
ပဲခူးတိုင်း၊ ကြို့ပင်ကောက်နဲ့ ဇီးကုန်းမြို့မှာ လေဘေးကြောင့် အိမ်၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်း ၁,၁၀၀ လောက် ထိခိုက်ပြိုလဲခဲ့ပြီး PDF နဲ့ ပတ်သက်တယ်လို့ စွပ်စွဲချက်နဲ့ စစ်အာဏာရှင်က ခွဲခြားထောက်ပံ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီ ၁၇ ရက် ညနေ ၄ နာရီက ကြို့ပင်ကောက်နဲ့ ဇီးကုန်း မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာအတော်များများမှာ နေအိမ်ပြိုကျတာ၊ အမိုးလန်တာဖြစ်ခဲ့ပြီး ဧပြီ ၁၈ ရက်မှာ စစ်အာဏာရှင်က ထောက်ပံ့ကြေးပေးလာတာ ဖြစ်ပါတယ်။
ဒေသခံတယောက်က “မိုးကရွာ၊ လေက အရမ်းတိုက်တော့ မြို့ပေါ်မှာဆို စာသင်ကျောင်းတွေ၊ ဆေးခန်းတွေ၊ ဘုန်းကြီးကျောင်းတွေ အမိုးလန်ပြီး ပျက်စီးကုန်တယ်။ ကွက်သစ်၊ ချောင်းဂွနဲ့ မြို့ကိုင်းဘက်မှာ အိမ်တွေ ပြိုကျတယ်။ ပျက်စီးဆုံးရှုံးမှု အတော်များတယ်။ ထောက်ပံ့ကြေးက ရွာတိုင်းပေးတာမဟုတ်ဘူး။ အချို့ရွာတွေကို PDF နဲ့ ပတ်သက်တယ်ဆိုပြီး စစ်တပ်က မပေးဘူး” လို့ DVB ကို ပြောပါတယ်။
ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတချို့ကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က အမည်းရောင်နယ်မြေလို့ သတ်မှတ်ထားတာကြောင့် ကိုယ့်ဘာသာ နေအိမ်ပြုပြင်ဖို့ဆိုရင်လည်း အိမ်ဆောက်ပစ္စည်းဝယ်ယူဖို့ ခက်ခဲတယ်လို့ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။
ကြို့ပင်ကောက်မြို့နယ်မှာ နေအိမ် ၆၃၉ လုံး၊ ဘုန်းတော်ကြီးကျောင်း ၈ ကျောင်း၊ စာသင်ကျောင်း ၂ ကျောင်းနဲ့ ကျေးလက် ဆေးပေးခန်း ၁ လုံးတို့ အမိုးလန်၊ ထိခိုက်ပျက်စီးပြီး နေအိမ် ၅၇ လုံး ပြိုကျပျက်စီးခဲ့တယ်လို့ စစ်အာဏာရှင် ဝါဒဖြန့် ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
ဇီးကုန်းမြို့နယ်မှာလည်း ဧပြီ ၁၇ ရက်၊ ညနေ ၅ နာရီခွဲက မိုးသည်းသည်းထန်ထန်ရွာပြီး လေပြင်းတိုက်တာကြောင့် မြို့ပေါ်ရပ်ကွက် ၅ ခုနဲ့ ကျေးရွာ ၁၈ ရွာမှာ ဘုန်ကြီးကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ် ၄၀၀ လောက် ပျက်စီးခဲ့ပါတယ်။
ဒေသခံတယောက်က “ထောက်ပံ့ကြေးက အိမ်ပြိုသွားရင် ၅ သောင်း၊ အမိုးလန်ရင် ၂ သောင်း၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းဆို ၅ သိန်းပေးတယ်။ ဒါပေမဲ့ လူတိုင်းမရဘူး” လို့ ပြောပါတယ်။
လေပြင်းကြောင့် ဇီးကုန်းမြို့နယ်က ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတွေမှာ နေအိမ် ၃၇၅ လုံးနဲ့ ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း ထိခိုက်ပျက်စီး၊ နေအိမ် ၁၀ လုံး ပြိုကျပျက်စီးခဲ့ပြီး လူနဲ့ တိရစ္ဆာန်တွေတော့ ထိခိုက်ဒဏ်ရာ မရခဲ့ကြဘူးလို့ စစ်အာဏာရှင် ဝါဒဖြန့် ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံကို အနောက်တောင်မုတ်သုံလေ မဝင်ရောက်မီကာလအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး လေပြင်းတိုက်ခတ်တာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာတို့ ဖြစ်ပေါ်နိုင်ပြီး တနာရီမှာ မိုင် ၅၀ အထိ လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးလေဝသဌာနက ဧပြီ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။










