DVB Logo
Home
ကျန်းမာရေး
COVAX ဖော်ဆောင်ပေးမယ့် ကမ္ဘာ့နိုင်ငံတိုင်းအတွက် ကိုဗစ်ကာကွယ်ဆေးအိပ်မက်
DVB
·
October 11, 2020
COVAX ဖော်ဆောင်ပေးမယ့် ကမ္ဘာ့နိုင်ငံတိုင်းအတွက် ကိုဗစ်ကာကွယ်ဆေးအိပ်မက်
Donate to DVB

ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ COVAX ဆိုတဲ့ အဖွဲ့အစည်းတစ်ခုအကြောင်း မီဒီယာတွေမှာ ပိုမိုဖော်ပြလာကြပါတယ်။ သူတို့က COVID-19 ကာကွယ်ဆေးကို ဈေးနှုန်းချိုသာစွာနဲ့ လူတိုင်းလက်ထဲရောက်အောင် ဖြန့်ဖြူးမယ်လို့ ဆိုထားတဲ့ အဖွဲ့အစည်းတစ်ခုပါ။

COVID-19 ရောဂါဆိုးရွားလာချိန်မှာ ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့က အရေးကြီးတဲ့ လိုအပ်ချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာ ဆေးဝါးထုတ်လုပ်နိုင်ရေးက နီးစပ်နေပြီဖြစ်ပေမယ့် တခြားစိန်ခေါ်မှုတွေက ဘေးမှာကပ်လျက်ပါလာခဲ့ပါတယ်။

COVID-19 ကပ်ဘေးကြီးစတင်ချိန်ကတည်းက တစ်ကမ္ဘာလုံးမှာ တစ်လကို အမေရိကန်ဒေါ်လာ ၅၃၇ ဘီလီယံလောက်ဆုံးရှုံးနစ်နာနေပါတယ်။ ဒီဒဏ်ကို ဆင်းရဲ့တဲ့တိုင်းပြည်တွေက ပိုခံစားကြရပါတယ်။

လက်ရှိစီးပွားရေးကဏ္ဍပြိုလဲမှုရဲ့နောက်ကွယ်မှာ ရောဂါကာကွယ်ဆေးကို လုံလောက်စွာဝယ်ယူနိုင်ခြင်းမရှိနိုင်လောက်အောင် အခြေအနေဆိုးရွားနေတဲ့တိုင်းပြည်တွေရှိလာနေတဲ့အခါ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းလိုအပ်လာပါတယ်။ ဒီအချိန်မှာ COVAX ဆိုတဲ့ အဖွဲ့အစည်းတစ်ခုပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

COVAX ဆိုတာ ဘာလဲ


COVAX ဆိုတာ COVID-19 Vaccines Global Access Facility ရဲ့ အတိုကောက်ပါ။ Access to COVID-19 Tools (ACT) Accelerator ရဲ့ အဓိကနောက်ခံလုပ်ငန်း ၃ ခုထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ WHO က စတင်မိတ်ဆက်ခဲ့ပြီးတော့ EU နဲ့ ပြင်သစ်နိုင်ငံတို့ကလည်း ပူးပေါင်းပါဝင်ထားကြပါတယ်။

COVID-19 ရောဂါ စမ်းသပ်မှု၊ ကာကွယ်ဆေးနဲ့ ကုသဆေးထုတ်လုပ်မှုတွေရဲ့ ရလဒ်တွေကို အစိုးရတွေ၊ ကျန်းမာရေးအဖွဲ့အစည်းတွေ၊ အလှူရှင်တွေ၊ ဆေးဝါးထုတ်လုပ်သူတွေ၊ သိပ္ပံပညာရှင်တွေနဲ့ လူမှုအခြေပြုအဖွဲ့အစည်းတွေ အတူတကွမျှဝေ အသုံးပြုဖို့၊ အချိုးကျကျ ခွဲဝေဖို့အတွက် ရည်ရွယ်ဖွဲ့စည်းထားတာပါ။

COVAX ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဒီကပ်ဘေးကာလကို အမြန်ဆုံးဖြတ်ကျော်နိုင်ဖို့နဲ့ လူတိုင်း ရောဂါကာကွယ်ဆေးကို လက်လှမ်းမှီမှီရယူနိုင်တဲ့အထိ ဖြန့်ဝေပေးနိုင်ဖို့ပါပဲ။ အကြောင်းကတော့ ဆေးဝါးထုတ်လုပ်နိုင်ဖို့ နီးစပ်နေပြီဖြစ်ပေမယ့် အမေရိကန်၊ ရုရှားနဲ့ တရုတ်လိုတိုင်းပြည်တွေက ဆေးဝါးကို ချိုသာတဲ့နှုန်းထားနဲ့ ဖြန့်ချိဖို့ အစီအစဉ်မရှိထားတာကြောင့်ပါပဲ။

COVAX ကို ဘာကြောင့် လိုအပ်တာလဲ


COVAX ကို Gavi ၊ Vaccine Alliance ၊ Coalition for Epidemic Preparedness Innovations (CEPI) နဲ့ WHO တို့ ပေါင်းစပ်ဖွဲ့စည်းထားတာပါ။ သုတေသနတွေနဲ့ ဖွံဖြိုးရေးတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေပြီးတော့ လက်ရှိမှာ ရောဂါကာကွယ်ဆေးနဲ့သက်ဆိုင်တဲ့ ဈေးနှုန်းပိုင်းကိစ္စရပ်တွေကို ဆွေးနွေးမှုတွေ ဦးဆောင်ပြုလုပ်နေပါတယ်။

COVAX က ကနဦးရည်မှန်းထားတာကတော့ ကာကွယ်ဆေး ၂ ဘီလီယံလောက်ကို ၂၀၂၁ ခုနှစ်မကုန်ခင်မှာ ကမ္ဘာ့အနှံ့ကို ဖြန့်ဖြူးပေးနိုင်ဖို့ပါပဲ။ ဒီပမာဏဟာ ရောဂါအန္တရာယ်ကို အနီးကပ်ဆုံးရင်ဆိုင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ လူမှုကူညီရေးဝန်ထမ်းတွေ၊ ရောဂါရှိသူတွေနဲ့ အနီးကပ်ဆုံးရှိနေသူတွေကို လုံလောက်စွာ ကာကွယ်ပေးနိုင်မယ့် ပမာဏဖြစ်တယ်လို့ COVAX က ယုံကြည်ထားပါတယ်။

ချမ်းသာတဲ့တိုင်းပြည်တွေက ရောဂါကာကွယ်ဆေးမထွက်ခင်မှာတင် ကြိုတင်ဝယ်ယူမှုတွေ ပြုလုပ်နေတာကြောင့် ဆင်းရဲတဲ့တိုင်းပြည်တွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ကာကွယ်ဆေးဝယ်ယူရေးမှာ အခက်ကြုံနေရပါတယ်။ COVAX ကတော့ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝှမ်းက လူအများစုဟာ ကာကွယ်ဆေးလက်ဝယ်ရရှိနိုင်ဖို့ မရေရာသေးတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတာကြောင့် ဒီပြဿနာဟာ COVID-19 ရောဂါကာကွယ်ဆေးထုတ်လုပ်ရေး လုပ်ငန်းစဉ်လိုပဲ အရေးပါတဲ့ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။

COVAX အနေနဲ့ ဒီပြဿနာကိုဖြေရှင်းပြီး အမှန်တကယ်လိုအပ်နေသူတွေဆီကို ကာကွယ်ဆေးဖြန့်ဖြုးပေးနိုင်မယ်ဆိုရင် ကမ္ဘာတစ်လွှားမှာ ဒုက္ခပေးနေတဲ့ ကပ်ဘေးကြီးကို တားဆီးဖို့အတွက်လည်း အထောက်အကူဖြစ်လာမှာဖြစ်ပါတယ်။

ဈေးချိုချိုနဲ့ ဆေးဝါးတွေရနိုင်တော့မှာလား


လက်ရှိမှာ ကာကွယ်ဆေးထုတ်လုပ်ဖို့ ကြိုးပမ်းမှုပေါင်း ၁၇၀ ကျော်လောက်ရှိနေပြီးတော့ အဓိကကျတဲ့ စမ်းသမ်မှုတချို့ဟာ အားရဖွယ် ရလဒ်မျိုးတွေ ထွက်ပေါ်လာခြင်းမရှိသေးပေမယ့် Preclinical အဆင့်မှာ ၇% နဲ့ Clinical trials အဆင့်မှာ ၂၀% လောက် အကြမ်းဖျဉ်းအားဖြင့် အောင်မြင်နိုင်ခြေရှိနေတယ်လို့ WHO က ဆိုထားပါတယ်။

အဆိုပါ အခွင့်အရေးတွေကို ခုထက်ပိုလာအောင်မြှင့်တင်နိုင်ဖို့ COVAX က ပူးပေါင်းဆောင်ရွက်နေပြီး ကာကွယ်ဆေးထုတ်လုပ်ရေး ကြိုးပမ်းနေတဲ့ လုပ်ငန်း ၉ ခုနဲ့ ပူးပေါင်းဆောင်ရွက်နေတာပါ။ နိုင်ငံတကာကနေ COVAX ကို ရန်ပုံငွေထောက်ပံမှုတွေလည်း အားကောင်းစွာရှိနေပါတယ်။ သူတို့ ထုတ်ဖော်ပြောဆိုထားချက်တွေအရ ကမ္ဘာ့လူဦးရေရဲ့ ၂၀% ဆီ ဆေးဝါးလုံလောက်စွာဖြန့်ချိနိုင်အောင် ငွေကြေးအင်အားလုံလောက်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း COVAX က ပူးပေါင်းဆောင်ရွက်မှုတွေဟာ ကာကွယ်ဆေးထုတ်လုပ်အောင်မြင်နိုင်ခြေကို မြှင့်တင်နိုင်မယ်လို့ ယုံကြည်နေပြီး ကမ္ဘာတစ်လွှားကို ဆေးဝါးအမြောက်အများဖြန့်ချိပေးနိုင်အောင် စီမံနိုင်မယ်လို့လည်း ယုံကြည်ထားတာဖြစ်ပါတယ်။ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ထားတဲ့လုပ်ငန်းတွေဆီကနေ ထွက်ပေါ်လာမယ့် ကာကွယ်ဆေးတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ဖြန့်ချိသွားမှာပါ။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာအနှံ့က အမြောက်အများသော ဖွံ့ဖြိုးဆဲတိုင်းပြည်တွေရဲ့ အခြေအနေတွေအရ ဈေးနှုန်းကြီးမြင့်တဲ့ ကာကွယ်ဆေးတွေကို ဝယ်ယူနိုင်ဖို့ ခက်ခဲနိုင်တာမို့ COVAX က တာဝန်ယူဖြန့်ချိပေးမယ့် ကာကွယ်ဆေးဝါးကသာ အဓိက မျှော်လင့်ချက်ဖြစ်နေတာတော့ အမှန်ပဲလို့ ဆိုရမှာပါ။

ရေးသားသူ - Ye Zon Aung

 


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013