DVB Logo
Home
Lead Story
ဘန်ကောက်မြန်မာသံရုံးတွင် ကြိုတင်မဲပေးမှုအခြေအနေနှင့်ပတ်သက်သည့် အမြင်များ
DVB
·
October 8, 2020
ဘန်ကောက်မြန်မာသံရုံးတွင် ကြိုတင်မဲပေးမှုအခြေအနေနှင့်ပတ်သက်သည့် အမြင်များ
1 / 6
Donate to DVB

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ဘန်ကောက်မြို့ရှိ  မြန်မာသံရုံးမှာ အောက်တိုဘာ ၃ ရက်က စတင်   ကြိုတင်ဆန္ဒမဲပေးနေကြရာမှာ  အောက်တိုဘာ ၇ ရက် အထိ မဲလာပေးသူ အရေအတွက် ၃၅၀၀ ‌ကျော်ရှိသွားပြီလို့ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ကြိုတင်ဆန္ဒမဲပေးပွဲ အတွေ့အကြုံနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သဘောထား အမြင်တွေကို   ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတချို့ကို မေးမြန်းပြီး စုစည်း ဖော်ပြလိုက်ပါတယ်။

ကိုသန်းဇော်ထိုက် ( မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းလုပ်သားအခွင့်အရေးကွန်ရက်အဖွဲ့) 

“ကျနော်ကတော့ တနင်္သာရီတိုင်း  ပုလောမြို့နယ်ကပါ။ အမှန်ဆိုရင် ကျနော့်စာရင်းက  အောက်တိုဘာ ၇ ရက်နေ့မှ မဲထည့်ရမှာ၊ အောက်တိုဘာ ၃ ရက်နေ့က ပထမဆုံးမဲရုံဖွင့်တော့ အခြေအနေသွားပြီးလေ့လာတာပေါ့။ ဟိုရောက်တော့ လူကထင်သလောက်မများဘူး၊ အဲဒီနေ့က မဲပေးရမယ့်လူစာရင်း ၁၈၀၀ ကျော်ရှိတာ။ ၃၀၀ ကျော် ၄၀၀ နီးပါးပဲ လာပေးတယ်လို့ သိရတယ်။ ကျနော်က ကိုယ့်အလှည့်မရောက်သေးပေမယ့် မဲထည့်လို့ရမလားဆိုတော့ တာဝန်ရှိသူတွေက ရတယ်ဆိုလို့ မဲထည့်ခဲ့ရပါတယ်ခင်ဗျာ။ မဲရုံက စနစ်တကျပြင်ဆင်ထားတာ တွေ့ရတယ်။ ထိုင်းရဲ တွေလည်း လုံခြုံရေးယူပေးတယ်။ ကိုဗစ်-၁၉ ကာကွယ်ဖို့ အပူချိန်တိုင်းတာ၊ လက်ဆေးဖို့ အယ်လ်ကိုဟောဂျယ်လီတွေလည်း ထားပေးပါတယ်။ ကျနော့်နာမည်စာမည်စာရင်းက အဲဒီ ၃ ရက်နေ့မှ မပါပေမယ့် တာဝန်ရှိသူတွေက သေချာပြန်ရှာပေးတယ်။ ကျနော်တို့ဘက်ကလည်း ကိုယ့်အမှတ်စဉ်နံပါတ်ကို ကိုယ့်ဖာကိုယ်မှတ်ထားတော့ ရှာရပိုလွယ်တာပေါ့။ မဲလာထည့်တဲ့ သူနည်းရတဲ့အကြောင်းကတော့  သံရုံးက မဲဆန္ဒရှင်အမည်စာရင်းနဲ့ လာထည့်ရမယ့်ရက်ကို အင်တာနက်လူမှုကွန်ရက်ပေါ်တင်ထားပေးတယ်။ ဒါပေမဲ့ မဲထည့်မယ့်သူအများစုက ရွှေ့ပြောင်း အလုပ်သမားတွေလေ၊ သူတို့က ဖေ့စ်ဘွတ်ခ် အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးချိန်မရှိဘူး။ သုံးရင်လည်း သံရုံးရဲ့ ဖေ့စ်ဘွတ်ခ်ကို ရှာတတ်ပြန်ဘူး။ တချို့က သံရုံးဖေ့စ်ဘွတ်ခ် စာမျက်နှာ တွေ့ပြန်တော့ စာမျက်နှာတွေက အများကြီးဆိုတော့ ရှာရတာခက်နေတယ်။ သံရုံးကလည်း အလုပ်များလို့နဲ့တူပါတယ်။ ကောင်းကောင်းစိစစ်ပြီး မတင်ပေးနိုင်ဘူး၊ တချို့က နာမည်ပါမလာဘူး။ တချို့ကတိုင်းဒေသကြီးတွေရောနေတယ်။ ပြီးတော့ မဲသွားထည့်ရမယ့်အချိန်နဲ့ လူစာရင်းကို တရက်အလိုမှ ကပ်ပြီးကြေညာတော့မသိလိုက်ဘူးပေါ့ ၃ ရက်နေ့က၊ အဲလိုတွေရှိတယ်။ နာမည်စာရင်းမကြည့်တတ်တဲ့ အလုပ်သမားတွေရှိရင် ကျနော်တို့ MWRN အဖွဲ့ ၀၃၄ ၄၂၅၀၈၄ ကိုဆက်သွယ်လိုက်ပါ ကျနော်တို့ကူရှာပေးနေတယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။”

ကိုကျော်ဖြိုးဝေ (ဘန်ကောက်ရောက် ရွှေ့ပြောင်းလုပ်သား) 

“မဲထည့်ရတာ တချို့လူအတွက်လည်းလွယ်တယ်။ ဘန်ကောက်အနီး တဝိုက်ဆိုရင်ပေါ့။ တချို့အတွက်လည်း မလွယ်ဘူး။ ဘာလို့လဲဆိုတော့ တချို့က နယ်တွေမှာ၊ အဝေးကြီးမှာ၊ စာရင်းက ရက်ကပ်ပြီးမှထွက်လာတော့ အလုပ်ရှင်ဆီကြိုတင်ခွင့်တောင်းဖို့ရာ မမီတော့ဘူး။ ဖေ့စ်ဘွတ်ခ်ပေါ် တင်ထားတဲ့ အမည်စာလုံးတွေသေးတာ ရှာရခက်တာရှိတယ်။ သူတို့လည်း လူတွေအများကြီးကို စာလုံးကြီးကြီးနဲ့ရေးပေးဖို့က ခက်ခဲပါလိမ့်မယ်။

နန်းအေးရွှေ (ဘန်ကောက်ရောက်ရွှေ့ပြောင်းလုပ်သား)

“မနေ့က မဲသွားထည့်ခဲ့ပြီ၊ မဲရုံ ၁-၂ -၃ ခွဲထားတော့ လူလည်းသိပ်မများဘူး။ အမှန်တော့ ရှမ်းပြည်နယ်အလှည့်မကျသေးဘူး။ ဒါပေမဲ့ ပေးထည့်တော့ ထည့်လိုက်တယ်။ အဆင်ပြေတယ် ၊ စိတ်ရှည်လက်ရှည်ရှင်းပြတယ်။  ဒါပေမဲ့သံရုံးမှာ မြန်မာလို မေးပြီး မြန်မာလိုပဲ ဖြေရမယ်နော်။ မြန်မာလို မတတ်ရင်အခက်အခဲဖြစ်မယ်။ မြန်မာလိုမတတ်ဘဲ မဲသွားထည့်ရင် ကိုယ့်ကိုဘာသာပြန်ပေးမယ့်အဖော်ခေါ်သွားသင့်တယ်။ ဘာသာပြန်က အထဲထိတော့ လိုက်ဝင်သွားလို့ မရဘူးနော်။ ကျမသူငယ်ချင်းတွေထဲမှာ မြန်မာစာမတတ် မြန်မာစကား မတတ်သူတွေ အများကြီးပဲ။ တချို့ကလည်း ရုံးတွေဘာတွေ သွားရမှာကြောက်တယ်။  သူတို့သွား မထည့်ရင် မထည့်တတ်ရင် အလကား ဖြစ်ကုန်မယ်။”

ဦးမိုးကြိုး (ဥက္ကဋ္ဌ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ) 

“ကျနော်တို့ မဲဆောက်က ဒီရွေးကောက်ပွဲမှာ နိုင်ငံသားအခွင့်အရေး ရှိမှန်းလည်း သိပါတယ်။ လုပ်သင့်မှန်းလည်း သိတယ်။ ထည့်လည်းထည့်ချင်တယ်။ သံအရာရှိရုံးမှာ မဲပေးခွင့်လျှောက်လွှာ တင်ထားကြတာလည်း ၁၆၀၀ လောက်ရှိတယ်။ အစက မဲဆောက်မှာ မဲရုံခွဲလေးတစ်ခုများ ဖွင့်ပေးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့လေ။ ဒါပေမဲ့ ဘန်ကောက်ထိသွားပေးမှရမှာဆိုတော့ကာ အခက်အခဲတွေရှိတယ်။ နံပါတ် (၁) ခရီးသွားလာနိုင်ဖို့ လိုအပ်တဲ့အထောက်အထား စာရွက် စာတမ်းပြည့်စုံမှု ၊ နံပါတ် (၂) ကိုဗစ်-၁၉ ကင်းစင်ကြောင်း ဆေးလက်မှတ်သွားလုပ်ရမယ်၊  နံပါတ် (၃) ခရီးစရိတ်စက သွား ရမှာက ၁ ရက်ထဲနဲ့မပြီးဘူးလေ။ တည်းခိုဖို့ကိစ္စ၊ ဘန်ကောက်မှာ သွားတတ်လာ တတ်ဖို့လည်းလိုသေးတယ်။ အဲဒီတော့ ကျနော်သိတဲ့ထဲကတော့ ဘယ်သူမှသွား မထည့်ကြပါဘူး ခင်ဗျာ။ ထိုင်းနိုင်ငံမှာ ကျနော်တို့မြန်မာနိုင်ငံသား ၂ သန်းကျော်ရှိတယ်။ မဲပေးဖို့ စာရင်းတင်ထားတာ ၃၀၀၀၀ ကျော်ပဲရှိတယ်။ အဲဒီ ၃၀၀၀၀ ကျော်က အကုန်လာပေးနိုင်လိမ့်မယ်လို့ ကျနော်ကတော့ မထင်ပါဘူးခင်ဗျာ။

ကိုမြင့်ဝေ (Thai Action Committee for Democracy in Burma) ဒါရိုက်တာ 

“ကိုဗစ်-၁၉ ကြောင့် ထိုင်းနိုင်ငံက မြန်မာမဲဆန္ဒရှင်တွေတော်တော်များမဲမပေးရဘူး။ သံရုံးမှာ မဲထည့်မှုအခြေအနေ စောင့်ကြည့်တဲ့အဖွဲ့လည်း မရှိဘူး။ လုပ်အားပေးတဲ့အဖွဲ့တွေကလည်း လုပ်ငန်းစဉ်အားလုံးကို စောင့်ကြည့်ပိုင်ခွင့်မရှိဘူး။ နိုင်ငံတကာကပြည်သူတွေ ထည့်လိုက်တဲ့ မဲပြားတွေကို မြန်မာနိုင်ငံပြန်ပို့တဲ့အချိန်မှာ မြန်မာသံရုံးရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်က ဘယ်လောက်ထိရှိလဲ၊ ဥပမာ မဲပုံးကို မြန်မာသံရုံးကဖွင့်တာလား ဖွင့်ပြီးတော့ သက်ဆိုင်ရာမြို့ နယ်တွေကို ခွဲပေးရတာလား၊ ဒါမှမဟုတ်ရွေးကောက်ပွဲကော်မရှင်ဆီ တိုက်ရိုက်ပို့ပြီး ရွေးကောက်ပွဲ ကော်မရှင်က သက်ဆိုင်ရာမြို့နယ်ဆီခွဲပေးတာလား ဘယ်သူက တာဝန်ယူလဲ၊ မဲပုံးတွေဖွင့်ပြီး ခွဲပေး နေမှာလည်း စိုးရိမ်စရာ အဲဒါလည်းမေးစရာဖြစ်နေတယ်။ ဒီမိုကရေစီစနစ်မှာ သံရုံးက ဝန်ထမ်းပဲ ဖြစ်ဖြစ်၊ သံအမတ်ပဲဖြစ်ဖြစ်၊ ဒုတိယသံမှူးကြီးပဲဖြစ်ဖြစ် ဘယ်သူမှတဦး တယောက်ကို ယုံကြည် တယ်ဆိုတာ မရှိဘူး။ လူအားလုံးရဲ့ရှေ့မှာ ကိုယ်စားပြုတဲ့ လူတွေ အဖွဲ့အစည်းတွေကနေသာ သက်သေခံအဖြစ် အသိအမှတ်ပြုချိတ်ပိတ် ဒါမျိုးလုပ်ရမှာ။”

 ဓာတ်ပုံ- MOFA

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013