DVB Logo
Home
နိုင်ငံရေး
အမျိုးသမီးတွေကို ဘာကြောင့် မဲပေးသင့်လဲ 
DVB
·
October 12, 2020
အမျိုးသမီးတွေကို ဘာကြောင့် မဲပေးသင့်လဲ 
Donate to DVB

အာရှဖောင်ဒေးရှင်းက လုပ်ထားတဲ့ စစ်တမ်းတစ်ခုကတော့  အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးကို မေးမြန်းထားတဲ့ စစ်တမ်းဖြစ်ပါတယ်။ ဒီစစ်တမ်းအရဆိုရင်တော့  နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါဝင်မှုကို အဓိကဟန့်တားနေတဲ့ နံပတ်တစ် အတားအဆီးက အမျိုးသမီး မဲဆန္ဒရှင်တွေဆီက ပံ့ပိုးမှု မရရှိခြင်း ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီလို ဖြေဆိုထားတဲ့ ပမာဏ ၈၂ % ရှိနေပါတယ်။ နိုင်ငံရေးနယ်ပယ်ကို အမျိုးသမီးတွေ ဝင်ရောက်ဖို့ ဟန့်တားနေတဲ့ ဒုတိယအချက်ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။ အဲဒီလို ဖြေဆိုထားတဲ့ ပမာနကတော့  ၈၀  ရာခိုင်နှုန်းက လောက် ရှိနေပါတယ်။  ယုံကြည်မှုမရှိတဲ့အတွက်၊ အထူးသဖြင့် မဲဆွယ်ကာလတွေမှာ အခက်အခဲတွေ ရှိနေတာမျိုးလို့လည်း ဆိုထားပါတယ်။ အခြားအခက်အခဲတွေကတော့ ဓလေ့ထုံးတမ်းစဉ်လာတွေ၊ ကျား မ ခွဲခြားမှုတွေ ကြောင့်လို့သိရပါတယ်။ 

Myanmar Election Observation Network လို့ ခေါ်တဲ့ Rainmaker အဖွဲရဲ့ ၂၀၁၈ ခုနှစ်နောက်ပိုင်း ထုတ်ပြန်ထားတဲ့ အစီရင်ခံစာအရ ဆိုရင်လည်း ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း ၆၉ ယောက်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အတွက်  ဝင်ရောက် ယှဉ်ပြိုင်သူအရေအတွက်ရဲ့ ၁၀ ရာခိုင်နှုန်းဝန်းကျင်လောက်သာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးမှ အရွေးချယ်မခံရဘူးလို့လည်း အစီရင်ခံစာက ထုတ်ပြန်ထားပါတယ်။ ဒီစစ်တမ်းကို ကြည့်မယ်ဆိုရင် အမျိုးသမီးတွေ ကိုယ်တိုင်က အမျိုးသမီးတွေကို မရွေးချယ်ခဲ့ကြဘူးဆိုတဲ့ အချက်ကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။   

အမျိုးသမီးပါဝင်မှုနဲ့  ပထမအကြိမ်လွှတ်တော် 

၂၀၁၀ ရွေးကောက်ပွဲအပြီး ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် အဆင့်တွေမှာ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် ၄၄ ဦးသာ အနိုင်ရခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီ အပြတ်အသတ် အနိုင်ရခဲ့တဲ့အခါမှာတော့  ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၁၃ ဦး တိုးလာခဲ့ပါတယ်။  ၂၀၁၅ ခုနှစ် ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးတဲ့အခါမှာတော့  ပြည်ထောင်စု အဆင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အဆင့်တွေမှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ပါဝင်မှု ပိုအားကောင်းလာပြီး ၁၅၁ ဦး ရှိလာပါတယ်။ ဒါကြောင့် ပထမအကြိမ် လွှတ်တော်သက်တမ်းထက် သိသိသာသာ များပြားလာခဲ့ပါတယ်။ ဒါပေမဲ့လည်း  ကမ္ဘာ့နိုင်ငံ ပေါင်း ၁၉၃ နိုင်ငံနဲ့  ခြုံကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံဟာ အဆင့် ၁၅၉ မှာပဲ ရှိနေပါသေးတယ်။ 

အမျိုးသမီးနဲ့ အချိုးကျစနစ် 

အမျိုးသမီးရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေကတော့ အစိုးရကဏ္ဍ တခုစီမှာ အမျိုးသမီးများ ကိုယ်စားပြုမှုကို အနည်းဆုံး ၃၀ ရာခိုင်နှုန်းအထိ ပေးဖို့ တောင်းဆိုထားပါတယ်။ အစိုးရကလည်း အမျိုးသမီးတွေရဲ့ ကိုယ်စားပြုမှုကို မြှင့်တင်ပေးဖို့ ယေဘုယျအားဖြင့် သဘောတူထားပါတယ်။ ဒါပေမဲ့ နိုင်ငံရေးဦး ဆောင်မှုကဏ္ဍမှာ အမျိုးသမီး ကိုယ်စားပြုမှုကို အချိုးကျစနစ်နဲ့အကောင်အထည်ဖော်တာကိုတော့ လက်မခံသေးပါဘူး။ ဒါပေမဲ့လည်း မကြာခင် သက်တမ်းကုန်ဆုံးတော့မယ့် ဒုတိယအကြိမ် လွှတ်တော်မှာတော့  အမျိုးသမီးလွှတ်တော် အမတ် ၁၃ ရာခိုင်နှုန်း ဝန်းကျင် လောက် ရှိနေတဲ့အတွက် ပထမအကြိမ် ၆ ရာခိုင်နှုန်းထက် သိသိမြင့်မားလာတာကိုတော့ တွေ့ရမှာဖြစ်ပါတယ်။ 

အမျိုးသမီးပါဝင်ရေး တစိုက်မတ်မတ် တိုက်တွန်းနေတဲ့ အဖွဲ့အစည်းတွေကတော့ လွှတ်တော်ပိုင်းမှာ ယခင်ထက် နေရာပိုရလာတာကို သဘောကျပေမယ့်  နိုင်ငံရေးပါတီ ခေါင်းဆောင်ပိုင်းမှာ အမျိုးသမီးဦးရေ အလွန်နည်းနေသေးတဲ့ အပိုင်းကိုတော့ ထောက်ပြနေကြဆဲ ဖြစ်ပါတယ်။ အလားတူပဲ ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီကို လေ့လာကြည့်မယ် ဆိုရင်လည်း ၉၀ ရာခိုင်နှုန်းဟာ အမျိုးသားတွေ ဖြစ်နေပါတယ်။ ပြည်နယ်၊ တိုင်းနဲ့ ခရိုင်အဆင့်မှာလည်း ခေါင်းဆောင်ပိုင်းမှာ အမျိုးသမီးဦးရေဟာ ၆ ရာခိုင်နှုန်းသာရှိနေတဲ့အချက်နဲ့  ဝန်ကြီးနဲ့ ဒုဝန်ကြီးအဆင့်မှာလည်း အမျိုးသမီးပါဝင်မှု သိသိသာသာ နည်းပါးနေသေးတာကို ထောက်ပြကြပါတယ်။ ဥပမာ- ပြည်ထောင်စုဝန်ကြီး ၂၅ ယောက်မှာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်သာ အမျိုးသမီးဖြစ်နေတာကို တွေ့ရတဲ့အတွက် decision making level မှာ အမျိုးသမီး အချိုးအဆနည်းနေတာကိုလည်း အားမလိုအားမရ ဖြစ်နေပါသေးတယ်။  

အမျိုးသမီးနဲ့ စွမ်းဆောင်ရည် 

အမျိုးသမီးတွေကို နိုင်ငံရေးမှာ ဦးဆောင်အခန်းက ပါဝင်ဖို့ တိုက်တွန်းနေဆဲမှာပဲ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်အပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်လာပါတယ်။ Quota စနစ်အရ အမျိုးသမီးဦးရေ ဘယ်လောက် များလာပါစေ၊ အမျိုးသမီးတွေ ကိုယ်တိုင်အရည်အသွေး မရှိဘူးဆိုရင် ဦးဆောင်အခန်းမှာ ရှိနေနိုင်မှာ မဟုတ်ပါဘူး။  ဒါကြောင့် အမျိုးသမီးတွေကိုယ်တိုင်က ကိုယ်ရဲ့ စွမ်းဆောင်ရည် (capacity) ပိုင်းကိုမြှင့်တင်နိုင်ဖို့ လိုသလို ခွန်အားရှိဖို့ (empower) လည်း လိုပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကို ဆက်စပ်တွေးခေါ်နိုင်ဖို့လိုပါတယ်။ 

ဒီနေရာမှာ အမျိုးသမီးတွေ ပိုပြီးနေရာရလာဖို့ အစိုးရက ပေါ်လစီနဲ့ တိတိကျကျ ချမှတ် အကောင်အထည်ဖော်ဖို့ လိုတယ်လို့ မြင်သလို အမျိုးသမီး တစ်ဦးချင်းနဲ့သာ ပိုပြီးသက်ဆိုင်တယ်ဆိုတဲ့ အမြင်တွေလည်း ရှိကြပါတယ်။ အစိုးရရဲ့ အခန်းကဏ္ဍ၊ တစ်ဦးချင်းရဲ့ အခန်းကဏ္ဍ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ၊ လွတ်တော်ရဲ့ အခန်းကဏ္ဍတွေ ဟာ ဘယ်လောက်စီ အရေးပါနေကြသလဲဆိုတာ ဆွေးနွေးရမယ့် အချက်ဖြစ်ပါတယ်။ 

၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ 

လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ   အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်မှုနှုန်းက ၂၀၁၅ ရွေးကောက်ပွဲထက် ပိုများလာတယ်လို့ တိုင်းရင်းသားပါတီတွေထံက သိရပါတယ်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် ၄၉၁ ဦးထဲမှာ အမျိုးသမီးလွှတ်တော်အမတ် အရေအတွက်က  ၆၇ ဦး ပါဝင်နေပြီး ရာခိုင်နှုန်းအားဖြင့် ၁၃ ရာခိုင်နှုန်းသာရှိခဲ့ပေမယ့် ၂၀၂၀ မှာ ဒီထက်ပိုပြီးများ လာနိုင်တဲ့ အနေအထားတွေကိုလည်း တွေ့မြင်နေရပါတယ်။ 

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ပါတီအနေနဲ့ ရှမ်း၊ ကချင်၊ ရှမ်းပြည်နယ်နဲ့  မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွေကို ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ မြို့နယ်တိုင်းမှာ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်လာဖွယ်ရှိနေတယ်လို့ SNLD ရဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောထားတာလည်း ရှိပါတယ်။

ကချင်ပြည်နယ်ပြည်သူ့ပါတီကတော့ ကချင်ပြည်နယ်အတွင်း ပြည်နယ်လွှတ်တော် ၃၆ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊  ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးအပါအဝင် စုစုပေါင်း ၆၈ နေရာမှာ ကိုယ်စားလှယ်လောင်း ၆၈ ဦး ဝင်ရောက်သွားမှာပါ။ ဒီအထဲမှာ  အမျိုးသမီးကိုယ်စားလှယ်လောင်း ၉ ဦး ပါဝင်နေတာကြောင့် ၂၀၁၅ ရွေးကောက်ပွဲတုန်းကထက် ရာခိုင်နှုန်းများတယ်လို့ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ဒု–ဥက္ကဋ္ဌ ဦးကွမ်ဂရောင်အောင်ခန်းက ပြောထားပါတယ်။ 

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီကတော့ ရှမ်း၊ မွန်၊ ကရင်၊ ကယားပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်းရှိ မဲဆန္ဒနယ်တွေမှာ  အမတ်နေရာပေါင်း ၃၅ နေရာဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဒီထဲအမျိုးသမီးကိုယ်စားလှယ်လောင်း ၅ ဦး အထိ ပါဝင်နေပါတယ်လို့ သိရပါတယ်။ မွန်ညီညွတ်ရေးပါတီရဲ့ တတိယအကြိမ် လွှတ်တော်အတွက် ကိုယ်စားလှယ်ရွေးချယ်မှုကို ကြည့်မယ်ဆိုရင် လူငယ်နဲ့ အမျိုးသမီး ပါဝင်မှုဟာ ၃၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့ သိရပါတယ်။

လက်ရှိ အာဏာရပါတီဖြစ်တဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမယ့်  ကိုယ်စားလှယ်လောင်း ၁၁၃၁  ဦးအထဲ အမျိုးသမီးကိုယ်စားလှယ်လောင်းက ၂၀ ရာခိုင်နှုန်းအထိ ပါဝင်နေတယ်လို့ သိရပါတယ်။ 

အမျိုးသမီးနဲ့ အစိုးရ မူဝါဒ 

လွှတ်တော်ထဲမှာ၊ အစိုးရအဖွဲ့ထဲမှာ အမျိုးသမီးတွေ ပိုပြီးပါဝင်လာနိုင်ဖို့ကတော့ အစိုးရကိုယ်တိုင်က သင့်တော်တဲ့ မူဝါဒတွေချမှတ်ပြီး အကောင်အထည် ဖော်လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ အမျိုးသမီးအဖွဲ့တွေက ထောက်ပြထားပါတယ်။ အစိုးရက ပေါ်လစီတခုအနေနဲ့ ချမှတ်ပြီးတော့ အမျိုးသမီးပါဝင်ရေးကို လုပ်ဆောင်သွားမယ်ဆိုရင် အောင်မြင်နိုင်တဲ့ အကြောင်း၊ ဒီနေရာမှာ ပေါ်လစီပိုင်းရော၊ ဥပဒေပိုင်းပါ အရေးကြီးတဲ့အကြောင်း၊ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ ကိုယ်နှိုက်ကိုယ်က အမျိုးသမီးကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျ ဖော်ပြထားတာမရှိတဲ့ အကြောင်း၊  အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုမိုပါဝင်လာနိုင်ဖို့အတွက်ဆိုရင် ဆိုရင်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာကို တိတိကျကျ ဖြည့်သွင်းရေးသားပေးဖို့လိုတဲ့အကြောင်း၊ အနည်းဆုံး ၃၀ ရာခိုင်နှုန်းဆိုတဲ့ စံသတ်မှတ်ချက်နဲ့ လုပ်ဆောင်သွားမယ်ဆိုရင် နောင် ၅ နှစ်၊ ၁၀ နှစ်ဆိုရင် အမျိုးသမီးတွေရဲ့ ပါဝင်မှုက အများကြီး တိုးတက်လာနိုင်တဲ့အကြောင်း သုံးသပ်ထားတာလည်း တွေ့ရပါတယ်။ 

ယမင်းမြတ်အေး 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013