DVB Logo
Home
မြန်မာသတင်း
နှင်းဆီပါတီဥက္ကဋ္ဌအမှု သီးသန့်အဖွဲ့ဖြင့် စစ်ဆေးနေ၊ ပိုင်ဆိုင်မှု ကျပ် ၂၃ ဘီလီယံကျော် စိစစ်တွေ့ရှိ
DVB
·
October 11, 2020
နှင်းဆီပါတီဥက္ကဋ္ဌအမှု သီးသန့်အဖွဲ့ဖြင့် စစ်ဆေးနေ၊ ပိုင်ဆိုင်မှု ကျပ် ၂၃ ဘီလီယံကျော် စိစစ်တွေ့ရှိ
Donate to DVB

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်အမှုကို သီးသန့်အဖွဲ့ဖွဲ့ပြီး စစ်ဆေးနေပြီး ပိုင်ဆိုင်မှု ကျပ် ၂၃ ဒသမ ၀၅ ဘီလီယံ စိစစ်တွေ့ရှိခဲ့တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့က Zoom Meeting နဲ့ပြုလုပ်တဲ့ သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာပါ။

နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ရဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ရာဇသတ်ကြီးပုဒ်မ ၂၂၄ နဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ညက ရန်ကုန်မြို့က ပန်းလှိုင်အိမ်ရာမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အခုလို ဖမ်းဆီးတာဟာ ရွေးကောက်ပွဲနီးမှ အစိုးရက လုပ်တာမဟုတ်ဘဲ သတင်းမီဒီယာတွေမှာ ပျံ့နှံ့လာပြီး ရွေးကောက်ပွဲကော်မရှင်က စိစစ်ဖော်ထုတ်ပေးဖို့ တောင်းဆိုလာတာလို့ ဦးဇော်ဌေးက ပြောပါတယ်။

“ပြောရရင်တော့ ဒီကိစ္စနဲ့ပတ်သက်လို့ သီးသန့်အဖွဲ့ ဖွဲ့ထားပါတယ်။ သီးသန့်အဖွဲ့မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပါသလို စစစ ပါတယ်၊ ငွေကြေးခဝါအဖွဲ့ပါတယ်၊ အထူးသတင်းတပ်ဖွဲ့ပါတယ် စသဖြင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ဆိုင်ရာဆိုင်ရာကဏ္ဍစုံကနေပြီးတော့ စိစစ်ဖော်ထုတ် အဖွဲ့ဖွဲ့ပြီး ဆောင်ရွက်နေတာဖြစ်တယ်။ လောလောဆယ် စိစစ်ဆဲဖြစ်ပါတယ်။” 

အမှုနဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးဌာနကနေ သမ္မတရုံးကို ပေးပို့လာတဲ့ ကနဦးတွေ့ရှိချက်တွေထဲမှာ ပိုင်ဆိုင်မှု ကျပ်ဘီလီယံချီတွေ့ရသလို ဖမ်းဆီးခံရတဲ့နေ့မှာထုတ်ယူတဲ့ ကျပ် သိန်း ၁ သောင်းကျော်ကိုလည်း အချိန်မီသိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

“ပြည်တွင်းကို ဝင်လာပြီးတော့ လက်ရှိ ပိုင်ဆိုင်မှုပေါ့၊ စိစစ်လိုက်တဲ့အခါမှာ ကျပ် ၂၃ ဒသမ ၀၅ ဘီလီယံ တွေ့ရတယ်။ အဲဒီမှာလည်း အမေရိကန်ဒေါ်လာ တော်တော်များများ တွေ့တယ်။ ဦးကျော်မြင့်ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ပြီးတော့ အဲနေ့မှာပဲ သိန်း ၁ သောင်းကျော် ထုတ်တဲ့ Cheque နဲ့ထုတ်တဲ့ဟာလေးကို ရဲတပ်ဖွဲ့က အချိန်မီ hold လုပ်လိုက်တယ်၊ seal လုပ်လိုက်တယ်။ လုပ်လိုက်ပြီး ဒီငွေကြေးတွေက ဘယ်လို စီးဆင်းလဲဆိုတာ bank transition ပြန်လိုက်ရတယ်။ အခု လောလောဆယ်မှာတော့ အဲဒါတွေ ပြန်စိစစ်ဖော်ထုတ်နေတယ်။” 

ဦးကျော်မြင့်ဟာ မန္တလေး အိုးဘိုထောင်ကနေ ထွက်ပြေးပြီး ပြည်ပမှာခိုလှုံရာကနေ ပြန်လည်ဝင်ရောက်လာတာဖြစ်ပြီး ပြီးခဲ့တဲ့ အစိုးရလက်ထက် လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ Blacklist ပယ်ဖျက်တဲ့ စာရင်းတွေမှာ မပါဘူးလို့ သိရပါတယ်။ 

၂၀၁၄ ခုနှစ် မှာ မူဆယ်ဂိတ်ကနေ Border Pass နဲ့ဝင်လာတာဖြစ်ပြီး ဒါကိုလည်း နိုင်ငံတော်အဆင့်ထိ သိသလားဆိုတာ စိစစ်နေတယ်လို့ ဆိုပါတယ်။

ဦးဇော်ဌေးက “ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတဲ့ စာရင်း၊ Blacklist ပယ်ဖျက်တဲ့စာရင်းမှာလည်း မပါပါဘူး။ စိစစ်ပြီးပါပြီ။ ၂၀၁၄ မူဆယ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနရုံးကနေ Border Pass ထုတ်ပေးပြီး နေပြည်တော်ကို ဝင်တယ်။ ပြီးတော့ ဥတ္တရသီရိ၊ လားရှိုး ၃ လမ်းမှာ ရုံးခန်းဖွင့်ပြီးနေတယ်။ ဒါကတော့ ပြည်ထဲရေးရဲ့ တင်ပြချက်ပေါ့။ တရားဝင် Border Pass နဲ့ ဝင်လာတာက ၂၀၁၄ ဖြစ်ပါတယ်။” လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပါတီဥက္ကဋ္ဌ နာမည်ပြောင်းတဲ့ကိစ္စမှာလည်း ဦးကျော်မြင့်ရဲ့ မှတ်ပုံတင် အမည်၊ နံပါတ် မှားယွင်းမှုတွေရှိနေတဲ့အတွက် ပြန်လည်စိစစ်နေတယ်လို့ သိရပါတယ်။

“မှတ်ပုံတင်ကိစ္စက ဘယ်လိုလဲဆိုတော့ UEC မှာ ပါတီဥက္ကဋ္ဌ နာမည်ပြောင်းပြီး တင်ပြတဲ့ဟာရှိတယ်။ အဲမှာ မှတ်ပုံတင်က ခုနကပြောသလို ကွဲလွဲနေတာရှိတယ်။ အဲတုန်းက ပြည်ထဲရေးဝန်ကြီးဌာနက စိစစ်တဲ့ဟာရှိတယ် အဲအပိုင်းမှာလည်း သူပေးထားတဲ့ မှတ်ပုံတင်နံပါတ်ကို ပြည်ထဲရေးက စိစစ်တဲ့အခါမှာ နာမည်မှားနေတာ၊ လူမှားနေတာမျိုး တွေ့ရတယ်။ တွေ့ရတော့ အခုပြန်ပြီးတော့ စုံစမ်းနေတယ်၊ စုံစမ်းနေတဲ့အချိန်မှာ သူကပြည်ပရောက်နေတဲ့အတွက် သူ့ရဲ့မှတ်ပုံတင်နံပါတ်ကို ပြည်တွင်းမှာရှိတဲ့ဟာ လုပ်လိုက်သလားပေါ့နော်။ အဲဒါကလည်း ဘာကြောင့် pass ဖြစ်သွားလဲပေါ့။ ဒါတွေလည်း ပြန်ပြီးတော့ စိစစ်နေပါတယ် ” လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဦးကျော်မြင့်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်ခဲ့တာတွေ ရှိ မရှိကိုလည်း တပ်မတော်အစိုးရလက်ထက်က ငြိမ်းချမ်းရေးတာဝန်ယူဆောင်ရွက်ခဲ့တဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ အရာရှိကြီးတွေကို စိစစ်မေးမြန်းမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အမှုနဲ့ပတ်သက်လို့ စိစစ်ဖော်ထုတ်နေဆဲဖြစ်ပြီး ပေါ်လာတဲ့ အထောက်အထားတွေအပေါ် မူတည်ပြီး ဥပဒေနဲ့ အညီ ဆက်လက်သွားမယ်လို့ ဆိုပါတယ်။

နှင်းဆီပါတီဟာ နိုဝင်ဘာ ၈ ရက်နေ့ ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီပြီးရင် ကိုယ်စားလှယ်ဦးရေ ဒုတိယအများဆုံး ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013