
အဆိုပြုထားတဲ့ ကြားဖြတ်သဘောတူညီချက်တခုကို အကောင်အထည်မဖော်နိုင်သရွေ့ အမေရိကန်နဲ့ နျူကလီးယား ဆွေးနွေးပွဲတွေကို ဆက်လုပ်မှာမဟုတ်ဘဲ နောက်ပိုင်းအဆင့်ကျမှပဲ လုပ်သွားမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘ်ဘာ့စ် အာရက်ချီက ဇွန် ၁၂ ရက်မှာ ပြောတယ်လို့ အီရန်နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ပါတယ်။
ဒီသဘောတူညီချက်ဟာ အမေရိကန်-အစ္စရေးတို့နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို ဖြေရှင်းဖို့အတွက်ဖြစ်ပြီး အခုအခါ “အစ္စလာမ်မာဘတ် နားလည်မှုစာချွန်လွှာ” ရရှိဖို့ အရင်ကထက်စာရင် အများကြီး ပိုနီးစပ်နေပြီလို့ ဝန်ကြီး အာရက်ချီက ဆိုပါတယ်။
ဒါပေမဲ့ နားလည်မှုစာချွန်လွှာကို အခုထိ လက်မှတ်မထိုးရသေးလို့ အပြောင်းအလဲတွေ ရှိနိုင်သေးတာမို့ မီဒီယာတွေအနေနဲ့ အတွင်းရေးအချက်အလက်တွေကို အထင်နဲ့ မခန့်မှန်းကြဖို့ သူက တိုက်တွန်းထားပြီး၊ အချိန်တန်ရင်တော့ အသေးစိတ်ကို ပြည်သူတွေကို ပွင့်ပွင့်လင်းလင်း ချပြသွားမယ်လို့ ဖြည့်စွက်ပြောပါတယ်။
ဒီကြားဖြတ်သဘောတူညီချက်ထဲမှာ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့နဲ့ စစ်မျက်နှာအစုံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်ဖို့ စတာတွေ ပါဝင်မှာ ဖြစ်ပါတယ်။
ရေလက်ကြား စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး စစ်မဖြစ်ခင်က အခြေအနေအတိုင်း ပြန်သွားမှာ မဟုတ်ပေမဲ့ ဒီရေလက်ကြားရဲ့ အချုပ်အခြာအာဏာဟာ အီရန်နဲ့ အိုမန်နိုင်ငံတို့မှာပဲရှိပြီး သင်္ဘောတွေ ဘေးကင်းကင်း ဖြတ်သန်းနိုင်ဖို့ အီရန်က အာမခံပေးမယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် ဒီသဘောတူညီချက်ကြောင့် လက်ဘနွန်စစ်ပွဲ အဆုံးသတ်သွားမှာဖြစ်ပြီး အစ္စရေးဟာ သိမ်းပိုက်ထားတဲ့ နေရာတွေကနေ ဆုတ်ခွာသွားရမှာဖြစ်တယ်လို့ အာရက်ချီ က ပြောပါတယ်။
ဒါပေမဲ့ အစ္စရေး ကာကွယ်ရေးဝန်ကြီးကတော့ လက်ဘနွန်ထဲကနေ ဆုတ်ခွာမှာမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။
အစ္စရေး အဆင့်မြင့်အရာရှိတယောက်ကလည်း သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲက ခြိမ်းခြောက်မှုတွေကို နှိမ်နင်းဖို့အတွက် လွတ်လပ်စွာ လုပ်ပိုင်ခွင့် ဆက်ရှိနေဖို့ အစ္စရေးဘက်က မျှော်လင့်ထားကြောင်း ပြောပါတယ်။
အခုလို သဘောတူညီချက်ရဖို့ တိုးတက်မှုတွေ ရှိလာတာဟာ ပါရှန်းပင်လယ်ကွေ့ဒေသတွင်းမှာ အစ္စရေးနဲ့ အီရန်အကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့သလို၊ အီရန်ပစ်မှတ်တွေကို အမေရိကန်က တိုက်ခိုက်ပြီး အမေရိကန်စစ်စခန်းတွေလည်း ပြန်လည်လက်တုံ့ပြန် တိုက်ခိုက်ခံခဲ့ရတဲ့အထိ တင်းမာမှုတွေ ပြင်းပြင်းထန်ထန် မြင့်တက်ခဲ့ပြီးနောက် ရက်သတ္တပတ်အကုန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Source: Reuters










