DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက် မြန်မာများ၏ သုံးစွဲနိုင်စွမ်း ဘတ်ငွေ ၂၂၁ ဘီလီယံအထိရှိဟု အစီရင်ခံစာဖော်ပြ
DVB
·
May 26, 2026
ခရီးသည်များနှင့် ပြည့်နှက်နေသည့် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်အတွင်း မြင်ကွင်း။ (Photo: CCTV)
ခရီးသည်များနှင့် ပြည့်နှက်နေသည့် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်အတွင်း မြင်ကွင်း။ (Photo: CCTV)
Donate to DVB

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ၄ သန်းလောက်ဟာ တနှစ်ကို ဘတ်ငွေ ၂၂၁ ဘီလီယံအထိ သုံးစွဲနိုင်တဲ့ စျေးကွက်ကြီးတခု ဖြစ်လာနေတယ်လို့ The Nation Thailand သတင်းဌာနက ရေးသားထားပါတယ်။

ဒါဟာ ဘန်ကောက်အခြေစိုက် Happio အတိုင်ပင်ခံကုမ္ပဏီရဲ့ “The Myanmar Market in Thailand 2026” ဆိုတဲ့ စျေးကွက်လေ့လာရေး အစီရင်ခံစာအသစ်အပေါ် ကိုးကားဖော်ပြခဲ့တာပါ။

အဲဒီပမာဏဟာ ထိုင်းရောက် မြန်မာတွေ ရနေတဲ့ ဝင်ငွေရဲ့ ၆၅ ရာခိုင်နှုန်းသာ ရှိသေးသလို ဒါကို ထိုင်းပြည်တွင်းကုမ္ပဏီတွေကလည်း သတိမမူမိသလိုမျိုး ဖြစ်နေတယ်လို့ ဆိုပါတယ်။

အခုလိုမျိုး မြန်မာတွေရဲ့ အသုံးစရိတ်ဟာ စားသောက်ကုန်၊ နေရာထိုင်ခင်းနဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေမှာ အများဆုံးဖြစ်တာကြောင့် ထိုင်းပြည်တွင်း လက်လီစျေးကွက်အတွက် အရေးပါတဲ့ မောင်းနှင်အားတခု ဖြစ်လာခဲ့ပါတယ်။

ဒီသုတေသနအရ စားသောက်ကုန်ကဏ္ဍမှာ အကျိုးအမြတ် အများဆုံးရနေပြီး စုစုပေါင်း အသုံးစရိတ်ရဲ့ ၁၇ ဒသမ ၄ ရာခိုင်နှုန်းအထိ ရှိပါတယ်။

အဲဒီနောက် နေထိုင်စရိတ်အတွက် ၁၃ ဒသမ ၈ ရာခိုင်နှုန်း၊ သယ်ယူပို့ဆောင်ရေးအတွက် ၈ ရာခိုင်နှုန်းနဲ့ တကိုယ်ရည်သုံးပစ္စည်းအတွက် ၄ ဒသမ ၄ ရာခိုင်နှုန်းစီ အသီးသီး သုံးစွဲနေကြတာပါ။

ဒီလိုမျိုး နေ့စဉ်အသုံးစရိတ်တွေ အားလုံးပေါင်းလိုက်ရင် စုစုပေါင်းဝင်ငွေရဲ့ ၄၀ ရာခိုင်နှုန်းကျော် ရှိတဲ့အလျောက် မြန်မာစာသုံးသူအုပ်စုဟာ ကုန်စုံဆိုင်တွေ၊ လက်လီအရောင်းဆိုင်တွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ အတွက်ပါ အာရုံစိုက်စရာ ဖြစ်လာနိုင်ပါတယ်။

အရင်တုန်းက မြန်မာတွေကို လုပ်အားခသက်သာတဲ့ လုပ်သားအရင်းအမြစ်အနေနဲ့သာ သိထားကြပေမဲ့လည်း အခုအခါမှာတော့ ဝယ်ယူသုံးစွဲနိုင်စွမ်း မြင့်မားတဲ့ စားသုံးသူအုပ်စုအဖြစ် ရှုမြင်လာကြပါတယ်။

ဒါကြောင့် မြန်မာစားသုံးသူအုပ်စုဟာ ပြိုင်ဘက်နည်းပါးတဲ့ စျေးကွက်အသစ် “Blue Ocean” ကနေ ပြိုင်ဆိုင်မှု ပြင်းထန်လာမဲ့ “Red Ocean” အဖြစ်ကို မပြောင်းလဲသွားခင် ထိုင်းကုမ္ပဏီတွေအနေနဲ့ လက်ဦးမှု ရယူသင့်တယ်ဆိုပြီး အကြံပြုထားပါတယ်။

ဒါ့အပြင် ထိုင်းစီးပွားရေးလုပ်ငန်းတွေဟာ မြန်မာဘာသာနဲ့ကြော်ငြာတာ၊ ဈေးနှုန်းချင်း ယှဉ်ပြိုင်တာလိုမျိုး သမားရိုးကျ အရောင်းမြှင့်တင်ရေး (Marketing) နည်းလမ်းတွေနဲ့တင် မလုံလောက်တော့ကြောင်း ထောက်ပြထားပါတယ်။

၂၀၂၁ အာဏာသိမ်းဖြစ်ရပ်နောက်ပိုင်း ထိုင်းနိုင်ငံမှာ ပြောင်းရွှေ့နေထိုင်လာကြတဲ့ မြန်မာလူလတ်တန်းစား ပညာတတ်အသိုင်းအဝိုင်းက ကိုယ်ပိုင်ဝင်ငွေ၊ ကိုယ်ပိုင်လူနေမှုပုံစံနဲ့ သုံးစွဲဝယ်ယူနိုင်စွမ်း အားကောင်းတယ် ဆိုတာကို အများစု သဘောမပေါက်ကြသေးဘူးဆိုပြီး အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013