DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းက CMPစက်ရုံလုပ်သားများ အောက်တိုဘာ ၂၁ ရက်အထိ အလုပ်မဆင်းရန် တားမြစ်မိန့်ထုတ်ပြန်    
DVB
·
October 6, 2020
ရန်ကုန်တိုင်းက CMPစက်ရုံလုပ်သားများ အောက်တိုဘာ ၂၁ ရက်အထိ အလုပ်မဆင်းရန် တားမြစ်မိန့်ထုတ်ပြန်    
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအတွင်းက   ကုန်ကြမ်းယူ ကုန်ချောပေး CMP စက်ရုံအလုပ်သမားတွေ အနေနဲ့ အောက်တိုဘာ ၂၁ ရက်နေ့အထိ  လုပ်ငန်းခွင်ကို သွားရောက်ခွင့်မရှိတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက နောက်ထပ် သီတင်း ၂ ပတ် ထပ်တိုးတဲ့ အမိန့် ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်တိုင်းမှာ ကိုဗစ်-၁၉ လူနာတွေ တစ်ရက်ထက်တစ်ရက်ပိုများလာတာ၊ ရောဂါ ကူးစက်ခံရသူတွေဟာ ရောဂါလက္ခဏာမပြဘဲ ပုံမှန်သွားလာနေသူတွေဖြစ်လို့ ရောဂါကူးစက်မှု မြင့်လာနိုင်တဲ့အတွက် ကုန်ကြမ်းယူ ကုန်ချောပေး လခစား CMP စက်ရုံအလုပ်ရုံက အလုပ်သမားတွေအားလုံး  အောက်တိုဘာ ၈ ရက်မှ  ၂၁ ရက်အထိ  အလုပ်သွားခွင့် မရှိဘူးလို့ အောက်တိုဘာ ၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မူလက ရန်ကုန်က CMP စက်ရုံအလုပ်ရုံ အလုပ်သမားတွေ  စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၇ ရက်အထိ အလုပ်မဆင်းကြဖို့ စက်တင်ဘာ ၂၀ ရက်က အမိန့်ထုတ်ပြန် သတ်မှတ်ခဲ့ရာက အခု သီတင်း ၂ ပတ်ရက်တိုးပြီး ထုတ်ပြန်လိုက်တာဖြစ်ပြီး  မလိုက်နာသူတွေကို တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

CMP စက်ရုံ၊အလုပ်ရုံတွေကို  နှစ်ပတ်ထပ်ပိတ်လိုက်တဲ့အတွက်ကြောင့် အလုပ်သမားတွေရဲ့ လုပ်ခလစာရရှိရေးအတွက် စိုးရိမ်ရတယ်လို့ အလုပ်သမား အချင်းချင်း ရိုင်းပင်းကူညီပေးရေးအဖွဲ့မှ အငြင်းပွားမှုဖြေရှင်းရေး တာဝန်ခံဒေါ်ခခက ပြောပါတယ်။

စက်ရုံအများစုက အောက်တိုဘာ ၈ ရက်နေ့မှာ လုပ်ခလစာအပြင် လူမှုဖူလုံရေးကြေးပါ တခါတည်းပေးဖို့ ပြင်ဆင်နေချိန်မှာ နောက်ထပ် ၂ ပတ်ထပ်ပိတ်လိုက်တဲ့အခါမှာ အလုပ်သမားတွေ လုပ်ခလစာ ထုတ်ယူနိုင်ဖို့ ရှိမရှိ အလုပ်သမားအဖွဲ့တွေက စိုးရိမ်နေတာဖြစ်ပါတယ်။

"ကိုဗစ်-၁၉ ရောဂါမငြိမ်သက်သေးတဲ့အတွက်ကြောင့် စက်ရုံတွေ ဆက်လက်ပိတ်ထားဖို့ ထုတ်ပြန်တဲ့အခါ ပြည်ထောင်စုအစိုးရကလည်း လုပ်ခလစာအပိုင်းကိုပါ တခါတည်း ဖြေရှင်းပေး စေချင်တယ်။ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာဆိုရင် လုပ်ခလစာနဲ့ပတ်သတ်လို့ ညွှန်ကြားချက်တွေ အခုထိ မတွေ့ရသေးပါဘူး။ ပထမပိတ်ခိုင်းတဲ့နှစ်ပတ်မှာလည်း ခိုးဖွင့်တဲ့စက်ရုံတွေရှိလို့ တိုင်ကြားမှု တွေရှိပြီး အခုအခါမှာလဲ ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ် "လို့ ဒေါ်ခခကပြောပါတယ်။

မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က လည်း လစာကိစ္စမပါတဲ့ ကြေညာချက်ဟာ အလုပ်သမားတွေအတွက် အင်မတန်မှ အခက်ကြုံတွေ့ရကြောင်းနဲ့ အမိန့်ညွှန်ကြားချက်တွေ ထုတ်ပြန်တဲ့အခါ နိုင်ငံတော်အစိုးရအနေနဲ့ နောက်ဆက်တွဲ ကိစ္စတွေပါ ထည့်သွင်းထုတ်ပြန်ဖို့ အကြံပြုတယ်လို့  လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားဖော်ပြလိုက်ပါတယ်။

 သတင်း - အိသဇင်ခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013