DVB Logo
Home
မြန်မာသတင်း
ဆန္ဒမဲပေးလိုမှုနှင့် နိုင်ငံရေးစိတ်ဝင်စားမှု လျော့နည်းကျဆင်းလာဟု စစ်တမ်းထုတ်ပြန်
DVB
·
October 7, 2020
ဆန္ဒမဲပေးလိုမှုနှင့် နိုင်ငံရေးစိတ်ဝင်စားမှု လျော့နည်းကျဆင်းလာဟု စစ်တမ်းထုတ်ပြန်
Donate to DVB

၂၀၂၀ မှာ မြန်မာပြည်သူတွေရဲ့ ဆန္ဒမဲပေးလိုမှုနဲ့     နိုင်ငံရေးအပေါ် စိတ်ဝင်စားမှု အခြေအနေဟာ  ၂၀၁၅ တုန်းကထက် လျော့နည်းကျဆင်းသွားတယ်လို့ စစ်တမ်းတရပ်မှာ ဖော်ပြထားပါတယ်။ 

၂၀၂၀ ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှုနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့(PACE)က သြဂုတ်လ ပထမပတ်တုန်းက အကြိုစစ်တမ်းကောက်ယူခဲ့ပြီး အောက်တိုဘာ ၆ ရက်က ထုတ်ပြန်တဲ့ စစ်တမ်းမှာ ဖော်ပြထားတာပါ။

စစ်တမ်းဖြေဆိုသူတွေအထဲက ရွေးကောက်ပွဲမှာ ကျိန်းသေမဲပေးမယ်လို့​ ဖြေဆိုသူ တနိုင်ငံလုံး အတိုင်းအတာနဲ့  ၄၅ ရာခိုင်နှုန်းလောက်သာရှိတယ်လို့ စစ်တမ်းအရ သိရပါတယ်။ 

တိုင်းဒေသကြီးတွေမှာတော့ သေချာပေါက် မဲပေးမယ့်သူ ၄၉ ရာခိုင်နှုန်း၊  ပြည်နယ်တွေမှာ သေချာပေါက် မဲပေးလိုသူ ၃၅ ရာခိုင်နှုန်းနဲ့  လူဦးရေထူထပ်တဲ့ မြို့ပြ ရန်ကုန်မြို့မှာတော့ သေချာပေါက် မဲပေးလိုသူ  ၄၄ ရာခိုင်နှုန်းအထိ ရှိတယ်လို့ စစ်တမ်းမှာ ဖော်ပြပါတယ်။

အဲဒီအချက်ဟာ ပြီးခဲ့တဲ့နှစ် ၂၀၁၉ ခုနှစ်က ကောက်ယူထားတဲ့ စစ်တမ်းနဲ့စာရင် ရလဒ် မကွာပေမယ့် ၂၀၁၅ ခုနှစ်ကထက်တော့ လျော့နည်းသွားတယ်လို့ PACE အဖွဲ့ကဆိုပါတယ်။

အလားတူပဲ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုဟာလည်း ၂၀၁၅ ခုနှစ်ကထက်စာရင် လျော့နည်းလာတယ်လို့ ဆိုပါတယ်။  လူထုရဲ့ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုဟာ ၂၀၁၅ မှာ ၄၃ ရာခိုင်နှုန်းရှိရာက  ၂၀၁၆ ခုနှစ်မှာ  ၅၈ ရာခိုင်နှုန်းအထိ အမြင့်ဆုံးတက်ခဲ့ပြီး ၂၀၂၀ မှာတော့ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားတာပါ။

PACE အဖွဲ့ရဲ့ စီမံကိန်း အစီအစဉ်မန်နေဂျာ ဦးဟန်စိုးထွန်းက “၂၀၁၆ အန်အယ်လ်ဒီ အစိုးရအာဏာ ရလာတဲ့အချိန်မှာ ပြည်သူတွေရဲ့ နိုင်ငံရေးစိတ်ဝင်စားမှု အကောင်းမြင်မှုတွေ ရေချိန် အမြင့်ဆုံးဖြစ်ခဲ့ပြီး ၂၀၁၈ မှာ သိသိသာသာပြန်ကျသွားခဲ့ပါတယ်။ အခုလက်ရှိ ၂၀၂၀ မှာတော့ ပြည်သူတွေရဲ့စိတ်ဝင်စားမှုဟာ ၂၀၁၄ ခုနှစ်တုန်းကအတိုင်းလို ပြန်ဖြစ်သွားတယ်''လို့  ပြောပါတယ်။

အဲဒီစစ်တမ်းကို ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှု မမြင့်မားခင်အချိန်က ကောက်ယူထားတာဖြစ်ပြီး လက်ရှိမှာ ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှုနှုန်း မြင့်မားလာတဲ့အတွက် မဲပေးမယ့်ရာခိုင်နှုန်း ပိုမိုလျော့ကျလာနိုင်တယ်လို့လည်း ဦးဟန်စိုးထွန်းက သုံးသပ်ပါတယ်။

ဒါကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးမယ့်သူ ရာခိုင်နှုန်းကောင်းမွန်စေဖို့ မဲဆန္ဒရှင်တွေရဲ့ ကျန်းမာရေးဆိုင်ရာ လုံခြုံမှုနဲ့ပတ်သက်ပြီး အာမခံချက်ရှိအောင် ဆောင်ရွက်ဖို့ တိုက်တွန်းပြောပါတယ်။

PACEအဖွဲ့ရဲ့ အဲဒီစစ်တမ်းအစီရင်ခံစာပါ အချက်တွေနဲ့ပတ်သက်လို့ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကတော့ လက်မခံပါဘူး။

အဲဒီစစ်တမ်းဟာ ရွေးကောက်ပွဲကမ်ပိန်းတွေ မလုပ်ခင်က ကောက်ယူထားတာဖြစ်ပြီး ရွေးကောက်ပွဲကမ်ပိန်းတွေဆောင်ရွက်ပြီးချိန်မှာတော့ လူထုစိတ်ဝင်စားမှုဟာ မြင့်တက်လာတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်ကပြောပါတယ်။

ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲတုန်းက ထက်တောင် မဲပေးတဲ့သူ ရာခိုင်နှုန်းတိုးလာနိုင်သေးတယ်လို့လည်း ခန့်မှန်းပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၃၄ သန်းထဲကမှ တိုင်းနဲ့ ပြည်နယ် အားလုံး အတိုင်းအတာအနေနဲ့ လူဦးရေအချိုးကျစနစ် အသုံးပြုပြီး စေတနာ့ဝန်ထမ်း အင်အား အယောက် ၃၀၀ လောက်ရဲ့ အကူအညီနဲ့  မေးမြန်းမှု ၂၅၇၇ ခု ပြုလုပ် စစ်တမ်း ကောက်ယူခဲ့တာပါ။

ဒါပေမဲ့ အဲဒီတွေ့ဆုံမေးမြန်းမှုတွေပြုလုပ်ရာမှာတော့ ပဋိပက္ခဖြစ်နေတဲ့ ရခိုင်၊ ကချင်နဲ့ ချင်းပြည်နယ်တို့မှာ ရည်မှန်းထားတဲ့ အရေအတွက်အတိုင်း မပြုလုပ်နိုင်ခဲ့တဲ့အတွက် အဲဒီဒေသက ပြည်သူတွေရဲ့ သဘောထားကိုတော့ မထင်ဟပ်နိုင်ဘူးလို့ ဆိုပါတယ်။

ဒီစစ်တမ်းနဲ့ ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်ကိုတော့ ဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပဖို့ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတာဖြစ်လို့ ကျင်းပဖို့ တစ်လသာ လိုပါတော့တယ်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု မြင့်တက်နေချိန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဖြစ်လို့ ကျန်းမာရေး စည်းမျဉ်းတွေနဲ့အညီ မဲရုံတွေကို ပြင်ဆင်ထားဖို့ကိုလည်း ကော်မရှင်ဘက်က လမ်းညွှန်ချက်တွေ ထုတ်ပြန်ထားပါတယ်။

သတင်း- ထက်ဝေအောင်/  နွေလှိုင်း(YU)

ဓာတ်ပုံ-PACE

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013