DVB Logo
Home
မြန်မာသတင်း
နွားထိုးကြီးမြို့နယ်၌ ကြံ့ခိုင်ရေးပါတီ ထောက်ခံသူ သောင်းချီ လှည့်လည်အင်အားပြ
DVB
·
October 5, 2020
နွားထိုးကြီးမြို့နယ်၌ ကြံ့ခိုင်ရေးပါတီ ထောက်ခံသူ သောင်းချီ လှည့်လည်အင်အားပြ
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထောက်ခံဝန်းရံသူ အင်အား ၁၀၀၀၀ ကျော်က ကားအစီး ၃၀၀ ကျော်နဲ့ ဒီနေ့ အောက်တိုဘာ ၅ ရက်မနက်က လှည့်လည် အင်အားပြခဲ့ကြပါတယ်။ 

နွားထိုးကြီးမြို့ပေါ် ၈ ရပ်ကွက်မှာ  အသံချဲ့စက်တွေနဲ့ ပါတီအောင်နိုင်ရေးသီချင်းတွေဖွင့်ကာ ပါတီအလံတွေ ဝှေ့ရမ်းပြီး  မြင်း၊ မြင်းလှည်း၊ ဆိုင်ကယ်၊ ကားကြီး၊ ကားငယ်တွေနဲ့  လှည့်လည်ခဲ့ကြတာ ဖြစ်ပါတယ်။

လိုက်ပါဝန်းရံသူအင်အားသောင်းချီရှိပြီး   နွားထိုးကြီးမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့  ကြံ့ခိုင်ရေးပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး အင်အားပြပွဲတွေထဲမှာ လူအင်အားအများဆုံး ပါဝင်တဲ့ ပွဲဖြစ်ပြီး မြို့တွင်း မြင်းခြံ-မန္တလေးလမ်းမှာ  ၂ နာရီလောက် ယာဉ်ကြောကြပ်  လမ်းပိတ်ဆို့ ခဲ့ပါတယ်။

အင်အားပြပွဲကို ကြံ့ခိုင်ရေးပါတီဗဟို အလုပ်အမှုဆောင် ပို့ဆောင်ရေးဝန်ကြီး(ငြိမ်း) ဦးဉာဏ်ထွန်းအောင် လာရောက်ကြည့်ရှု အားပေးသွားပြီး ဝန်ကြီးက ကျေနပ်အားရကြောင်း ပြောကြားခဲ့သလို ထမင်းထုပ် ၇၀၀၀ ကျော်ကို ပံပိုးကူညီသွားတယ်လို့ နွားထိုးကြီးမြို့နယ် ပါတီ ဥက္ကဋ္ဌက ပြောပါတယ်။

ကားအစီ ၂၀ နဲ့ လူအင်အား ၅၀ လောက်သာ  အင်အားပြတာဖြစ်ပြီး ဝန်းရံသူတွေများလာပြီး ကားအစီး ၃၀၀ ကျော်၊ လူအင်အား ၁၀၀၀၀ ကျော်ဝန်းရံတာကြောင့်  ထိန်းမရတော့တာလို့ မြို့နယ် ကြံ့ခိုင်ရေးပါတီ  ဥက္ကဋ္ဌ  ဦးကြည်ဖေက ပြောပါတယ်။  

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေတာကြောင့် ရောဂါကူးစက်ပြန့်ပွားမှာကို မြို့ခံတွေက စိုးရိမ်မှု ရှိနေပေမဲ့ ဝန်းရံအင်အားပြတဲ့ကိစ္စကို ဘယ်ပါတီကမှ မထိန်းနိုင်တာကြောင့် အခက်တွေ့နေတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။

လူစုလူဝေးနောက်ထပ်မဖြစ်စေဖို့ ပါတီ  ၅ ပါတီကို  ခေါ်ယူတားမြစ်သွားမယ်လို့ မြို့နယ် ရွေးကောက်ပွဲကော်မရှင်  ဥက္ကဋ္ဌ ဦးမြမောင်က ပြောပါတယ်။ 

“လူအင်အား သောင်းချီပြီး မြို့တွင်းလမ်းပိတ်ဆို့သွားသည်အထိ ပြုလုပ်သွားလို့  ဗဟို ကော်မတီညွှန်ကြားချက် ၁/၂၀၁၄ နဲ့မညီပါဘူး။ လူအင်အား ၄၅ ဦး ။ ကား ၃ စီးသာတင်ပြသော်လည်း တကယ်တမ်း မြေပြင်မှာ အင်အား သောင်းကျော်။ ကား အစီး ရာချီ ပါနေတယ်။”

နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ထူးအောင်ကတော့ အင်အားပြပွဲကြောင့် မြို့ပေါ်မှာ  အမှိုက်ရှုပ်သွားပြီး ပါတီလူငယ်တွေ၊ မြို့ချစ်သူတွေနဲ့ ပရဟိတတွေပေါင်းပြီး အမှိုက်ကောက်နေကြရတယ်လို့  ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ လူ ၃၀ ထက်ပိုစုဝေးခြင်းမပြုဖို့နဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာလည်း လူ ၅၀ ထက်မပိုစေဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အမိန့် ထုတ်ပြန်ထားပါတယ်။ 

သတင်း- ဇာဇာမောင်(CJ)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013