
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မင်းကုန်းကျေးရွာမှာရှိတဲ့ စစ်အာဏာရှင်တပ်ရဲ့ အထိုင်စခန်းကနေ လွှတ်တင်လိုက်တဲ့ ဒရုန်းတစင်းကနေ ဗုံးသီးပြုတ်ကျလို့ ဒေသခံအမျိုးသမီး တယောက် သေဆုံးပြီး၊ ၁၀ ယောက် ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၁၁ ရက် နေ့လယ်ပိုင်းက မင်းကုန်းကျေးရွာရှိ စစ်တပ်စခန်းကနေ ဗုံးသီး ၂ လုံး တပ်ဆင်ထားတဲ့ ဒရုန်းတစီးကို လွှတ်တင်ခဲ့ရာမှာ၊ စခန်းရဲ့အနောက်ဘက် ကိုက် ၂၀၀ လောက်အကွာမှာရှိတဲ့ ဆီစက်ဝင်းအတွင်းနဲ့ ဆီစက်ရှေ့တို့ကို ပြုတ်ကျပေါက်ကွဲခဲ့တာပါ။
အဲဒီလို ပေါက်ကွဲမှုကြောင့် မင်းကုန်းကျေးရွာက ဒေသခံ ၁၀ ယောက်ထက်မနည်း ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပြီး၊ အဲဒီအထဲက အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတယောက် ကတော့ ဆေးကုသမှုခံယူနေစဉ်မှာပဲ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံတယောက်က “ဗုံးသီး ၂ လုံး ပြုတ်ကျတဲ့အထဲက တလုံးကွဲပြီး တလုံးကတော့ မကွဲဘူး”လို့ ပြောပါတယ်။
ပြုတ်ကျတဲ့နေရာဟာ ဆီစက်ရှေ့ လမ်းဘေးဖြစ်ပြီး ဓာတ်ဆီဆိုင်၊ စားသောက်ဆိုင်နဲ့ ကွမ်းယာဆိုင်တွေရှိတဲ့ လူစည်ကားရာနေရာ ဖြစ်တဲ့အတွက် အခုလို ထိခိုက်မှုများပြားခဲ့တာလို့ ဖြစ်ပါတယ်။
ဒါ့အပြင် မကွဲဘဲကျန်နေတဲ့ ဗုံးသီးကို လာကောက်ဖို့ စစ်တပ်ကို သွားရောက်အကြောင်းကြားရာမှာ၊ လာမကောက်တဲ့အပြင် နောက်ထပ်လာဦးမှာဖြစ်လို့ အဲဒီနားမနေကြဖို့နဲ့ ကိုယ့်ဘာသာ ရှောင်ရှားနေထိုင်ကြဖို့ ပြန်လည်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် လက်ရှိ ရွှေဘိုမြို့ပေါ်မှာ လမ်းလျှောက်သင်္ကြန်ပွဲတော် ဖွင့်လှစ်ဖို့အတွက် စစ်အာဏာရှင် လက်အောက်ခံ စစ်ကိုင်းတိုင်း စည်ပင်သာယာရေးဝန်ကြီး ရောက်ရှိနေပါတယ်။
ဒါကြောင့် စစ်တပ်က မြို့အဝင်ဂိတ်တွေမှာ အင်အားတိုးချဲ့ချထားပြီး၊ မြို့ပြင်ကျေးရွာတွေဘက်ကို ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်မှုတွေကြောင့် ဧပြီ ၈ ရက်မှ ၁၂ ရက်အထိ ၅ ရက်အတွင်း၊ ရေကြည်ဝကျေးရွာက အမျိုးသားတယောက်နဲ့ မင်းကုန်းကျေးရွာက အမျိုးသမီးတယောက်တို့ ဗုံးစထိမှန် သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ကလေးငယ်တယောက် အပါအဝင် ဒေသခံ ၁၆ ယောက်ကျော် ဒဏ်ရာရရှိခဲ့ပြီး၊ သစ်သားအရောင်းဆိုင်တဆိုင် မီးလောင်ပျက်စီးခဲ့သလို၊ နေအိမ်တချို့နဲ့ စစ်ဘေးရှောင်တဲတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။










