အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့ရဲ့ အာဏာအကန့်အသတ်မရှိဘူးလို့ Axios နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။
အီရန်အရေးနဲ့ပတ်သက်ပြီး အာဏာအသုံးပြုမှု အကန့်အသတ်ရှိသလား၊ ဒီစစ်ပွဲကနေ ဘာတွေ သင်ယူရသလဲဆိုတဲ့ မေးခွန်းကို ထရမ့်ပ်က သူ့ရဲ့အာဏာ အကန့်အသတ်မရှိဘူးလို့ ဖြေကြားခဲ့သလို ဘာမှသင်ယူစရာလည်း မရှိဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ထရမ့်ပ်က “ဒီစစ်ပွဲမှာ အမေရိကန် အနိုင်ရခဲ့တာဖြစ်ပြီး သူတို့နဲ့ ရင်းနှီးတဲ့ ပါကစ္စတန်နိုင်ငံကနေ ကျေးဇူးပြုပြီး ထပ်မတိုက်ပါနဲ့လို့ ပြောခဲ့တာကိုတော့ ကျနော် သဘောကျပါတယ်”လို့ ဖြေခဲ့တာပါ။
ဒါ့အပြင် ထရမ့်ပ်က အီရန်နဲ့ လက်ဘနွန်အရေးတို့ အပစ်အခတ်ရပ်ရေးမှာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကိုလည်း ထိန်းရမယ်လို့ ပြောပါတယ်။
ဒီအင်တာဗျူးဟာ အမေရိကန်အထူးသံတမန် စတိဗ်ဝတ်ကောနဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီး အာရတ်ချီတို့ ဆွစ်ဇာလန်နိုင်ငံမှာ ဆွေးနွေးဖို့ ပြင်ဆင်နေချိန် ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
အစ္စရေးနဲ့ ဟစ်ဘိုလာတို့ အပစ်အခတ်ရပ်စဲရေးက ဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ရေးနဲ့ ရေနံဈေးကွက် တည်ငြိမ်မှုတို့ကို အထောက်အကူဖြစ်စေမှာ ဖြစ်ကာ အပစ်ရပ်ကြားကာလမှာ အမေရိကန်နဲ့အီရန်တို့ ဆွေးနွေးဖို့ ပြင်ဆင်နေတာပါ။
အဲ့ဒီအင်တာဗျူးမှာ ထရမ့်ပ်က စစ်ပွဲကို ဆက်မရှည်အောင် ဆုံးဖြတ်ခဲ့ပြီး အီရန်အရေး ကိုင်တွယ်ခဲ့ပုံတွေကို ကာကွယ်ပြောဆိုခဲ့ပါတယ်။
ထရမ့်ပ်က “ကျနော် ပိုဆိုးတာတခု လုပ်ရမယ်ဆိုရင် ဗုံးတွေ ဆက်ကြဲတာပါ။ ဒါပေမဲ့ အဲဒီလို ဆက်လုပ်နေရင် ကမ္ဘာ့စီးပွားရေးဈေးကွက်နဲ့ သင်္ဘောလမ်းကြောင်းတွေကို ပျက်စီးစေမှာပါ” လို့ ပြောပါတယ်။
အစ္စရေးနဲ့ပတ်သက်ပြီးလည်း ထရမ့်ပ်က နေတန်ယာဟုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်လို့ ပြောပေမဲ့ ထိန်းဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။
အစ္စရေးက သူ့ကို လေးစားမှုတွေရှိတာကြောင့် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို သူက တားဆီးနိုင်လိမ့်မယ်လို့ ထရမ့်ပ်က ထပ်မံပြောဆိုခဲ့ပါသေးတယ်။
အမေရိကန်နဲ့ အီရန်တို့ရဲ့ ရက် ၆၀ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ဟာ အီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ဒေသတွင်းကိစ္စတွေကို ဆွေးနွေးမှု ပြုလုပ်ရမှာပါ။
ဒါဟာ စစ်ကြောင့် လူပေါင်း ၇,၀၀၀ သေဆုံးခဲ့ရပြီး ရေနံဈေးကွက် ကမောက်ကမ ဖြစ်ခဲ့ပြီးတဲ့နောက် အခုလို ရက် ၆၀ သဘောတူညီမှုရခဲ့တာပါ။
ဒီရက် ၆၀ သဘောတူညီချက်က အမြဲတမ်းသဘောတူညီချက်အဖြစ် ရောက်မလားဆိုတဲ့ စမ်းသပ်ချက်တခုလည်း ဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
Source: Reuters










