DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်း ကိုဗစ်ကုသရေးဆေးရုံများအတွက် အောက်ဆီဂျင် အလှူရှင်များ လိုအပ်နေ
DVB
·
October 11, 2020
ရန်ကုန်တိုင်း ကိုဗစ်ကုသရေးဆေးရုံများအတွက် အောက်ဆီဂျင် အလှူရှင်များ လိုအပ်နေ
Donate to DVB

ရန်ကုန်တိုင်းထဲက ကိုဗစ်-၁၉ ရောဂါကုသရေးဆေးရုံတွေမှာ စောင့်ကြည့်လူနာတွေအတွက် အောက်ဆီဂျင် နေ့စဉ်အသုံးပြုနေ‌တာကြောင့် လှူဒါန်းပေးမယ့် အလှူရှင်တွေ လိုအပ်နေပါတယ်။

ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းစဉ်မှာ အောက်ဆီဂျင်အသုံးပြုမှုက အဓိကအရေးပါနေသလို နေ့စဉ် အောက်ဆီဂျင်အသုံးပြုမှု များပြားနေတာကြောင့် အောက်ဆီဂျင်လိုအပ်ချက် ရှိနေပါတယ်။

အခုဆိုရင် သင်္ယန်းကျွန်းစံပြဆေးရုံကြီးမှာ ကိုဗစ်စောင့်ကြည့်လူနာတွေ များလာတဲ့အတွက် ယာယီတဲ (Tents) တွေ ပြင်ဆင်ထားပါတယ်။ လူနာတွေကို အောက်ဆီဂျင်ပေးဖို့ အောက်ဆီဂျင်အိုးတွေ အသုံးပြုရတာကြောင့် Oxygen Flow Meter တွေ လိုအပ်လာပါတယ်။

လက်ရှိ ဆေးရုံမှာ ကိုဗစ်စောင့်ကြည့်လူနာတွေအတွက် တစ်နေ့ကို ၂ သိန်းဖိုးလောက် အောက်ဆီဂျင်ပေးနေရပြီး နေ့စဉ် အောက်ဆီဂျင်အိုး ပြန်လည်ဖြည့်ဆည်းနေရတာကြောင့် လှူဒါန်းပေးမယ့် အလှူရှင်တွေ လိုအပ်နေတယ်လို့ သင်္ယန်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောပါတယ်။

ဝေဘာဂီအထူးကုဆေးရုံကြီးမှာ ကိုဗစ်ပိုးတွေ့ရှိသူ များပြားနေတာကြောင့် အောက်ဆီဂျင်အိုး နေ့စဉ် ၁၀၀ လောက် အသုံးပြုနေရပြီး နာရေးကူညီရေးအသင်း (ရန်ကုန်) က လိုအပ်တဲ့အောက်ဆီဂျင် (၅၀ ကနေ ၁၀၀) ကြား  တောင်ဥက္ကလာပစက်မှုဇုန်မှ သွားရောက်ဝယ်ယူကာ လှူဒါန်းပေးနေတာပါ။ 

ဆေးရုံမှာ လိုအပ်နေတဲ့ ဆလင်ဒါအိုးနဲ့ အောက်ဆီဂျင်ဓာတ်ငွေ့ ပြန်ဖြည့်ပေးဖို့ ငွေ ၃၀၀၀ ကျပ်နှုန်းနဲ့ လှူဒါန်းပေးနိုင်တယ်လို့ နာရေးကူညီမှုအသင်း(ရန်ကုန်) Operation Manager ကိုခိုင်ဖြိုးက ပြောပါတယ်။

လက်ရှိမှာ ကိုဗစ်ကုသရေးစင်တာတွေမှာ အောက်ဆီဂျင်လိုအပ်နေတဲ့အပေါ် တပ်မတော်ကလည်း အောက်ဆီဂျင်အိုးတွေကို တစ်ဖက်တစ်လမ်းအနေနဲ့ ဖြည့်ဆည်းလှူဒါန်းပေးတာတွေ ရှိပါတယ်။ 

ရန်ကုန်တိုင်းထဲ ကိုဗစ်ပြင်းထန်လူနာတွေ နေ့စဉ်များပြားလာတဲ့အတွက် ဆေးရုံတွေမှာ မရှိမဖြစ် အောက်ဆီဂျင်ပိုက်လိုင်းတွေ တပ်ဆင်နိုင်ဖို့ ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ဆိုဖို့ ဆွေးနွေးထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနဘက်က ပြောဆိုထားပါတယ်။ 

မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၀ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၂၆,၀၆၄ ယောက်၊ သေဆုံးသူ ၅၉၈ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

နန့်ခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013