DVB Logo
Home
မြန်မာသတင်း
စစ်ဆေးရုံအတွက် သိမ်းထားသည့်မြေ ပြန်ရရေး အောင်ပန်းဒေသခံများ ကြိုးစား
DVB
·
July 11, 2013
Donate to DVB

တပ်မတော်အစိုးရလက်ထက်က ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့မှာ စစ်ဆေးရုံဆောက်လုပ်ဖို့အတွက် သိမ်းယူခဲ့တဲ့မြေတွေထဲက  ပိုတဲ့မြေကွက်တွေ ပြန်လည်ရရှိဖို့ သိမ်းဆည်းခံရတဲ့ ခြံမြေသမားတွေက ကြိုးပမ်းနေပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုခန့် တပ်မတော်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်မှာ  စစ်တပ်က အောင်ပန်းမြို့ အရှေ့ဘက်အ၀င် လမ်းတလျှောက်မှာရှိတဲ့ မြေဧကပေါင်း ၁ ထောင်ကျော်ကို သိမ်းခဲ့ပြီး  ခုတင် ၇၀၀ ဆန့် စစ်ဆေးရုံ တည်ဆောက်ခဲ့ပါတယ်။

ဆေးရုံအတွက်မြေဟာ သိမ်းယူခဲ့တဲ့ မြေရဲ့တ၀က်လောက်သာရှိတာကြောင့် ကျန်မြေတွေ ပြန်ရဖို့ ကြိုးစားနေကြတာပါ။

ဒီမြေတွေပြန်ရရေးအတွက်  ရွာသားပေါင်း ၁၂၀ ကျော်ဟာ ဇူလိုင် ၉ ရက်နေ့က အောင်န်းမြို့ မိုးကောင်းကျောင်းတိုက်မှာ စုဝေးတိုင်ပင်ခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲမှာ ပါဝင်တဲ့ မြေ ၁၅ ဧက ဆုံးရှုံးခဲ့သူ ဒေါ်ချိုမြိုင်ဦးက အချက်အလက်တွေစုံတဲ့အခါ  သမ္မတနဲ့တကွ လယ်ယာမြေသိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်တွေ၊ လွှတ်တော်အမတ်တွေဆီပါ ဒီလအတွင်း စာပို့မယ်လို့ ပြောပါတယ်။

“မနေ့က ကျမတို့ကို အကူအညီတောင်းလို့ နိုင်ငံတော် သမ္မတဆီ ကို တင်တယ်၊ လွှတ်တော်ကိုလည်း တင်မယ်၊ ကျမတို့ အန်အယ်လ်ဒီလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းငွေကို အကူအညီတောင်းပြီးတော့ တင်မှာရှင့်။ ကိုယ့်ရဲ့မြေမှာ ခြံရှင်တွေ ကိုယ်တိုင်က သီးစာခနဲ့ ပြန်စိုက်ရတယ်ဆိုတော့ စိတ်ဒဏ်ရာရတဲ့လူတွေများတော့ အကုန်လုံးက ပြန်လိုချင်တယ်။ ကျမတို့ ပြန်ပြီးတော့ ကိုယ်မြေကို ပြန်လုပ်စားချင်တယ်။ အခု အဆောက်အဦထဲ မပါတာတွေဆို ကိုယ့်ကိုယ်ကိုယ် ပြန်လုပ်စားချင်တယ်။ အဆောက်အဦထဲ ပါသွားတဲ့ဟာတွေကလည်း သူတို့ရဲ မြေတန်ဖိုးလေးကို ပြန်လိုချင်တယ်။”

အဲဒီမြေတွေဟာ  ငါးပင်၊ ညောင်ကုန်း၊ လယ်ခြား၊ ရွာသစ်ကုန်းနဲ့ အောင်ပန်းမြို့ပေါ်ရပ်ကွက်က ဒေသခံစုစုပေါင်း ၁၅၀ ဦးရဲ့   ဥယာဉ်ခြံမြေ၊ လယ်ယာမြေတွေ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

တပ်က မြေတွေ သိမ်းစဉ်အခါတုန်းက  အသနားခံ တင်ပြတဲ့အခါ အစိုးရသတ်မှတ်ဈေး ၁ ဧကကို ၂ ကျပ်နှုန်းနဲ့ ပြန်လျော်ပေးတဲ့အကြောင်းနဲ့ ငွေမယူသူတွေက မယူတဲ့အကြောင်း လက်မှတ်ထိုးပေးရတဲ့အကြောင်း ရှင်းပြပါတယ်။

စစ်တပ်က  အဆောက်အဦ မဆောက်ရတဲ့မြေတွေမှာ  တပ်ရန်ပုံငွေအတွက် သီးစား ပြန်ချတဲ့အတွက် သူတို့စိုက်ထားတဲ့ သစ်တောနဲ့ မက်မန်းပင်တွေကို  နှစ်စဉ် ၁ ပင် ကျပ် ၅၀၀ နှုန်းနဲ့ ပြန်ပြီးပေးဆောင်နေရတဲ့အပြင် ထွက်လာတဲ့အသီးတွေပေါ်မှာလည်း ထပ်ပြီးဆောင် ရသေးတယ်လို့ ဆိုပါတယ်။

မြေသိမ်းဆည်းမှုဟာ ဥယျာဉ်ခြံနဲ့ လယ်သမားတွေရဲ့ လူမှုဘ၀တွေအပေါ် ဆိုးဆိုးရွားရွား သက်ရောက်ခဲ့တဲ့ကြောင်းနဲ့ အိမ်ခြေ ၄၀ ကျော်ရှိတဲ့  မြို့သစ်ကုန်းရွာမှာဆိုရင် စိုက်ပျိုးမြေ မရှိတော့တဲ့အတွက် တရွာလုံးနီးပါး သူများဆီမှာ သူရင်းငှား လိုက်လုပ်နေရတယ်လို့ ဒေါ်ချိုမြိုင်ဦးက ပြောပါတယ်။

လက်ရှိကာလမှာ အဲဒီဒေသတ၀ိုက်က ခြံမြေတွေရဲ့ ပေါက်ဈေးဟာ ၁ ဧကကို အနည်းဆုံး ကျပ် သိန်း ၅၀၀ ကနေ သိန်း ၁၀၀၀ ထိ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံတခုလုံးမှာ စစ်တပ်က သိမ်းယူထားတဲ့ မြေဧက စုစုပေါင်း  ၂ သိန်း ၄  သောင်းကျော်ရှိပြီး  တည်ဆောက်ရေးအစီအစဉ်ထဲပါတဲ့ မြေတွေကလွှဲလို့ အားလုံး ဒီလထဲကစပြီး ပြန်ပေးမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးဝေလွင်က ပြောထားခဲ့ပေမယ့်လည်း အခုထိ ပြန်ပေးတာ မရှိသေးဘူးလို့ ကော်မရှင်အဖွဲ့ဝင် မကွေးတိုင်းအမျိုးသားလွှတ်တော်အမတ် ဦးလှဆွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013