
“ဇော်ဂျီ အလွန် နှစ် ၃၀ နှိုးဆော်ချက်”
သူ၏ခြေဖျား၊ မမီငြားလည်း
သူ့နားနီးနီး၊ မခိုမှီးလည်း
သူ့စာ ကြီး ငယ်၊ အသွယ်သွယ်အား
ကျွတ်ကျွတ်ဝါးကြည့်၊ ရသာသိမည်
ဇော်ဂျီ မည်ခေါ်၊ စာဆိုတော်ကြီး
ကွယ်လွန်ပြီးခါ၊ သုံးဆယ်ကြာနှစ်
မမေ့ရစ်ဖို့ နှိုးဆော်လိုက်ရပါသည်။ ။
(မောင်တူး)
(ဆရာကြီးဇော်ဂျီ ကွယ်လွန်ခြင်း နှစ် ၃၀ ပြည့် အမှတ်တရ)
“ ဗေဒါလမ်း ” “ သင်သေသွားသော် ’’ ‘‘ ပိတောက်ပန်း ” “ ရှေးခေတ်ပုဂံပြည်” ကဗျာတွေအပါအဝင် ကဗျာတွေအများကြီး ရေးခဲ့သူ ကဗျာဆရာရယ်လို့သာ ဆရာကြီးဇော်ဂျီကို သိထားခဲ့တာပါ။ ဒါပေမဲ့ သူဟာ စာစုံရေးခဲ့သူလို့ သိလာရတယ်။ သူကွယ်လွန်တာက ၁၉၉၀ ပြည့် စက်တင်ဘာ ၂၆ ရက်ပေါ့။ သူ့အသက် ၈၃ နှစ်က ကွယ်လွန်ခဲ့တယ်။ အခု ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၆ ရက်ဟာ သူ့ကွယ်လွန်ခြင်း နှစ် ၃၀ မြောက်ပါ။ ဆရာကြီးဇော်ဂျီ သတိတရ နှစ် ၃၀ ပေါ့။
ကဗျာဆရာကြီး ဇော်ဂျီ
ဆရာဇော်ဂျီကို ခရစ်နှစ် ၁၉၀၇ ခုနှစ် ဧပြီလ ၁၂ ရက်၊ သောကြာနေ့က ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ အဖ ဦးယော၊ အမိ ဒေါ်စိန်ညွန့်တို့က မွေးဖွားခဲ့ပါတယ်။ အမည်ရင်းက ဦးသိန်းဟန်ပါ။ ၁၉၂၅ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် စတက်ပြီး ၁၉၂၈ မှာ သူ့ရဲ့ နာမည်ကျော် “ပိတောက်ပန်း” ကဗျာကို ရေးဖွဲ့ခဲ့ပါတယ်။
ဆရာဇော်ဂျီဟာ မြန်မာနိုင်ငံ သုတေသနအသင်း ဥက္ကဋ္ဌ၊ မြန်မာ့သမိုင်းကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာစာပေ ပြုစုရေးနှင့် ဘာသာပြန် ကော်မရှင်၏ ပညာရပ် ဝေါဟာရ ကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသား စာပေဆု ရွေးချယ်ရေး ဥက္ကဋ္ဌ၊ ရန်ကုန်တက္ကသိုလ် ဂုဏ်ထူးဆောင် မြန်မာစာ ပါမောက္ခ တာဝန်တွေ ယူခဲ့ပါတယ်။
ဇော်ဂျီဟာ ဝတ္ထုတို-ရှည်၊ ဆောင်းပါး၊ အက်ဆေး၊ ပြဇာတ်၊ စာတမ်းတွေ ရေးခဲ့သူပါ။ ၁၉၉၀ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်၊ မြန်မာသက္ကရာဇ် ၁၃၅၂ ခု သီတင်းကျွတ်လဆန်း ၈ ရက် ဗုဒ္ဓဟူးနေ့ ကွယ်လွန်ချိန်အထိ စာအုပ်ပေါင်း ၃၀ ကျော်၊ ကဗျာပုဒ်ရေ ၂၃၀ လောက်၊ ဝတ္ထု ၄၆ ပုဒ်၊ ပြဇာတ် ၈ ပုဒ်၊ စာတမ်းနဲ့ ဆောင်းပါးပုဒ်ရေ ၃၀၀ ပြုစုခဲ့ပါတယ်။ ဆရာဇော်ဂျီရဲ့ အုတ်ဂူပါ်မှာ သူ့ရဲ့ “သင်သေသွားသော်” ကဗျာကို ထုထွင်း မော်ကွန်း တင်ထားပါတယ်။
“ သင်သေသွားသော် ”
သြော် . . . လူ့ပြည်လောက လူ့ဘဝကား
အိုရ နာရ သေရဦးမည်၊ မှန်ပေသည်တည်း။
သို့တပြီးကား . . .
သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်၏ မျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏၊
သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက်ကျန်စေတည်း။
(ဇော်ဂျီ) ၁၉၃၅
ဒါကတော့ သီတင်းကျွတ်လမှာ ကွယ်လွန်ခဲ့သူတွေအကြောင်း ဆောင်းပါးရေးစဉ်က သူ့အကြောင်း တပိုင်းတစကို ရေးထားခဲ့ဖူးတာကို ပြန်လည် တင်ပြလိုက်တာပါ။
“ တက္ကသိုလ် စာကြည့်တိုက်မှူးဇော်ဂျီ ”
စာရေးဆရာတွေဟာ မြန်မာမှာရော နိုင်ငံတကာမှာပါ နိုင်ငံတည်ဆောက်ရေးအတွက် အရမ်း အရေးကြီးတာကို ဆရာကြီး တိုက်စိုးရဲ့ဆောင်းပါးမှာ ကျွန်တော် ရေးခဲ့တယ်။ ဒီလိုရေးရင်းကပဲ ဆရာတိုက်စိုးရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဟာ ဆရာဦးသိန်းဟန် ခေါ် ဇော်ဂျီ ဖြစ်ခဲ့ကြောင်း တွေ့လာရတယ်။ ဆရာတိုက်စိုးက “ စာကြည့်တိုက်မှူးဇော်ဂျီ ” ဆောင်းပါးမှာ အခုလို ရေးခဲ့ပါတယ်။
“ကျွန်တော်သည် ရန်ကုန်တက္ကသိုလ် (နောင်တက္ကသိုလ်များ စာကြည့်တိုက်) ၌ ၅ နှစ်ကျော် အလုပ်လုပ်ဖူးသည်။ စာကြည့်တိုက်မှူးကား ဆရာဦးသိန်းဟန် (ဇော်ဂျီ) ဖြစ်၏။ လူချင်း စောစောက မသိသော်လည်း ကျနော့်အဖို့ ဆရာဦးသိန်းဟန်မှာ မစိမ်းပါ။ ကျွန်တော် ၆ တန်းကျောင်းသားအရွယ်၌ ဇော်ဂျီ ကလောင်အမည်ဖြင့် ရေးသော ‘ ပိတောက်ပန်းကဗျာနှင့် ကြောင်မနက်ပြာကဗျာကို ’ စတင်ဖတ်ခဲ့ရသည်။ ၇ တန်းအရောက်တွင် မောင်သိန်းဟန် (ဝိဇ္ဇာဘွဲ့ရ) အမည်ဖြင့် ဆီလျော်အောင် ဘာသာပြန်သော “မဟာဆန်ချင်သူ” ပြဇာတ်ကို သင်ကြားခဲ့ရသည်။ ဂျပန်ခေတ်အစတွင်မူ စာကြည့်တိုက်ပညာအကြောင်း ဆရာဦးသိန်းဟန် ဟောပြောသည်ကို ကျွန်တော် နားထောင်ခဲ့ရသည်။”
ဆရာတိုက်စိုး ဆက်ရေးထားတာက ဆရာဇော်ဂျီဟာ ဂျပန်ခေတ်က ပျက်စီး ဆုံးရှုံးသွားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်စာကြည့် တိုက်တွေကို စာအုပ်စာတမ်းတွေနဲ့ ဝေဝေဆာဆာဖြစ်အောင် အတော့်ကို အလှူခံလို့တမျိုး၊ ဝယ်ယူစုဆောင်းလို့တဖုံ အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ကြောင်းတွေ ဖြစ်ပါတယ်။
ဆရာတိုက်စိုးက ဆရာဦးသိန်းဟန်သည် ရှေးကထုတ်ခဲ့သော သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ စုဆောင်းရာတွင် ဝီရိယကောင်းလှသည်။ “သူက ဂျာနယ်၊ မဂ္ဂဇင်း အဟောင်းတွေကို အိမ်မှာကြာကြာထားရင် ကြွက်ကိုက်တတ်တယ်။ စာကြည့်တိုက်မှာ ဆိုရင်တော့ အပျက်အစီး၊ အပျောက်အရှ မရှိဘူး။ အများလည်း သုံးနိုင်တယ်။ လှူချင်လည်း လှူပါ။ ရောင်းချင်လည်း ရောင်းပါ။ ’’ ဟု စကားကမ်းလှမ်းတတ်လေသည်။ အကျိုးဆက်အနေဖြင့်သော်ကား ဝိုင်အမ်ဘီအေ ဦးဝင်းထိန်ထံမှ ‘‘ တိုးတက်ရေးမဂ္ဂဇင်း ’’ များကို အစုံလိုက် သူရ၏။ စာရေးဆရာငွေဉဒေါင်းထံမှ ‘‘ ဗန္ဓုလ ’’ ဂျာနယ်၊ ဒီးဒုတ် သတင်းစာ အုပ်ရေများများ သူရ၏။ ကျွန်တော့်ထံမှ ‘‘ သူရိယမဂ္ဂဇင်း ’’ နှင့် ‘‘ သူရိယရုပ်စုံဂျာနယ် ’’ နှစ်အလိုက် သူရ၏။ ဤသို့အားဖြင့် ငါးနှစ်မျှကြာသော် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်သည် အောက်ပါ သာဓကများအရ ခေတ်မီစာကြည့်တိုက် အင်္ဂါရပ်နှင့် ပြည့်စုံသော အဆင့်သို့ ရောက်စပြုနေပြီဟု ဆိုနိုင်လေသည်။
ဒါကတော့ ဆရာဇော်ဂျီရဲ့ စာကြည့်တိုက်လုပ်ငန်းနဲ့ စာကြည့်တိုက် လုပ်ငန်း ပညာပေး လုပ်ဆောင်ခဲ့တဲ့ အကြောင်းတွေ ဖြစ်ပါတယ်။ တက္ကသိုလ်များစာကြည့်တိုက် (ရန်ကုန်တက္ကသိုလ်) စာကြည့်တိုက်မှူး-ငြိမ်း ဦးသော်ကောင်း ကလည်း ဆရာကြီးဦးသိန်းဟန်ဟာ စစ်အတွင်း ဂျပန်တွေ ဖျက်သွားတဲ့ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကို ပြန်လည်တည်ထောင်ခဲ့သူလို့ MRTV အင်တာဗျူးမှာ ပြောခဲ့ဘူးပါတယ်။
“ကမ္ဗောဇသို့”
တက်ခဲ့လို့ခေါ် မော်မြေမြင့်တောင်တန်း။
ဘယ်ကွေ့ညာခွေနဲ့
တက်တိုင်းလေ လိမ်ခွေကောက်
တောတောင်ပေါက်လမ်း။
တက်ခဲ့လို့ခေါ်
စွယ်တော်ပွင့်တောင်တန်း။
သီပေါဟော်အိုအိုနဲ့
ဘော်ကြိုစေတီထွက်
ဦးညွတ်တဲ့လမ်း။
(ဇော်ဂျီ)
ဆရာဇော်ဂျီရဲ့ မဟာဆန်ချင်သူပြဇာတ်
ဆရာကြီးဟာ ကဗျာ၊ ဝတ္တုတို၊ ဝတ္တုရှည်၊ ဆောင်းပါး၊ ဘာသာပြန်စာပေ၊ ခရီးသွားစာပေ၊ ဋီကာ၊ စကားပြေ၊ ဝေဖန်ရေးစာတွေ အပြင် ပြဇာတ်တွေကိုလည်း ရေးသားခဲ့ပါတယ်။ အောင်လံတော် ပြဇာတ်၊ မဟာဆန်ချင်သူပြဇာတ်၊ သကုလပြဇာတ်ဟာ ထင်ရှားပါတယ်။ မဟာဆန်ချင်သူ ပြဇာတ်စာအုပ် အကြောင်းကို ဆရာဇော်ဂျီရာပြည့်စာကြည့်တိုက်အလုပ်အမှူဆောင်အဖွဲ့ (ဖျာပုံ)ရဲ့ အတွင်းရေးမှူး ဦးမြင့်အောင် (ဖိုးအောင်လေး)က အခုလို ပြောပါတယ်။
မဟာဆန်ချင်သူပြဇာတ်က ပြင်သစ်စာရေးဆရာကြီး မိုးလျဲရဲ့ ကမ္ဘာ့ဂန္ထဝင်ပြဇာတ် တပုဒ်ပါ၊ ဒါကို ဆရာဇော်ဂျီ မြန်မာမှု ပြုထားတဲ့ ပြဇာတ်တပုဒ်ပါ။ မောဟစရိုက်ကို ဖော်ကျူးထားတဲ့ ပြဇာတ်ပါ။ ဒီပြဇာတ်ရဲ့ အဓိက ဇာတ်ကောင်က ဦးရွှေနှောင်း ပေါ့။ ဦးရွှေနှောင်းဟာ တကယ်တော့ ဆီကုန်သည် ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ အစိုးရ မင်းစိုး ရာဇာတွေကို အင်မတန် အလေးပေးပြီးတော့ အစိုးရ မင်း စိုး ရာဇာ အသိုက်အဝန်းမှာ ကျင်လည်ချင်တဲ့အတွက် သူဟာ သူ့ကိုယ်သူ အင်မတန် စတိုင်ကျကျ နေပြီးတော့ အင်မတန်စိတ်ကြီးဝင်နေတဲ့ ပုဂ္ဂိုလ်တဦးပါ။ အဲ့ဒီတော့ မင်းစိုးရာဇာထဲကို ဝင်ဆန့်အောင် နန်းတွင်း ဓလေ့တွေ၊ စရိုက်တွေ အပြောအဆို၊ အပြုအမူ၊ အနေအထိုင်တွေကိုတတ်အောင် ဆရာပေါင်းစုံကို အိမ်မှာခေါ် သင်ပြီးတော့ သွေးနားထင် ရောက်နေသူပါ။ သူ့ရဲ့ တဦးတည်းသောသမီး ကိုလည်းပဲ မင်းစိုးရာဇာနဲ့သာ ထိုက်တန်တယ်။ သာမန်လူနဲ့ မထိုက်တန်ဘူး ဆိုပြီးတော့ သူက ဒီလိုခံယူထားပါတယ်။ ဒါပေမဲ့ သူ့သမီးချစ်သူ သာမန်အရပ်သားက ယိုးဒယားမင်းသားဟန် ဆောင်ပြီး သူ့သမီးကို ရအောင်ယူသွားခဲ့တဲ့ ဇာတ်လမ်းပါ။ ဇာတ်လမ်းဟာ လူ့ဇာတိရုပ်ကို ထင်ရှားအောင် ဖော်ပြနိုင်တယ်။ ဟာသလည်းနှောတယ်။ ဇဝနဉာဏ် ရွှင်ရွှင်နဲ့ ရေးထားခဲ့တာမို့ ဆရာဇော်ဂျီရဲ့ ထင်ရှားတဲ့ပြဇာတ်တပုဒ်ပါ။
ဆရာဇော်ဂျီက ဒီပြဇာတ်ကို သူ ဘီအေဘွဲ့ရအပြီးမှာ သူ့ရဲ့ အဖိုး ဖတ်ဖို့အတွက် သူ့ရဲ့ အဖိုးကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ဘာသာပြန်ရေးသားခဲ့တာလို့ ဆိုပါတယ်။ သူ့ရဲ့ အဖိုးဟာ သူငယ်စဉ်ကတည်းက သူ့ကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ကဗျာ၊ လေးချိုးကြီးတွေကို သင်ကြားပေးပြီး ရွတ်ဆိုစေခဲ့တဲ့ ကျေးဇူးရှိသူ ဖြစ်ပါတယ်။ သူ့ဘဝကို စာပေဗီဇ အစပျိုး ပေးခဲ့သူပေါ့။
ဆရာဇော်ဂျီနှင့် ကလောင်အမည်
‘ဇော်ဂျီ’ ဆိုတဲ့ ကလောင်အမည်ကို ၁၉၂၈ ခုနှစ် ‘ပိတောက်ပန်း’ ကဗျာ ရေးတော့ စတင် အသုံးပြုခဲ့ပါတယ်။ ဒီကလောင် နာမည် ယူရတာက ဇော်ဂျီရုပ်ကလေးတွေကို သဘောကျပြီး ‘ဇော်ဂျီ’ လို့ ကလောင်အမည် ပေးခဲ့တာလို့ ဆိုပါတယ်။ ကလောင်ကွဲတွေက ‘‘ မောင်သိန်းဟန် ’’ “ ကျောင်းချစ် ” “ မောင်ပန်းမြိုင် ” နဲ့ “ သ ” တို့ ဖြစ်ကြပါတယ်။ “ သ ” ကလောင် အမည်ကို ပဲခူးဆောင်မှာ ဟံသာ့ကြေးမုံ စာစောင်ထုတ်ရာမှာ သုံးပြီး စာရေးခဲ့တာပါ။ မောင်သိန်းဟန် ကလောင်အမည် ကတော့ ပထမပိုင်းက သုံးခဲ့တာပါ။ ခေတ်စမ်းစာပေတွေ ရေးသားရာက ထုတ်ဝေခဲ့တဲ့ ခေတ်စမ်းပုံပြင်များ (ဒုတိယတွဲ) စာအုပ်မှာ ဆရာကြီး ဦးဖေမောင်တင်က ဆရာဇော်ဂျီကို အခုလို မိတ်ဆက်ပေးထားပါတယ်။
ဇော်ဂျီ ။ ။ အမည်ရင်း ဦးသိန်းဟန် ဖြစ်သည့်အလျောက် “ မူလခေတ်စမ်းပုံပြင်များ ” (၁၉၃၄-၃၆) စာအုပ်တွင် ကလောင်အမည် ဖော်ပြရာ၌ “ ရေးသူ - မောင်သိန်းဟန် ” ဟုပင် ဖော်ပြသည်။ သို့သော် ယခုစာအုပ်တွင် အများသိ “ဇော်ဂျီ” မည်ကိုသာ အသုံးပြုလိုက်ပါသည်။
ဒါကတော့ ဆရာကြီးရဲ့ ကလောင်အမည်တွေ အကြောင်းပါ။ ဇော်ဂျီနှင့် ပြောက်ကျားစာရေးဆရာများ အကြောင်း နောက်ဆုံးအနေနဲ့ တင်ဆက်ပါဦးစို့။
ဆရာဇော်ဂျီနှင့် ပြောက်ကျားစာရေးဆရာ
ဆရာကြီးဟာ သူ့ရဲ့ မိသားဟု ကိစ္စတွေကိုတောင် သိပ်ဂရုမစိုက်အားပဲ တသက်တာလုံး စာပေလုပ်ငန်မှာ နှစ်မြုပ်နေခဲ့သူပါ။ စာရေးဆရာ ၂ မျိုး ရှိသတဲ့။ အမြဲတန်း စာရေးဆရာနဲ့ အချိန်ပိုင်းစာရေးဆရာတွေပေါ့။ အမြဲတန်းစာရေးဆရာကတော့ တသက်တာ တခြား ဘာမှမလုပ်။ စာရေးအလုပ် နှစ်လုပ်သူ။ အချိန်ပိုင်းစာရေးဆရာကတော့ တခြားအလုပ်တွေ ရှိနေလို့ စာရေးတာကို ထုံ့ပိုင်း ထုံ့ပိုင်း ခပ်ကျဲကျဲသာ လုပ်နိုင်သူပေါ့။ သူဟာ ကိုယ်တိုင်က အမြဲတန်း စာရေးသူ လုပ်နေပေမဲ့ အချိန်ပိုင်းစာရေးသူတွေကိုလည်း ပစ်ပယ်မထားခဲ့ပါဘူး။ သူ့ရဲ့ ရသစာပေအဖွင့်နိဒါန်း စာအုပ်မှာ ပြောက်ကျားစာရေးဆရာကို ဖော်ပြခဲ့ပါတယ်။
ဆရာဇော်ဂျီက ပြောက်ကျားဟူသောစကားရပ်ကို စစ်တိုက်ရာတွင် တောအုံတောင်ကမ်းကြီးသောအရပ်များ၌ အစုငယ် အဖွဲ့ငယ် အများအပြားဖွဲ့စည်း၍ ရန်သူကို အလစ်ဝင်တိုက်လိုက်တုံ၊ တောရိပ်တောင်ရိပ်ခိုနေလိုက်တုံပြုကာ တိုက်သော ပုံစံမျိုး ဖြစ် သည်။ ထိုနည်းတူစွာ စာပေလောက၌လည်း စာရေးဆရာ အလုပ်ကို အချိန်ပြည့်မလုပ်ဘဲ စာရေးဆရာအလုပ် မဟုတ်သော အခြားအလုပ်တခုခုလုပ်ရင်း စိတ်ပေါက်ပေါက် ရှိလာ၍ ရေးနိုင်သောအခါ ရေးလိုက်၊ မရေးနိုင်သောအခါ ငံ့နေလိုက်၊ ရေးလိုက် ငံ့လိုက်၊ ငံ့လိုက် ရေးလိုက်ပြုလုပ်ကာ ထုံ့ပိုင်း ထုံ့ပိုင်း ရေးလေ့ရှိသော စာရေးဆရာသည်လည်း ပြောက်ကျားစာရေး ဆရာဖြစ်သည်။ တနည်းဆိုသော် စာရေးဆရာအလုပ်မဟုတ်သော တခြားအလုပ်တခုခုကို လုပ်ရင်း ဝါသနာအလျောက် စာရေးနေကြသူများကို ဆိုလိုပါသည်။
သမိုင်းတလျောက် မြန်မာ့စာပေလောကတွင် အင်းဝခေတ်၌ ကျော်ဇောခဲ့သော ရှင်မဟာ သီလဝံသ၊ ရှင်မဟာရဌသာရ တို့ သာမက နောက်ပိုင်း လယ်တီပဏ္ဍိတဦးမောင်ကြီး၊ သခင်ကိုယ်တော်မှိုင်း စသူတို့သည် ပြောက်ကျားနည်းကိုသာ သုံးခဲ့ကြ သည်။ ရဟန်းစာဆိုတို့သည် ရဟန်းဖြစ်သည်နှင့်အညီ ဂန္ထဒူရ၊ ဝိပဿနာဒူရ အလုပ်တို့ကိုလည်း လုပ်ကြရသည်။ ကြိုးကြား ကာလတွင် ပျို့ လင်္ကာတို့ကိုလည်း ရေးခဲ့ကြသည်။ လူစာဆိုတို့ကိုလည်းကြည့်ဦး။ နဝဒေးကြီးသည် မင်းမှူထမ်း လုပ်ရင်း ရတုတို့ကို ရေးခဲ့သည်။ နတ်ရှင်နောင်သည် ဘုရင်လုပ်ရင်း ကောင်းပေ့ညွန့်ပေ့ ရတုများ ရေးခဲ့သည်။ လယ်တီပဏ္ဍိတ၊ သခင် ကိုယ်တော်မှိုင်း၊ ပီမိုးနင်းတို့သည်လည်း အယ်ဒီတာ၊ ကျောင်းဆရာ အလုပ်တို့ကိုလုပ်ရင်း စာရေးခဲ့ကြသည်။ စားဝတ်နေရေး မပြေလည်သော စာရေးဆရာထံမှ စာကောင်းပေမွန်များ ထွက်မလာနိုင်တော့ပေ။ ဝါသနာအလျောက်ရေးကြသော စာရေးဆရာတို့မှာ ပြောက်ကျားစာရေးဆရာနည်းလောက် ကောင်းသောနည်း မရှိပေ။ (၁၉၅၈)
ဒီနေ့ တခြားအလုပ်တဖက်နဲ့မို့ စာမရေးနိုင်ပါဟု ဆိုသူတွေကို ၁၉၅၈ ခုနှစ်ကတည်းက ဆရာဇော်ဂျီက ပြောက်ကျား စာရေးဆရာနည်းကို ပြခဲ့ပြီးပြီလို့ ဆိုချင်ပါတယ်။ ဇော်ဂျီရဲ့ စာပေလက်ရာတွေ အကြောင်းကတော့ ပြောရကုန်နိုင်ဖွယ် မထင်ပါ။ များလှသောင်းသောင်းပါပဲ။ ဒီလိုနည်းလမ်းကောင်းတွေ ပြခဲ့တဲ့၊ ကဗျာကောင်းတွေ အများကြီး ရေးသားခဲ့တဲ့၊ မြန်မာ့ သမိုင်း ယဉ်ကျေးမှု အနုပညာ အကြောင်းတွေရေးသားခဲ့တဲ့ ကျေးဇူးရှင် ဆရာကြီး ဇော်ဂျီ ကွယ်လွန် သွားခဲ့တာဟာဖြင့် အခု ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၆ ရက်မှာ နှစ်ပေါင်း ၃၀ တိတိ ရှိသွားခဲ့ပြီကော။
နေမင်းကြီးကား
ကွယ်လို့သွားလည်း
ပူသားပူမြဲ
ရောင်ရှိန်ထဲတွင်
ထွန်းထင်ဆဲပါတကား။ ။
ဒီလိုပါပဲ။ နှစ်ပေါင်း ၃၀ ကြာလာပေမဲ့ အမျိုးသားစာဆိုကြီး ဆရာကြီး ဇော်ဂျီရဲ့ စာပေ အရှိန်အဝါတွေကတော့ ပိုလို့ တောက်ပ ဆဲပါ။ နောင်လာနောက်သား လူငယ် မောင်မယ်တွေ ရှာဖွေ ဆည်းပူးနိုင်ကြပါစေတော့ ခင်ဗျာ။ ။
ကိုးကား
၁။ ရသစာပေအဖွင့်နှင့် နိဒါန်း ဇော်ဂျီ ဒုတိယအကြိမ် (စိတ်ကူးချိုချို)
၂။ မဟာဆန်ချင်သူပြဇာတ် ဇော်ဂျီ သတ္တမအကြိမ် (ပုဂံစာအုပ်တိုက်)
၃။ ဘဝနှင့် အနုပညာ အမျိုးသားစာဆိုတော်ကြီး ဇော်ဂျီ (MRTV ထုတ်လွှင့်ချက်)
၄။ ပညာသိုက် တိုက်စိုး (ရွှေစာပေတိုက်)
၅။ ခေတ်စမ်းပုံပြင်များ ပထမတွဲ (ပုဂံစာအုပ်တိုက်)










