှင်ပွဲတော်အဖြစ် ကျင်းပမည်
DVB
·
October 12, 2020
ကိုဗစ်-၁၉ ကြောင့် မြန်မာ့ရုပ်ရှင်ရာပြည့်ပွဲတော်ကို အွန်လိုင်းရုပ်ရှင်ပွဲတော်အဖြစ် ကျင်းပမည်
Donate to DVB

မြန်မာ့ရုပ်ရှင်ဟာ အာရှဒေသတွင်း သက်တမ်းအရှည်ကြာဆုံးသော ရုပ်ရှင်လောက တွေထဲက တခုဖြစ်ပြီး လာမယ့် အောက်တိုဘာလ ၁၃ ရက်နေ့မှာတော့ သက်တမ်းနှစ် ၁၀၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာ့ ပထမဦးဆုံးသော ရုပ်ရှင်ကားကတော့ ၁၉၂၀ ခုနှစ်က ဦးထွန်းရှိန် (ဝိုင်အမ် ဘီအေ ခေါင်းဆောင်နဲ့ အမျိုးသားရေးရှေ့နေ)ရဲ့ နာရေးအခမ်းအနားကို သက်ဝင်ပေါ်လွင်အောင် ရိုက်ကူး ထားတဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်ပြီး နောက်ပိုင်းနှစ်တွေမှာတော့ ရုပ်ရှင်ဟာ မြန်မာ့အမျိုးသားရေး နိုးကြားတက်ကြွလာစေဖို့ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။

အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနားကတော့ လတ်တလော ကမ္ဘာ့နိုင်ငံတွေအနှံ့ ဖြစ်ပွားနေဆဲ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရုပ်ရှင်ရုံကြီးတွေမှာ လူထု ပရိသတ်နဲ့ ခမ်းခမ်းနားနား မကျင်းပနိုင်တော့ပဲ အွန်လိုင်းရုပ်ရှင်ပွဲတော်အနေနဲ့ ကျင်းပဖို့ ဖြစ်လာခဲ့တာပါ။

လတ်တလောမှာတော့ ရုပ်ရှင်တေး သီချင်းအပုဒ် ၁၀၀ ကို မြန်မာ့ရုပ်မြင်သံကြား ကနေ အပတ်စဉ် ထုတ်လွှင့်ပြသပေးနေတာတွေ၊ ဉာဏ်စမ်းပဟေဠိအစီအစဉ်တွေ၊ ရုပ်ရှင် ဇာတ်လမ်းတိုပြိုင်ပွဲတွေအပါအဝင် တခြားလှုပ်ရှားမှုတွေလည်း လုပ်ဆောင်နေပါတယ်။

မြန်မာ့ရုပ်ရှင်ရာပြည့်ဝက်ဘ်ဆိုက်ဒ်-https://www.myanmarfilm100anniversary.com.mm/ နဲ့ Myanmar Film 100th Anniversary အမည်နဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေကိုလည်း ဖွင့်လှစ်ထားခဲ့ပြီး အချိန်နဲ့ တပြေးညီ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

အွန်လိုင်းရုပ်ရှင်ပွဲတော်မှာတော့  Mahar နဲ့ Cookie တို့လို မိုဘိုင်းအပလီကေးရှင်း တွေကတဆင့် မြန်မာရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားပေါင်းများစွာကို လာမယ့် အောက်တို ဘာလ ၃၁ ရက်နေ့အထိ အခမဲ့ ကြည့်ရှုနိုင်မယ့်အစီအစဉ်တွေပါဝင်မှာဖြစ်သလို ပြည်တွင်းရုပ်သံလိုင်းတွေ ကလည်း မြန်မာ့ရုပ်ရှင်ကားကောင်းတွေကို ထုတ်လွှင့်ပြသနေကာ တခြား ထူးခြားတဲ့ အစီအစဉ်တွေ ကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ရာပြည့်အထိမ်းအမှတ်အနေနဲ့ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကိုလည်း ပြန်လည်မွမ်းမံမှုတွေနဲ့ အချိန်နှစ် ၁၀၀ ကာလအတွင်း ထင်ရှားအောင်မြင်ခဲ့ကြတဲ့ အနုပညာရှင်တွေရဲ့ ပုံရိပ်တွေကိုလည်း ပြသထားခဲ့တာ ဖြစ်ပါတယ်။

အစပိုင်းကတော့ နှစ် ၁၀၀ ပြည့်ပွဲတော်နဲ့အတူ နှစ်စဉ်ကျင်းပနေကျ မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲကိုပါ တပြိုင်တည်း ခမ်းခမ်းနားနား ကျင်းပဖို့ ရည်ရွယ်ခဲ့တာဖြစ်ပေ မယ့်  ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြောင့် လတ်တလောမှာတော့ ရွှေ့ဆိုင်းထားခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့ပြီး လတ်တလောမှာတော့ ရခိုင်ပြည်နယ်က တကျော့ပြန် ကူးစက်မှု တွေနဲ့အတူ ရောဂါပိုးတွေ့လူနာတွေ၊ သေဆုံးမှုတွေ မြင့်တက်လာနေခဲ့တာမို့ ကျောင်းတွေ၊ စက်ရုံအလုပ်ရုံတွေအပါအဝင် ရုပ်ရှင်ရုံတွေ၊ ရိုက်ကူးရေး လုပ်ငန်းတွေကိုပါ လနဲ့ချီ ရပ်ဆိုင်းထားခဲ့ ရတာ ဖြစ်ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ အောက်တိုဘာ လ ၁၁ ရက်နေ့ ည ၈ နာရီထုတ်ပြန်ချက်အရ တနိုင်ငံလုံးမှာ ကိုဗစ် -၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၂၇,၉၇၄ ယောက်ရှိလာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၆၄၆ ယောက် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013