DVB Logo
Home
မြန်မာသတင်း
ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရသည့် မြန်မာအမျိုးသမီး ၁၀ ဦးကို ကယ်တင်
DVB
·
July 11, 2013
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ပြည့်တန်ဆာအဖြစ် အတင်းအကျပ်ခိုင်းစေခံနေရတဲ့ မြန်မာအမျိုးသမီး ၁၀ ဦးကို ဇူလိုင်လ ၁၀ ရက်နေ့ညက ထိုင်း-မြန်မာပူးပေါင်းပြီး ကယ်ထုတ်လိုက်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် ကရပူရီမြို့နယ် နန်းယန်းလှေဆိပ်က  အိမ်ခန်း ၅ ခုမှာ  မြန်မာမိန်းကလေးတွေ  ပြည့်တန်ဆာအဖြစ် အတင်းအကျပ် ခိုင်းစေခံနေရတယ်ဆိုတဲ့ တိုင်ကြားချက်အရ ထိုင်းနိုင်ငံ အထူးမှုခင်း စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့၊ ဖန်ငအခြေစိုက် ပညာရေးဖောင်ဒေးရှင်းအဖွဲ့ဝင်တွေ၊ ထိုင်းရောက် မြန်မာအလုပ်သမား ကူညီရေးအဖွဲ့တွေ ပူးပေါင်း ကယ်တင်လိုက်တာ ဖြစ်ပါတယ်။

ကူညီကယ်ထုတ်ပုံခဲ့ပုံကို မြန်မာနိုင်ငံသားများအဖွဲ့ရဲ့ ဒါရိုက်တာ ဦးကျော်သောင်းက “မနေ့က ကျနော်တို့ ည ၈ နာရီလောက်မှာ ဒေသခံ ရဲတွေနဲ့ သွားဝိုင်းတဲ့အခါမှာ အလုပ်ရုံ ၅ ခုစလုံး အားလုံး ပိတ်လိုက်ပြီးတော့ မြန်မာ ပြည့်တန်ဆာတွေကို အကုန်လုံး တောထဲကို ခနရှောင်နေကြဆိုပြီးတော့ ရှောင်ခိုင်းထားတယ်တဲ့။ သွားဝိုင်းတဲ့အခါ ကျနော်တို့ တယောက်မှ မတွေ့တော့ ကျနော်တို့ အဖွဲ့ထဲက တယောက်က ဟိုသွားဒီသွား ရှာနေတယ်။ အဲဒီအချိန်မှာ မမျှော်လင့်ဘဲနဲ့ ထားဝယ်က အမျိုးသမီး  အသက် ၂၂ နှစ်လောက်၊ နောက် ၁၇ နှစ် အရွယ် ကောင်းမလေးတယောက်က ထွက်လာတဲ့အချိန်မှာ ကျနော်တို့ အဖွဲ့နဲ့ တွေ့ပြီးတော့ ကျနော်တို့က တိုးတိုးတိတ်တိတ် ပြောတယ်။ သမီးတို့ကို လာဖမ်းတာ မဟုတ်ဘူး၊ သမီးတို့ မိဘတွေဆီ ပြန်ပို့မှာ သမီးတို့ ဒီဘ၀က မလွတ်မြောက်နိုင်တာ ဦးတို့ သိလို့ လာကယ်ထုတ်တာ သမီးဆိုတော့ သူတို့ ယုံကြည်သွားတယ်။ သူတို့ ထလိုက်ကြတယ်။ ကျနော်တို့ရှေ့မှာ ဟေး ဒီဘ၀က လွတ်ပြီး လွတ်ပြီး လွတ်ပြီး အသံထွက်အော်ပြီးတော့ ကကြတာဗျ။ ဒါနဲ့ ကျနော်တို့ တနာရီလောက်ကြာအောင် ပတ်ပြီးတော့ ရှာကြတယ်။ နောက်ဆုံးကြတော့ သူတို့ တဖြည်းဖြည်း ထွက်လာကြတယ်၊ ဆိုတော့ ကျနော်တို့ စုစုပေါင်း ၁၀ ယောက် အောင်အောင်မြင်မြင်ပဲ ကျနော်တို့ ကယ်တင်နိုင်ခဲ့တယ်” လို့ ပြောပါတယ်။

တောထဲ ရှောင်းတိန်းခိုင်းထားတဲ့အထဲမှာ မြန်မာမိန်းကလေး စုစုပေါင်း ၅၀ ရှိပြီး ၁၀ ယောက်ပဲ ထွက်လာတာလို့ ဆိုပါတယ်။

ပြန်လွတ်လာသူတွေဟာ အသက် ၁၆ နှစ်ကနေ ၂၄ နှစ်အကြား အရွယ်တွေဖြစ်ပြီး ရန်ကုန်နဲ့ တနင်္သာရီတိုင်းက ဖြစ်ကြောင်း၊ သူတို့ထဲမှာ ပြည့်တန်ဆာလုပ်သက် ၃ လကနေ ၈ နှစ်အထိ သက်တမ်းရှိ သူတွေပါဝင်ကြောင်း၊ ၁၆ နှစ်ရွယ် မိန်းကလေးမိန်းကလေး ၁ ဦးဟာ အဲဒီကို စရောက်တုန်းက အပျိုဖော်မ၀င်သေးဘူးလို့ ဦးကျော်သောင်းက ပြောပါတယ်။

သူတို့ ၁၀ ဦးထဲက  ၁ ဦးကို  ခင်ပွန်းသည်ထံ အပ်နှံခဲ့ပြီး မြန်မာပြည်ကို ၂ ဦး ပြန်သွားသလို ကျန် ၇ ဦးကိုတော့ ကရပူရီခရိုင် အမျိုးသမီး ကယ်ဆယ်ရေးဂေဟာမှာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ပြောပါတယ်။

မိန်းကလေးအများစုဟာ ရောင်းစားခံရလို့ ရောက်လာတာဖြစ်ပြီး ဧည့်သည်တွေကို ငြင်းခွင့်မရှိ၊ ရွေးခွင့်မရှိ၊ ငြင်းရင် ထမင်းဖိုးမရကြောင်း၊ မိန်းမကိုယ်မှာ ဒဏ်ရာရသူ ၃ ဦးရှိပြီး အလုပ်ရှင်က မကုသပေးတဲ့အတွက် အခုအပြင်မှာ ကုသနေရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည့်တန်ဆာခန်းပိုင်ရှင်ကို လိုအပ်သလို စစ်ဆေးအရေး ယူပေးဖို့ ဒီကနေ့မနက်ဘဲ ကရပူရီမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ခဲ့ကြောင်း၊ ရဲစခန်းက မန်နေဂျာ ၂ ယောက်ကို ဖမ်းထားပြီး ပိုင်ရှင်ကိုတော့ မမိသေးဘူးလို့ ဦးကျော်သောင်းက ပြောပါတယ်။

မိန်းကလေးတွေ သွားရောက်ကူညီဖို့ လိုအပ်တဲ့ စရိတ်တွေကို ထိုင်းနိုင်ငံ မြန်မာသံရုံးက ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ သံမှူး ဦးနိုင်ထွန်းက ကူညီပြီး အခြားလိုအပ်တဲ့ စရိတ်တွေကိုတော့ နီးစပ်ရာ အလှူရှင်တွေဆီက ကောက်ခံနေတယ်လို့ ပြောပါတယ်။

လွတ်မြောက်လာတဲ့ မိန်းကလေးတဦးက “သမီးကို ခေါ်လာတုန်းကတော့ လေယာဉ်နဲ့ ခေါ်လာတယ်။ ခေါ်လာတဲ့ ပွဲစားမက ဇင်မျိုး။ သမီးကို ထိုင်းနိုင်ငံမှာ အထည်ရောင်း၊ အထည်ဆိုင်ပေါ့။ မြန်မာငွေ ၁ လကို ၁ သိန်းရမယ်ပေါ့နော်။ သမီးကလည်း အိမ်မှာ ဒုက္ခရောက်တယ်ဆိုတော့ အဲဒါဆို သမီးလိုက်မယ်၊ လမ်းစရိတ်ကတော့ တလပဲ လုပ်ရတယ် သမီးရယ်တဲ့။ ဒီဘက်ရောက်ရော ရနောင်းမှာ သမီးကို အပြင်လည်း ပေးမလွှတ်ဘူး၊ တယောက်ကတော့ အဲဒီလိုမျိုး ဧည့်သည်နဲ့ ထွက်ပြေးသွားလို့ မိသွားတော့ အသတ်ခံလိုက်ရတယ်လို့ ပြောတာပဲ။ အခုအချိန်အထိ ပြန်မပေါ်လာတော့ဘူး။ တယောက်ကတော့ သမီးနဲ့ ပြေးရင်းနဲ့ ဟိုရောက်ဒီရောက်နဲ့ မလေးကို တယောက်က ရောက်သွားတယ်။ ကျန်တဲ့တယောက်ကတော့ ရနောင်းမှာ ကျန်ခဲ့တယ်။ ဘာမှ အစအန ရှာမတွေ့ဘူး။ တယောက်ကတော့ သေသွားပြီ ဓာတ်ပုံလည်းပါလာတယ်။ သမီးသူငယ်ချင်းအကြောင်း သမီးလည်း ၀မ်းနည်းတယ်။ သမီးကတော့ လွတ်မြောက်သွားပေမယ့် သူကတော့ ဒီထိုင်းနိုင်ငံမှာ အသက် စတေးခဲ့ရတယ်ဆိုတော့ သမီးအရမ်းဝမ်းနည်းတယ်၊ သမီးသူငယ်ချင်းဆိုတော့ သမီးတော်တော် စိတ်မကောင်းဖြစ်မိတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးကျပ်တည်းမှုကြောင့် နယ်စပ်ဖြတ်ကျော် အလုပ်လုပ်နေကြတာဖြစ်ပြီး ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား သုံးသန်းကျော်လောက် ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်းနဲ့ အိမ်ဖော်အလုပ်တွေမှာ လုပ်ကိုင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013