DVB Logo
Home
ဆောင်းပါး
မြန်မာနိုင်ငံမှာ အစွန်းရောက်အမျိုးသားရေးဝါဒ ထွန်းကားလာနိုင်သလား
DVB
·
July 11, 2013
မြန်မာနိုင်ငံမှာ အစွန်းရောက်အမျိုးသားရေးဝါဒ ထွန်းကားလာနိုင်သလား
Donate to DVB

မြန်မာနိုင်ငံမှာ လူမျိုးရေးနဲ့ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း မိတ္တီလာ၊ ပဲခူးတိုင်း အနောက်ခြမ်းနဲ့ ရှမ်းပြည်နယ် လားရှိုးမြို့တွေမှာ ဖြစ်ပွားခဲ့ပြီးနောက် သိပ်မကြာခင်ကာလ အတွင်းမှာပဲ မလေးရှားနိုင်ငံ ဆာလာရမ်း အကြမ်းဖက် တိုက်ခိုက်မှုတွေအထိ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပါတယ်။

ပြောရရင် မြန်မာနိုင်ငံထဲက အကြမ်းဖက်မှုပြဿနာ နိုင်ငံပြင်ပအထိ ဂယက်ရိုက်သွားတဲ့ သဘောပါ။ ဒီအတွက် မြန်မာနိုင်ငံထဲမှာ လူမျိုးရေးနဲ့ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းသွားနိုင်မလား။ ဒီ ပြဿနာရဲ့ ရေသောက်မြစ် ဖြစ်တဲ့ အမုန်းတရားတွေ ကြီးထွားအောင် လှုံ့ဆော်မှုတွေ လျော့နည်းသွားဖို့ ရှိနေပါပြီလား။ ဒါမှမဟုတ် တိုင်းပြည်အတွက် အလွန် အန္တရာယ်ကြီးတဲ့ အစွန်းရောက်အမျိုးသားရေးဝါဒတခု ခေါင်းထောင် ပေါ်ပေါက်လာနိုင်မလား ဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲမှာ လူမျိုးရေးနဲ့ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာကို ခြေရာကောက်ရင် ရခိုင်ပြည်နယ် ကျောက်နီမော်ကျေးရွာ မုဒိမ်းလူသတ်မှုကနေ အစပြုတာ တွေ့ရမှာ ဖြစ်ပါတယ်။ မုဒိမ်းလူသတ်မှုကို ရာဇ၀တ်မှုတခုလို့ သဘောမထားဘဲ လူမျိုးရေးနဲ့ ဘာသာရေးပြဿနာအဖြစ် ဖန်တီးရာကနေ တောင်ကုတ်လူသတ်ပွဲ ဖြစ်လာပါတယ်။ ဒီ မုဒိမ်းလူသတ်မှု၊ တောင်ကုတ် သတ်ဖြတ်ပွဲ၊ စစ်တွေမှာ ရခိုင်တိုင်းရင်းသားများ ဆန္ဒပြမှုတွေကို နိုင်ငံပိုင် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာကနေ လူမျိုးရေးနဲ့ ဘာသာရေးပဋိပက္ခ ပြေငြိမ်းစေမယ့်  အရေးအသားမျိုး မပါရှိဘဲ ဖော်ပြခဲ့ဖူးပါတယ်။ နောက်ပိုင်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။

ပဋိပက္ခတွေ စပြီးဖြစ်ပွားစဉ်တုန်းကတော့ အစိုးရတာဝန်ရှိသူတွေဟာ ဒီပြဿနာဟာ ပြည်မကြီးနဲ့ မဆိုင်ဘူး။ ရခိုင်ပြည်နယ်မှာ ရခိုင်နဲ့ ဘင်္ဂါလီတွေ ဖြစ်ကြတဲ့ ပြဿနာအဖြစ်ပဲ ပုံဖော် ပြောဆိုခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်း မြန်မာနိုင်ငံထဲမှာလည်း ဘာသာရေးနဲ့ လူမျိုးရေး မုန်းတီးမှုကြီးထွားအောင် လှုံ့ဆော်မှုတွေ ပေါ်ပေါက်နေပါပြီ။ အဲဒီ အမုန်းတရားတွေ အခြေခံပြီး အစ္စလာမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင် ဗမာတွေအကြား သာမန်ပဋိပက္ခတွေ အားလုံး အကြမ်းဖက်မှုအသွင်ပြောင်းပြီး မိတ္တီလာ၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ် လားရှိုးမြို့တွေမှာ အဓိကရုဏ်းတွေဖြစ်ပြီး လူသေကျေမှုနဲ့ နေအိမ်မီးလောင် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ အတော်လေးအချိန်နှောင်းမှ သမ္မတက ခုလို မိန့်ခွန်းပြောပါတယ်။

“ကျနော်တို့အနေနဲ့ နိုင်ငံအတွင်းမှာ တဖက်နဲ့ တဖက်အကြား အမုန်းတရားတွေ ကြီးထွားအောင် လှုံ့ဆော်ဆောင်ရွက်မှုတွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့နဲ့ ထပ်မံပေါ်ပေါက်ခြင်း မရှိအောင် ကာကွယ်တားဆီးဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းကြရမှာ ဖြစ်တယ်” လို့ ဆိုပါတယ်။

ဒါပေမယ့် လက်တွေ့ဘယ်လို အရေးယူဆောင်ရွက်မှုမျိုးမှ လုပ်တာ မတွေ့ရသေးပါဘူး။ အမုန်းတရား ကြီးထွားအောင်လုပ်သူတွေ ဆက်ပြီး လုပ်နေကြဆဲ ဖြစ်သလို၊ ၉၆၉ အဖွဲ့တွေ၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့တွေ၊ အမျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေး လှုပ်ရှားတဲ့အဖွဲ့တွေ ဆိုတာ ပေါ်ပေါက်လာပါတယ်။ အခုတော့ ဒီလှုပ်ရှားမှုတွေထဲ နိုင်ငံရေးပါတီ တချို့နဲ့ လူပုဂ္ဂိုလ်တချို့ ပါဝင်စ ပြုလာနေပြီ ဖြစ်ပါတယ်။

ဒီပြဿနာကို သုံးသပ်ချင်ရင် ပွင့်လင်းကာစ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကိုလည်း ပြန်ကောက်ဖို့ လိုပါတယ်။ ၂၀၁၁ နောက်ပိုင်း မြန်မာနိုင်ငံမှာ အထင်ကရ အင်အားစုကြီး ၃ ခု ပေါ်ပေါက်လာပါတယ်။ တခုက အရင်စစ်အစိုးရကနေ အသွင်ပြောင်းလာတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးစီးတဲ့အစိုးရ၊ လွှတ်တော်၊ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်ပါဝင်တဲ့ အင်အားစုကြီးက တခု၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် အတိုက်အခံ နိုင်ငံရေးအင်အားစုနဲ့ တိုင်းရင်းသား နိုင်ငံရေးအင်အားစုတွေပဲ ဖြစ်ပါတယ်။

အခြားတဖက်မှာတော့ ဒီ အင်အားစုကြီးတခုခုထဲ ရောက်မနေတဲ့ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေလည်း အများအပြား ရှိနေပါတယ်။ သူတို့တွေဟာ ပြည်သူလူထုရဲ့ ထောက်ခံမှု မရကြပါဘူး။ နောက်ပိုင်း ဒီ ပြန့်ကျဲနေတဲ့ အင်အားစုတွေဟာ အမုန်းတရား ဖြန့်ဖြူးနေတဲ့ အစွန်းရောက် ဘာသာရေးနဲ့ လူမျိုးရေး လှုပ်ရှားမှုထဲ ပါဝင်စ ပြုလာပါတယ်။ ဒီကနေ တဆင့် အစွန်းရောက် အမျိုးသားနိုင်ငံရေး အုပ်စုတခု ဖြစ်တည်လာဖို့ တာစူနေတာ တွေ့လာရပါတယ်။

ဒါတွေအားလုံးဟာ လက်ရှိ အာဏာရအစိုးရကနေ တိုင်းပြည်ကို မီးလောက်တိုက်သွင်းမယ့် အမုန်းတရား ဖြန့်ဖြူးနေသူတွေကို ဘယ်လို ကိုင်တွယ် အရေးယူမလဲ၊ မကြာမီ ပေါ်ပေါက်လာနိုင်တဲ့ အစွန်းရောက်အမျိုးသားရေးလှုပ်ရှားမှုကို ခွင့်ပြုမလား ဆိုတဲ့ သဘောထားအပေါ် မူတည်နေပါတယ်။ အစိုးရနဲ့ စစ်တပ်ကသာ အတိုက်အခံတွေ အင်အားချည့်နဲ့ရင် ပြီးရော တိုင်းပြည်ဘာဖြစ်ဖြစ် သဘောထားရင်၊ ပြဿနာတွေကို ကိုင်တွယ်မတတ်ရင်၊ မြန်မာနိုင်ငံမှာ အစွန်းရောက် အမျိုးသားရေးဝါဒ ကိုင်စွဲတဲ့ အင်အားစုတခု ပေါ်ထွန်းလာမှာ အသေအချာပဲ ဖြစ်ကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013