DVB Logo
Home
မေးမြန်းခန်း
ပင်စင်လစာထုတ်ပေးမှု အခြေအနေ ညွှန်ကြားရေးမှူးနှင့် မေးမြန်းချက်
DVB
·
July 12, 2013
Donate to DVB

ပင်စင်စား ၅ သိန်းကျော်မှာ စ မတ်ကတ် ၃ သိန်းကျော် ထုတ်ပေးပြီးဖြစ်သလို ၁ သိန်းလောက်က လုပ်ပေးနေဆဲဖြစ်ပြီး ကျန်တာက ပင်စင်စားတွေကိုယ်တိုင် မလျှောက်ကြသေးတာလို့ ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းအောင်က ပြောပါတယ်။

စမတ်ကတ်လုပ်ပေးတာဟာ ပင်စင်လာထုတ်တဲ့အခါ တခါတည်းနဲ့ ထုတ်လို့ရအောင် လုပ်ပေးတာဖြစ်တယ်။ ပင်စင်သွားထုတ်ရင် ဘဏ်ကို ၃၊ ၄ ခါ သွားရတယ်ဆိုတဲ့ ကိစ္စတွေကိုလည်း ပြန်စိစစ်မယ်လို့ ဆိုပါတယ်။ ပင်စင်လစာထုတ်ပေးရာမှာ အရင်က လမကုန်ခင် ၁၀ ရက်နဲ့ လကုန်ပြီး ၁ ပတ်အတွင်း ထုတ်ပေးနေရာက အခု ဘဏ်ဖွင့်ရက်တိုင်း ထုတ်ပေးဖို့ ညွှန်ကြားထားတယ်လို့လည်း ပြောပါတယ်။

၂၀၁၃ခုနှစ် ဧပြီလကတည်းက တိုးမြှင့်ပေးခဲ့တဲ့ ပင်စင်လစာတွေ အခုထိ မရကြသေး သူတွေ ရှိနေတယ်။ စမတ်ကဒ် မရကြသေးသူတွေလဲ ရှိနေသေးတယ် ဆိုတဲ့ ဝေဖန်ပြောဆိုချက် တွေ ပေါ်ထွက်နေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းအောင်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

စမတ်ကတ်တွေလည်း အခုထိ သူတို့ အဆင်မပြေသေးဘူးပေါ့။ တိုးမြှင့်လစာတွေလည်း အခုထိ မရသေးဘူး။ သူတို့မှာ သွားပြီး ဒီစာရင်းတွေ သွားသွားကြည့်နေရတာ တော်တော်လေး ပြဿနာ ရှိတာပေါ့။ အန်ကယ်တို့ဘက်က ဘာများ ပြောစရာ ရှိလဲ။

“ပထမဦးဆုံး စမတ်ကတ် ကိစ္စ ပြောချင်တယ်။ စမတ်ကတ်က စုစုပေါင်း ဘဏ်တွေမှာ ပင်စင်စားဟာ ၅၁၈,၇၀၅ ဦးရှိပါတယ်။ အဲဒီအထဲမှာ မြို့ပြရော၊ ကာကွယ်ရေး ပင်စင်ရောပေါ့။ အဲဒီထဲကနေပြီးတော့ စမတ်ကတ် ထုတ်ပေးပြီးတာက ၃၄၇,၆၁၃ ဦး ဆိုတော့ ၇၀ ရာခိုင်နှုန်း ထုတ်ပေးပြီပြီပေါ့။ နောက် ၁၅ ရာခိုင်နှုန်း ၉၃,၉၀၇ ဦးဟာ လုပ်ပေးနေဆဲပါ။ နောက် ၁၅ ရာခိုင်နှုန်းကတော့ ပင်စင်စားတွေဟာ မလျှောက်သေးတဲ့ဟာပေါ။့ ဒါကတော့ စမတ်ကတ် ကိစ္စ အသက်ကြီးတဲ့ လူတွေပေါ့နော်။ ဦးတို့က တကယ်တော့ ပင်စင်လစာထုတ်တဲ့အခါမှာ ကိုယ်တိုင် မထုတ်ဘဲနဲ့ ကိုယ်စားလှယ်နဲ့ ထုတ်ခွင့်ပေးထား ပါတယ်။ ကိုယ်စားလှယ်နဲ့ ထုတ်ခွင့်ပေးထားပြီးတော့ ဘဏ်မန်နေဂျာကနေပြီးတော့ ပင်စင်စားသည် အသက်ရှိလျက်၊ မရှိဆိုတာကိုတော့ သူတို့က လူတွေ့စစ်ဆေးတာ ၆ လ ၁ ကြိမ် စစ်ဆေးပါတယ်။ သို့သော်လည်းပဲ အဲဒီ မကျန်းမာတဲ့ လူတွေဆိုရင် ဘဏ်ကို လာစရာ မလိုပါဘူး။ မကျန်းမာတဲ့လူနဲ့ အသက်ကြီးတဲ့လူဆိုရင် ဘဏ်ကပဲ ၀န်ထမ်းတယောက် လွှတ်ပြီးတော့ စစ်ဆေးပြီး ဆောင်ရွက်ပေးပါတယ်။ ဒီကိစ္စကိုလည်း ဘဏ်တွေမှာ အသက်ကြီးတဲ့ လူတွေ ကိုယ်တိုင်မလာပါနဲ့၊ ကိုယ်စားလှယ်နဲ့ ထုတ်နိုင်ပါတယ်ဆိုတဲ့ စာလေးတွေကပ် ကပ်ခိုင်းထားတယ်။ ဦးတို့ သတင်းစာထဲမှာလည်း ကိုယ်စားလှယ်နဲ့ ထုတ်ယူနိုင်ကြောင်းကို ထပ်ပြီးတော့ အသိပေးတာပေါ့နော်။ ဒါက အခုမှ မဟုတ်ဘူး။ တကယ်တော့ ပင်စင်တွေ ဘဏ်က စပေးတဲ့ ၁၉၇၂ ခုနှစ်တုန်းကတည်းက ပင်စင်ထုတ်ယူရမယ့်နည်းထဲမှာ ကိုယ်စားလှယ်နဲ့ ထုတ်ပေးနိုင်တယ်၊ နောက်ပြီးတော့ အသက်ကြီးတဲ့ လူတွေ ကိုယ်တိုင်လာစရာ မလိုဘူး။ ဒီလိုဆောင်ရွက်ပေးရမယ်ဆိုတာ ပါပြီးသား ဖြစ်ပါတယ်။

“ဦးရဲ့ အတွေ့အကြုံအရ ပြောမယ်ဆိုရင် တချို့ ပင်စင်စားတွေကလည်း အသက်ကြီးပေမယ့် ပင်စင်လစားထုတ်တဲ့အချိန်မှာ ကိုယ်တိုင် ထုတ်ချင်တဲ့ သူတွေ ရှိပါတယ်။ အဲဒီတော့ ဘဏ်တွေ ရောက်တဲ့အခါမှာ အသက်ကြီးတဲ့ အဘတယောက်က ပင်စင်လာထုတ်လို့ ဦးက မေးတယ်၊ ဘာလို့လာလဲ၊ အဘ ကိုယ်တိုင်မလာပါနဲ့ ကိုယ်စားလှယ် လွှတ်ပါ ဆိုတဲ့အခါကျတော့ သူက မဟုတ်ဘူး၊ ကိုယ်ပင်စင်ထုတ်တာ ကိုယ်တိုင်ထုတ်မှာပေါ့ ဆိုပြီးတော့။ တချို့ ကိုယ်တိုင်လာချင်တဲ့ လူတွေလည်း ရှိပါတယ်။

“နောက် ပြုံတိုးနေတဲ့ ကိစ္စလေးတွေကတော့ တဖြည်းဖြည်း နဲ့ အီးလ်ပင်စင်ကတ်တွေ ပြီးသွားရင်တော့ တိုးတဲ့ ကိစ္စဟာ သက်သာသွားမှာပါ။ နောက်တော့လည်း အီးလ်ပင်စင်ကတ် အခု သက်ဆိုင်ရာ ဘဏ်တွေမှာ ထုတ်ပေးတာ ပထမအဆင့်ပါ။ နောက် အဲဒါပြီးသွားလို့ရှိရင် သူရဲ့ ပရိုဂရမ်တွေကို မြင့်ပြီးလုပ်တဲ့အခါမှာ မည်သည့် ဘဏ်မှာ ပင်စင်စားက မြန်မာ စီးပွားရေးဘဏ်၊ နီးစပ်ရာဘဏ်မှာ ထုတ်လို့ရအောင် ဒါလည်း ထပ်ပြီးတော့ လုပ်သွားပေးဖို့ ရှိပါတယ်။ ပင်စင်စားတွေ အနေနဲ့ တိုးမြင့် ပင်စင်ပေးတဲ့ အချိန်လေးမှာတော့ ပင်စင်စားကလည်း ခုနက ပြောသလိုပဲ ပင်စင်လစာထုတ်တဲ့ အခါလေးမှာ ခါတိုင်းထက်တော့ နည်းနည်းလေးပိုပြီးတော့ လူများတဲ့ အနေအထားတွေ ရှိသလို ဦးတို့ ဘက်ကလည်း ဘဏ်ရယ်၊ ပင်စင် ဦးစီးဌာနရယ်ပေါင်းပြီးတော့ အမြန်ဆုံး အလွယ်ဆုံး ဖြစ်အောင် ဆိုပြီး လုပ်ပေးနေပါတယ်။ အခု ဘဏ်တွေမှာဆိုရင် အခါတိုင်း ပုံမှန် ပင်စင်ထုတ်ပေးတာ လမကုန်ခင် ၁၀ ရယ်၊ လကုန်ပြီး ၁ ပတ် ထုတ်ပေးရာကနေ အခု ဘဏ်ပိတ်ရက်က လွဲပြီး နေ့ တိုင်း ထုတ်ပေးပါဆိုပြီးတော့ လုပ်နေတာတွေ ရှိပါတယ်။”

စမတ်ကတ်သော်လည်းကောင်း၊ တိုးမြင့်လစာသော်လည်းကောင်း၊ အမည်စာရင်း ပါနေပေမယ့် ဘဏ်ကို ၃၊ ၄ ခါသွားမှ ရတတ်တယ်ဆိုတာ အဲဒါဘယ်လိုကြောင့်ပါလဲ။

“တကယ်တော့ ဦးတို့ ပင်စင်ဦးစီးဌာနက ပင်စင်စားလာရန် မလိုပါဘူး။ သူ သက်ဆိုင်ရာ ဌာနကနေ ပင်စင်ပေးမိန့်တွေ ပို့ပြီးတော့ စာရွက်စာတမ်းတွေ ပို့လိုက်ရင် ပင်စင်ဦးစီးဌာနက ငွေပေးမိန့် ထုတ်ပြီးတော့ ဘဏ်ကို ပို့ပေးတာပေါ့နော်။ ပင်စင်စားက ဘဏ်နဲ့ပဲ စေ့စပ်ရတာ ရှိပါတယ်။ ပင်စင်ဦးစီးဌာနကိုတော့ ပင်စင်စားက လာစရာ မလိုဘူး။ ဘဏ်မှာ ခုနက ပြောသလို အခေါက်ခေါက်အခါခါ လာရတယ် ဆိုတဲ့ဟာကတော့ စမတ်ကတ်ရပြီး စမတ်ကတ်က ဒီဗီဇာနဲ့ စက်ထဲမှာ ထည့်လိုက်ရင် ငွေလက်ကျန်နဲ့ တခါတည်း ပေါ်ပါတယ်။ ပေါ်ပြီးတဲ့ အခါကျတော့ ဟိုဘက်မှာ ငွေ တခါတည်း ထုတ်ယူလို့ ရတယ်။”

“စမတ်ကတ်လုပ်တဲ့ ရည်ရွယ်ချက်ကိုကလည်း ပင်စင်စားက ဘဏ်ကို ၂ ခေါက်မလာရအောင်ပေါ့နော် ပင်စင်ထုတ်ပေးတဲ့ နည်းက ၂ နည်း ပထမ မူလ နည်းတုန်းကဆိုရင် လစာတင်တာ တခေါက်လာရတယ်၊ နောက်ပြီးတော့ ငွေထုတ်ဖို့ တခေါက်လာရတယ်ပေါ့။ အခု စမတ်ကတ်ကတော့ တခေါက်တည်းပဲ လာရပါတယ်။ ဦးတို့ စမတ်ကတ်ကို တခေါက်တည်းနဲ့ ရအောင် လုပ်ပေးတာ ဖြစ်တော့ အဲဒီလို ၃၊၄ ခါ လာရတဲ့ ကိစ္စတွေ ရှိသလား မရှိဘူးလားဆိုတာ ထပ်ပြီးတော့ စိစစ်ကြည့်ပါမယ်။ အဲဒီလိုဟာမျိုးတွေ မရှိအောင်တော့ ဦးတို့ ဆောင်ရွက်သွားမှာပါ။

“ဘဏ်တွေမှာ ပင်စင်ထုတ်တဲ့ ပင်စင်စားဟာ ကာကွယ်ရေး ပင်စင်စားနဲ့ မြို့ပြ ပင်စင်စား ၂ မျိုးရှိတယ်။ ၂ မျိုးရှိတဲ့အခါကျတော့ ကာကွယ်ရေ ပင်စင်စားက တပ်မတော် ငွေစာရင်းရုံးတွေကနေပြီးတော့ အမိန့် ထုတ်ပေးတာ။ မြို့ပြ ပင်စင်စားကတော့ ဦးတို့ ပင်စင်ဦးစီးဌာနက ထုတ်ပေးတာ။ အဲဒီ ၅ သိန်းကျော်ထဲမှာ ၃ သိန်းကျော်ဟာ မြို့ပြ ပင်စင်စား။ အဲဒီ မြို့ပြ ပင်စင်စားတွေအတွက် တိုးမြင့် ပင်စင်လစာအသစ်ကို ဦးတို့ အကုန်းလုံး ထုတ်ပေးပြီးသွားပြီ။ ဦးတို့က ကွန်ပျုတာပရိုဂရမ်နဲ့ တခါတည်း ထုတ်ပေးလိုက်တာ။ ကာကွယ်ရေးကတော့ ပင်စင်စား တဦးချင်စီကို ပြန်တွက်ပြီးတော့ ပို့ပေးနေတော့ နည်းနည်းလေး နောက်ကျနေတာ ရှိပါတယ်။ ဒါလည်း အခုရက်ပိုင်းမှာ ကာကွယ်ရေးကလည်း ပင်စင်စား အရေးအတွက် ၂ သိန်းလောက် ရှိရာကနေပြီးတော့ တသိန်းနဲ့ ကိုးသောင်းလောက် ပြီးပြီး တသောင်းလောက်ပဲ ရှိပါတော့တယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013