
ထိုင်းတောင်ပိုင်းကနေ မြန်မာသံရုံးထောက်ခံစာနဲ့ နေရပ်ပြန်မယ့် မြန်မာအလုပ်သမား ၉ ဦးဟာ လိုရာအရပ်မရောက်ခင် လမ်းခုလတ်မှာ ကားသမားရဲ့ စွန့်ပစ်တာကို ခံခဲ့ရပါတယ်။
ထိုင်းတောင်ပိုင်း ဖူးခက်ခရိုင်က အလုပ်သမား ၉ ဦးဟာ နေထိုင်ခွင့် အထောက်အထား မပြည့်စုံ၊ ထိုင်းမှာလည်း အလုပ်ရှာလို့မရတာကြောင့် မြန်မာပြည်ပြန်ဖို့ ဆုံးဖြတ်ခဲ့ပြီး အလုပ်သမားကူညီရေးအဖွဲ့ကလို့ဆိုတဲ့ လူတစ်ယောက်ဆီ ဆက်သွယ်အကူညီတောင်းခံခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီပုဂ္ဂိုလ်က သံရုံးထောက်ခံစာ ၁ စောင်ကို ဘတ် ၅၀၀၀ ကျမယ်ပြောပြီး ၉ ယောက်စာ ဘတ် ၄၅၀၀၀ ယူကာ ကားပေါ်တင်ပေးလိုက်ပေမယ့် လမ်းမှာချထားခဲ့တာလို့ အေအေစီ အလုပ်သမား ကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။
“အလုပ်သမား ၉ ယောက်၊ အမျိုးသမီး ၃ ယောက် အမျိုးသား ၆ ယောက်ပေါ့ သူတို့ကနေပြီး အိမ်ပြန်ဖို့ အခက်အခဲဖြစ်နေတယ်ဆိုပြီးတော့ကာ ကျနော်တို့အဖွဲ့ဆီကို မနေ့က ဆက်သွယ်လာပါ တယ်ခင်ဗျ။ သူတို့က အိမ်ပြန်ဖို့ သံရုံးထောက်ခံစာ ၁ စောင် ဘတ် ၅ ထောင်စီကို ပွဲစားဆီ ပေးထားပြီး ပွဲစားက ကားလက်မှတ်ဖြတ်ပြီး ကားပေါ်တင်ပေးလိုက်တယ်။ လမ်းမှာ သက်ဆိုင်ရာ တွေ ပြောထားပြီးသားလို့လည်းဆိုတယ်။ မဲဆောက်မြို့နယ်ဝင်ဖို့ တောင်ပေါ်လမ်းမတက်ခင်မှာ အိမ်တစ်အိမ်ဆီခေါ်သွားပြီး ကားပြောင်းစီးရမယ်။ ခနစောင့်ဆိုပြီးထားခဲ့တာ ၃ ရက်ကျော်ပြီ ဘယ်သူမှလာမခေါ်တော့ဘူး။ အဲဒါ ဒီနေ့မှ လာမကြိုရင် ရဲဆီသွားအဖမ်းခံပြီး ရဲကနယ်စပ်ပြန်ပို့တဲ့ ထိ စောင့်ဖို့ပဲလို့ ပြောတယ်။”
အဆိုပါ ပွဲစားမှာ သူ့ကိုယ်သူ စူရတ်ဌာနီအခြေစိုက် အလုပ်သမားကူညီရေးအဖွဲ့ မြန်မာသံရုံးနဲ့ နီးစပ်သူလို့ ပြောတာကြောင့် အလုပ်သမားတွေက ယုံကြည်ခဲ့ကြောင်း၊ တောင်ခြေမှာ ပစ်ထား ခံရတော့ အဆိုပါနေအိမ်က တညကို အခန်းခ တစ်ယောက် ဘတ် ၁၀၀ စီယူပြီး သူတို့ကို ကြားခံ ဆက်သွယ်ပေးတဲ့လူက တည်းခိုခ ၂ ရက်စာသာ ဘဏ်ကနေငွေလွှဲပေးကြောင်း၊ နောက်ပိုင်းမလွှဲ တော့တဲ့အတွက် စားနပ်ရိက္ခာအတွက်ပါ အခက်အခဲဖြစ်နေတာလို့ ဆိုပါတယ်။
အဆိုပါ ပွဲစားဆိုသူအား အေအေစီအဖွဲ့က ဆက်သွယ်မေးမြန်းရာမှာ အလုပ်သမားတွေဆီက အမှန်တကယ်ငွေယူခဲ့ကြောင်း ဝန်ခံပြီး ကားခ တယောက် ဘတ် ၁၈၀၀ နဲ့ နယ်စပ်ကိုအရောက်ပို့ခဲ့ကြောင်း ပြောတယ်လို့ ဆိုပါတယ်။
အဆိုပါ ပွဲစားဖုန်းနံပါတ်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့ ဖုန်းမှားနေတယ်လို့သာ အကြောင်းပြန်ခဲ့ပါတယ်။
အေအေစီ ဒါရိုက်တာ ဦးခိုင်ကြီးက သူသိရသလောက် သံရုံးထောက်ခံစာယူရင် အဲသ လောက်ပိုက်ဆံအများကြီးမကုန်ကြောင်း ၊ မြန်မာသံရုံးဆီ အကူအညီတောင်းဖို့ မြန်မာသံအရာ ရှိ တွေကို ကြိုးစားဆက်သွယ်ပေမယ့် ဖုံးမကိုင်လို့ အခက်တွေ့နေတယ်လို့ ဆိုပါတယ်။
အလားတူ ဒီဗွီဘီကလည်း မြန်မာသံအရာရှိတွေ ကြညာထားတဲ့ ဖုန်းနံပါတ်တွေဆီ ဆက်သွယ်ပေမယ့် ဖုန်းကိုင် ဖြေကြားပေးသူ မရှိပါဘူး။











