DVB Logo
Home
မြန်မာသတင်း
လယ်မြေသိမ်းကိစ္စ အဆောတလျင် ဖြေရှင်းပေးရန် လွှတ်တော်တွင် ဆွေးနွေး
DVB
·
July 12, 2013
လယ်မြေသိမ်းကိစ္စ အဆောတလျင် ဖြေရှင်းပေးရန် လွှတ်တော်တွင် ဆွေးနွေး
Donate to DVB

လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး အဆောတလျင်ဖြေရှင်းပေးဖို့အဆိုကို ထောက်ခံဆွေးနွေးသူ ဒီနေ့ စံချိန်တင်ခဲ့ပါတယ်။

လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရတာကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်က ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။

ဒီအစီရင်ခံစာကို ဆွေးနွေးဖို့ တင်ပြထားသူပေါင်း ၄၃ ဦးရှိပြီး၊  ဇူလိုင် ၁၁ ရက်နဲ့ ၁၂ ရက်တို့က ထောက်ခံဆွေးနွေးခဲ့ကြရာမှာ ဆွေးနွေးသူ ထက်ဝက်လောက်ပဲ ဆွေးနွေးနိုင်ခဲ့ကြပါတယ်။
လွှတ်တော်ထဲ အခုလို ထောက်ခံဆွေးနွေးနေကြတာနဲ့ ပတ်သက်ပြီး လယ်ယာမြေစုံစမ်းရေးကော်မရှင်အဖွဲ့ဝင်တဦးလည်း ဖြစ်တဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက ခုလို ရှင်းပြပါတယ်။

“တနိုင်ငံလုံး ဒီလယ်ယာမြေ ပြဿနာနဲ့ ပွက်ပွက်ဆူအောင် ဖြစ်နေတဲ့ တကယ် ပြဿနာ ကြီးကိုတောင်မှ အစိုးရက အေးအေးဆေးဆေးလုပ်နေတာပေါ့ဗျာ။ ပြန်စည်းရုံးမယ်လို့၊ စစ်ဆေးရဦး မှာတို့ အဲဒီလို အချိန်ဆွဲနေတော့ တနိုင်ငံလုံး အခု ပြဿနာတွေ ဖြစ်လာပြီ။ ဒါကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေကို မဖြစ်ဖို့ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ပေးပါ။ စစ်တပ်ရဲ့ မူကို ကျနော်တို့ သိရှိနိုင်တယ်။ သူတို့ကတော့ ပေးမယ်လို့တော့ ပြောတာပေါ့။ ဒါပေမယ့် အခုထက်ထိ မပေးသေးတဲ့ အပေါ်မှာ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ပါ တိုက်တွန်းတဲ့သဘောပဲ။”

ဒီအဆိုကို လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌဦးတင်ထွဋ်က ဇူလိုင် ၁၁ ရက် ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

တနိုင်ငံလုံး လယ်မြေသိမ်းခံထားရတဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့  ပြီးခဲ့တဲ့ ၄ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးထဲ ဦးတင်ထွဋ်ကပဲ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီတုန်းကလည်း အခုလိုပဲ လွှတ်တော်အမတ် ၄၀ ကျော် ထောက်ခံ ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော်က ကော်မရှင်တရပ် ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။

လယ်သိမ်းမြေသိမ်းကိစ္စတွေဟာ လွှတ်တော်အမတ်အများစု ရင်ဆိုင်နေရတဲ့ ပြဿနာဖြစ်တာကြောင့် အခုလို အားတက်သရော ထောက်ခံဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

လွှတ်တော်ကော်မရှင်ရဲ့ စုံစမ်းတွေ့ရှိချက်တွေကို အစိုးရအဖွဲ့က ကိုင်တွယ်ဖြေရှင်းတဲ့နေရာ မှာ နှောင့်နှေးကြန့်ကြာတယ်ဆိုပြီး အစိုးရကို တွန်းအားပေး ဆွေးနွေးနေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013