DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်မြို့၌ လူထုသောင်းချီပြီး ကယားအခြေစိုက် တိုင်းရင်းသားပါတီ ၂ ခုကို  ဝန်းရံ
DVB
·
October 5, 2020
လွိုင်ကော်မြို့၌ လူထုသောင်းချီပြီး ကယားအခြေစိုက် တိုင်းရင်းသားပါတီ ၂ ခုကို  ဝန်းရံ
1 / 6
Donate to DVB

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ ကယန်းအမျိုးသားပါတီကို ဝန်းရံတဲ့အနေနဲ့ ဒေသခံလူထု သောင်းချီ ဒီကနေ့မနက်က ကယားပြည်နယ်   လွိုင်ကော်မြို့နယ်မှာ  စုရုံးလှည့်လည် အင်အားပြခဲ့ ကြပါတယ်။

မနက် ၈ နာရီခွဲလောက်ကစပြီး လွိုင်ကော်မြို့ ကယားဒေးကွင်းမှာ စုရုံးခဲ့ကြပြီး လွိုင်ကော်မြို့နယ်အတွင်းက ကျေးရွာရပ်ကွက်တွေအပါအဝင် ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော အစရှိတဲ့ မြို့နယ်က လူထုတွေလည်း လာရောက်ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ဒီလိုမဲဆွယ်စည်းရုံးမှုမှာ ဦးဆောင်သူတဦးဖြစ်တဲ့ ကရင်နီလူငယ် ခူးရီးရယ် (ခ) ရီးဒူက “ ကျနော်တို့ မြို့နယ်အဆင့်မှာတော့ လွိုင်ကော်ကတော့ နောက်ဆုံးဖြစ်ပါတယ်။ ကျနော်တို့အဓိက ကတော့ လွို်င်ကော်မြို့မပေါ်ကိုပဲ လှည့်မှာဖြစ်ပါတယ်။ လောလောဆယ် ဖရူဆို၊ ဒီးမော့ဆို ပြီးလို့ရှိရင် လွှိုင်ကော်က လူငယ်အင်အားစုအသီးသီးက ပူးပေါင်းပြီးလာပြီးတော့ ဝန်းရံခြင်းဖြစ်ပါတယ်။ ”

ဆယ်ကယ်အစီးရေ ၂၀၀၀ကျော်နဲ့ အကားအစီးရေ ၁၀၀ ကျော်တို့ ပူးပေါင်းပါဝင်လာတာဖြစ်ပြီး လူဦးရေကတော့ ခန့်မှန်းချေ တစ်သောင်းကျော်ရှိပါတယ်။

ဒီလိုလှည့်လည်ရာမှာ   မနက်ပိုင်းအနေနဲ့ လမ်းကြောင်း ၂ ခုခွဲသွားခဲ့ကြပြီး  မွန်းလွဲပိုင်းမှာတော့  ပြန်လည်ပူးပေါင်းလှည့်လည်ကြမှာဖြစ်ပါတယ်။

လွိုင်ကော်မြို့ နန်းကွပ်ရပ်ကွက်ကနေ လာရောက်ဝန်းရံတဲ့ ဒေါ်စိုးမြာက “ကျမတို့ ကယားလူမျိုးကို ချစ်ခင်ပါတယ်။ ဒီမဲကိုလည်း ပေးမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကယားကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးမှာပေါ့။ ကျမတို့လည်း ကယားလူမျိုးတွေဆိုတော့လေ။ အဲဒါကြောင့် ဒီပါတီကို ချစ်တယ်မြတ်နိုးတယ်။ အဲဒါကြောင့် လာတက်ရောက်တာပေါ့။ ”လို့ ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်ကနေ လာရောက်ဝန်းရံပေးတဲ့ ကရင်နီလူငယ်တဦးဖြစ်တဲ့ ခူးဘူးရယ်က တော့ ပြည်နယ်ပါတီကို ဝန်းရံပေးခြင်းအားဖြင့် ကရင်နီသမိုင်းနဲ့မဆိုင်တဲ့ ကြေးရုပ်ကို ဖယ်ရှားနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

“တခြားပါတီတွေက ကျနော်တို့လိုချင်တဲ့အတိုင်း ကျနော်တို့ စိတ်တိုင်းကျမဖြစ်ဘူးပေါ့နော်။ ကျနော်တို့ရဲ့ရိုးရာဓလေ့တွေကို အလေးလည်းမထားဘူးလို့ခံစားရတာပေါ့။ ဒါကြောင့်မို့လို့ ပြည်နယ်ပါတီကို လာဝန်းရံတာဖြစ်ပါတယ်။ ကျနော်တို့ ကရင်နီသမိုင်းနဲ့မဆိုင်တဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို ရွေ့ ပြောင်းမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ”

အလားတူ ဒီးမော့ဆိုမြို့နယ် ထီးဖိုးကလိုးကျေးရွာကနေ လာရောက်ဝန်းရံတဲ့ လူငယ်တဦး ဖြစ်တဲ့ တူးရယ်ကတော့ “ဒီတကြိမ်မှာဆိုလို့ရှိရင် ကျနော်တို့ရဲ့ ကယားပြည်နယ်မှာ အဓိက ကိုယ်ပိုင်အုပ်ချုပ်နိုင်ဖို့ ကျနော်တို့ ပြန်လည်ပြီးတော့ စုစည်းရတဲ့တိုင်းရင်းသား လူမျိုးနွယ်စုတွေ အားလုံး ပါဝင်နိုင်တဲ့ ကျနော်တို့ရဲ့ ပြည်နယ်အရေးကို တိုးတက်လာဖို့ဆိုပြီးတော့ ကျနော်တို့က ဝန်းရံရခြင်းဖြစ်ပါတယ်။ ဘာဖြစ်လဲဆိုလို့ဆိုရင်  ကျနော်တို့က မြန်မာနိုင်ငံ ပြည်နယ်အသီးသီးမှာ တိုင်းရင်းသားနဲ့သက်ဆိုင်တဲ့ဥပဒေတွေက ကျနော်တို့အတွက် တော်တော်လေးကို အသိအမှတ် မပြုထားတဲ့ ဥပဒေတွေများတဲ့အခါကျတော့ အခုချိန်မှာ ကျနော်တို့က ပြန်ပြီးတော့ ရုန်းကန်ဖို့ လိုတယ်။ ကျနော်တို့တိုင်းရင်းသားတွေအသီသီးမှာ လိုက်လံပြီးတော့ဝန်းရံနေကြတယ်။”  လို့ ပြောပါတယ်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ ကယန်းအမျိုးသားပါတီတို့ဟာ မဟာမိတ်ပြုလုပ်ထား တဲ့ ကယားပြည်နယ်အခြေစိုက်ပါတီဖြစ်ပြီး  လာမယ့် ရွေးကောက်ပွဲမှာ ကယားပြည်နယ်အတွင်း မဲဆန္ဒနယ် ၃၄ နေရာ လုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ကယားပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ တစ်ဦးမှ  မရှိသေးပေမဲ့ လူ ၃၀ ထက်ပိုစုဝေးခြင်းမပြုဖို့နဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာ လူ ၅၀ ထက်မပိုစေဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အမိန့် ထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013