
သင်္ကြန်ရက်ရှည်ရုံးပိတ်ရက်အတွင်း သက်ဆိုင်တဲ့ နိုင်ငံဆီ ပြန်ထွက်မဲ့ ခွင့်ပြန်အလုပ်သမားတွေ အနေနဲ့ ဧပြီ ၈ ရက် နောက်ဆုံးထား တင်ပြရမယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ကြေညာထားပါတယ်။
ခွင့်ပြန်အလုပ်သမားတွေ၊ ကိုယ့်အစီအစဥ်နဲ့ကိုယ် ကျွမ်းကျင်လုပ်သားအဖြစ် ပြည်ပထွက်ခွာမဲ့ အလုပ်သမားတွေအနေနဲ့ ထွက်မဲ့ရက်မတိုင်ခင် ၅ ရက် ကြိုတင်ရတာဖြစ်ပေမဲ့ ရက်ရှည်ပိတ်ရက် ရှိ နေတာကြောင့် အခုကတည်းက လျှောက်ထားခွင့် ပြုထားတာလို့ ဧပြီ ၄ ရက်မှာ အသိပေး ထားပါတယ်။
သင်္ကြန်ရုံးပိတ်ရက်မှာ ဧပြီ ၁၁ ကနေ ၁၉ ရက်အထိဖြစ်ပြီး ဧပြီ ၁၁ ကနေ ၂၂ ရက်အတွင်း ပြည်ပ ထွက်ခွာမဲ့သူတွေအနေနဲ့ သတ်မှတ်ထားတဲ့ စာရွက်စာတမ်းအပြည့်အစုံနဲ့ တင်ပြ လျှောက်ထား နိုင်တယ် လို့ ဆိုပါတယ်။
အဲဒီလို ပြည်ပထွက်ခွာခွင့်ကို သတ်မှတ်ရက်ထက် ကြိုလျှောက်ခွင့်ပေးပေမဲ့ အနားနီးမှ ထွက်ခွင့် မကျမှာကို အလုပ်သမားတွေ စိုးရိမ်တာမျိုးရှိတယ်လို့ ကိုယ်စားတင်ပေးနေသူ တယောက်က ပြောပါတယ်။
“အခုတောင် ထွက်ဖို့တင်ပြထားတဲ့ ရက်ကပ်မှ ခွင့်ပြုချက်ကျတာမျိုး၊ လိုအပ်ချက်ရှိလို့ဆိုပြီး ခွင့်ပြုချက် မချပေးတာမျိုးတွေ ရှိနေတော့ တင်ဖို့ကို စိတ်ထင့်နေကြတာ။"
အာဏာသိမ်းစစ်အုပ်စုက ခွင့်ပြန်အလုပ်သမားတွေရဲ့ ပြည်ပပြန်လည်ထွက်ခွာခွင့်နဲ့ပတ်သက်လို့ အခုနောက်ပိုင်း မူဝါဒတင်းကျပ်နေတာကြောင့် ပြန်ထွက်ဖို့ ခက်တဲ့အခြေအနေတွေ ကြုံနေရတယ် လို့ သက်ဆိုင်တဲ့အလုပ်သမားတွေက ဆိုပါတယ်။
ဒါ့အပြင် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (OWIC) သက်တမ်းတိုးတာ၊ အသစ် လျှောက်ထားတဲ့အပေါ် အချိန်ကြန့်ကြာရတာမျိုးတွေ ရှိနေတာကြောင့် ပြည်ပရောက် အလုပ်သမား တွေ မြန်မာနိုင်ငံ ပြန်လိုစိတ်နည်းလာတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။










