
မွန်ပြည်နယ်မှာ ကိုဗစ်-၁၉အတည်ပြုလူနာ ၂၅ ဦး ထပ်တွေ့တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အောက်တိုဘာ ၁၀ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
ကျိုက်ထိုမြို့နယ်ကအယောက် ၂၀၊ သံဖြူဇရပ်မြို့နယ်က ၃ ဦး၊ သထုံနဲ့ မော်လမြိုင်မြို့နယ်တို့က ၁ ဦးစီ စုစုပေါင်း လူနာ ၂၅ ဦး တပ်တိုးတွေ့ရှိခဲ့တာပါ။
ကိုဗစ်အတည်ပြုလူနာ ၂၀ ဦးအထိ စံချိန်တင် တွေ့ရှိခဲ့တဲ့ ကျိုက်ထိုမြို့နယ် အမှတ်(၂) ရပ်ကွက် သိမ်ဇရပ်နေထိုင်သူတွေဟာ ရန်ကုန်ပြန် ကိုဗစ်လူနာနဲ့ ထိတွေ့ပြီးနောက် ရောဂါပိုး ရှိ မရှိ စစ်ဆေးရာမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
သူတို့အားလုံးဟာ အထက(သိမ်ဇရပ်)မှာ အသွားအလာ ကန့်သတ်ထားသူတွေ ဖြစ်ပြီး အစုံအလိုက် အပြုံအလိုက် ရောဂါပိုး ကူးစက်ခံလိုက်ရတာ ဖြစ်ပါတယ်။
ကိုဗစ်အတည်ပြုလူနာ ၂၅ ဦးထဲမှာတော့ ကလေးငယ် ၂ ဦးနဲ့ ဆက်ကျော်သက်အရွယ် လူငယ် ၂ ဦး ပါဝင်လာပါတယ်။
အခုအခါမှာတော့ ရောဂါပိုး တွေ့ရှိခဲ့တဲ့ ကိုဗစ်-၁၉ လူနာတွေကို မော်လမြိုင်ပြည်သူ့ဆေးရုံကို ပြောင်းရွှေ့ပေးကုသပေးထားတယ်လို့ မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ အတွင်းရေးမှူး ကိုဇင်မိုးက ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ အောက်တိုဘာ ၁၁ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၈၀ နီးပါး ရှိလာခဲ့တာ ဖြစ်ပါတယ်။










