
ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ ပလပ်စတစ်ပေါ်မှာ ၅ ရက်လောက်နေနိုင်ပြီး ခုချိန်အထိတော့ ငွေစက္ကူတွေကနေ ကူးစက်တဲ့လူနာ မတွေ့ရသေးဘူးလို့ မြန်မာကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး အမေးအဖြေကဏ္ဍမှာ ပြောခဲ့တာဖြစ်ပြီး မှန်တို့၊ သစ်သားတို့၊ စက္ကူတို့ပေါ်မှာကျတော့ ၄၊ ၅ ရက်လောက် နေနိုင်တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာန အငြိမ်းစား ဒုဝန်ကြီး ဒေါက်တာဝင်းမြင့်က ပြောပါတယ်။
“Droplets(အမှုန်အမွှား လေးတွေ) ကျသွားရင် ပလပ်စတစ်ဘူးခွံပေါ်မှာ ဘယ်လောက်နေမလဲဆိုရင် ၅ ရက်လောက်နေ နိုင်ပါတယ်။ နောက်တခုက Stainless Steel တွေပေါ်မှာ ၄၈ နာရီလောက်ထိ နေနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း မှန်တို့၊ သစ်သားတို့၊ စက္ကူတို့ပေါ်မှာကျတော့ ၄၊ ၅ ရက်လောက်ထိ နေနိုင်ပါတယ်။ ဒါက လက်ရှိသုတေသနတွေ့ရှိချက် ဖြစ်ပါတယ်”
စက္ကူပေါ်မှာ ၄၊ ၅ ရက်နေနိုင်ပေမယ့် ခုချိန်ထိတော့ ငွေစက္ကူတွေကနေ ကူးစက်ခံရသူ မရှိသေးဘူးလို့လည်း သူကပြောပါတယ်။ ဒါပေမဲ့ ငွေစက္ကူကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ ဆေးရင်တော့ ကူးစက်ဖို့ အခွင့်အရေးမရှိသလောက် ဖြစ်သွားမယ်လို့ ဆိုပါတယ်။
ဗိုင်းရပ်စ်ပါတဲ့ အမှုန်အမွှားတွေကပ်နေတဲ့အရာတွေကို ကိုင်ပြီး နှာခေါင်း၊ မျက်စိ၊ ပါးစပ်တို့ကို ကိုင်မိရင် ပိုးကူးနိုင်တာကြောင့် လက်ကို မကြာခဏဆေးဖို့ သူက တိုက်တွန်းပါတယ်။
ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာညွန့်သိန်းက စင်ကာပူရဲ့ သေဆုံးမှု တော်တော်နည်းတာ ကြောင့် နိုင်ငံတွေက လိုက်လေ့လာကြတဲ့အခါ အရေးကြီးတာ ၅ ချက် တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါတွေကတော့ စင်ကာပူရဲ့ လူဦးရေ ၉၀ ရာနှုန်းဝန်းကျင်ဟာလူငယ်လူရွယ်နဲ့ ကျန်းမာသန်စွမ်းသူတွေ ဖြစ်နေတာ၊ ဘဏ္ဍာရေးနဲ့ လူဦးရေးအားသာချက်၊ နှာခေါင်းစည်းတပ်ဖို့ ဥပဒေထုတ်လိုက်တာ စတာတွေ ဖြစ်တယ်လို့ ပြောပါတယ်။
“နောက်ဆုံး နံပါတ် ၅ အချက်ကတော့ စင်ကာပူမှာ ကိုဗစ်ကြောင့် သေတယ်ဆိုတဲ့ သေနှုန်းကို သူတို့တွက်တဲ့အခါ သူတို့က ကိုဗစ်သက်သက်ကို တွက်တယ်။ ဆိုကြပါစို့၊ နှလုံးရောဂါရှိတဲ့သူတယောက်က Heart Attack နဲ့ဆေးရုံရောက်ပြီးတော့ ကိုဗစ်လည်းရှိတယ်။ Heart Attack နဲ့လည်းဆုံးတယ်။ အဲဒါကို ကိုဗစ်ထဲ ထည့်မတွက်ဘူး။ ထိုနည်းတူစွာပဲ ကျောက်ကပ်ရောဂါ ထည့်မတွက်ဘူး။ သွေးရောဂါထည့်မတွက်ဘူး။ ဒါကြောင့်မို့ ကိုဗစ်နဲ့ သူတို့သေနှုန်းက အရင်လောက် (SARS လောက်) မများဘဲ အခုအချိန်ထိ ၂၇ ယောက်ပဲ ရှိနေတာပါ” လို့ ပြောပါတယ်။
အခုတော့ စင်ကာပူရဲ့ ပုံစံကို မြန်မာနိုင်ငံကလည်း လိုက်လုပ်နေပြီး ဘဏ္ဍာရေးနဲ့ လူဦးရေ အခြေအနေမှာ လိုက်မီဖို့ ကြိုးစားနေတုန်းလို့ ဆိုပါတယ်။
ပြီးတော့ ဗီတာမင်ဆေးတွေဟာ ကိုဗစ်-၁၉ ကို တိုက်ရိုက်ကာကွယ်နိုင်မှာ မဟုတ်ဘဲ ကိုယ်ခံစွမ်းအားမြင့်ဖို့ သောက်ချင်ရင်တော့ သင့်တော်ရုံသောက်နိုင်တယ်လို့ ဒေါက်တာ ဝင်းမြင့်က ပြောပါတယ်။ ဒါ့အပြင် လူခန္ဓာကိုယ်ကို ပိုးသတ်ဆေးဖြန်းတာမလုပ်ဖို့၊ နှာခေါင်းကို ဆားရည်နဲ့ဆေးတာ မလုပ်သင့်ဘူးလို့လည်း ဆိုပါတယ်။










