DVB Logo
Home
မြန်မာသတင်း
မြေသိမ်းခံရသည့် လယ်သမားများ မြို့တော်ခန်းမရှေ့ ဆန္ဒပြ
DVB
·
July 9, 2013
မြေသိမ်းခံရသည့် လယ်သမားများ မြို့တော်ခန်းမရှေ့ ဆန္ဒပြ
1 / 3
Donate to DVB

ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီတိုင်းအတွင်းက အသိမ်းခံထားရတဲ့ လယ်မြေတွေ ပြန်လည်ရရှိရေး တောင်သူ ၂၀၀ လောက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဒီနေ့မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

[caption id="attachment_41418" align="alignleft" width="300" caption="မြို့တော်ခန်းမရှေ့ ဆန္ဒပြနေကြစဉ်"][/caption]

ကျောက်တံတားရဲစခန်းရဲ့ တရားဝင်ခွင့်ပြုချက်အရ ဆန္ဒထုတ်ဖော်ကြတာဖြစ်ပြီး မတရား အသိမ်းခံထားရတဲ့ လယ်မြေတွေ ပြန်ရရေးအတွက်  သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့အနေနဲ့ အမြန်ဆုံးကူညီဖြေရှင်းပေးဖို့ တောင်းဆိုတဲ့ ပိုစတာတွေကိုင်ဆွဲပြီး ဆန္ဒပြခဲ့ကြတာပါ။

လယ်ဧက ၃၀၀ နီးပါး အသိမ်းခံရတဲ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် လယ်သမား ကိုထွန်းထွန်းဝင်းက “လယ်သမားနဲ့ ကုမ္ပဏီကို ကော်မရှင်က ခေါ်ယူညှိနှိုင်းပြီးတော့ အဆင်ပြေသွားတဲ့ ကုမ္ပဏီတွေ ရှိနေပါတယ်။ အဲဒီအတွက် ကျနော်တို့ လယ်သမားတွေကိုလည်း ခေါ်ယူညှိနှိုင်းပေးဖို့ တောင်းဆိုတာပါ။ ကျနော်တို့ ပိုင်ဆိုင်မှုအားလုံးကို ကျနော်တို့ တောင်းယူနေတာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လယ်ယာမြေသိမ်းခံရမှုတွေကြောင့် လယ်လုပ်သူ အရေအတွက် ကျဆင်းလာနေပြီး  လယ်သမားတွေ အတိဒုက္ခရောက်နေကြရတယ်လို့ ဆန္ဒပြပွဲကို  ဦးဆောင်သူတဦးလည်းဖြစ်၊ လယ်သမားအရေး ဆောင်ရွက်ပေးနေသူလည်းဖြစ်တဲ့ ဦးဝင်းချိုက ပြောပါတယ်။

“ကျနော်တို့ နိုင်ငံမှာ အရင်တုန်းက ၇၀ ရာခိုင်နှုန်း လယ်ယာ လုပ်ကိုင်သူတွေ ရှိတယ်ဆိုပေမယ့် လက်ရှိအချိန်မှာတော့ ၃၀ ရာခိုင်နှုန်းတောင် မပြည့်တဲ့ အနေအထားမှာ ရောက်နေပါပြီ။ ပြောချင်တာတော့ ဒုက္ခရောက်နေတာ အကုန်လုံးပါ။ သို့သော်လည်း အကုန်လုံးထဲက အဆိုးဆုံးရောက်နေတဲ့ လူတွေကို ဦးစားပေးပါ။”

သမ္မတဦးသိန်းစိန် အစိုးသစ်တက်လာပြီးနောက်   မြန်မာနိုင်ငံတ၀န်းမှာ လယ်မြေသိမ်းခံရတဲ့ လယ်သမားတွေရဲ့ လယ်မြေပြန်ရရေး တောင်းဆိုတဲ့ဆန္ဒပြပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး လယ်သိမ်းမှုအများစုဟာ အရင်စစ်အစိုးရလက်ထက်က သိမ်းယူထားခဲ့တဲ့အမှုတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကလည်း  ရန်ကုန်တဖက်ကမ်း ဒလမြို့နယ်မှာ ဧရာဝတီရေတပ်စခန်း ဌာနချုပ်က သိမ်းယူထားတဲ့မြေနေရာမှာ လယ်သမားတွေ ၀င်ရောက်ထွန်ယက်တာကို ရေတပ်က အရေးယူတာကြောင့် လယ်သမားတွေဟာ  ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်ခဲ့ပါသေးတယ်။

လွှတ်တော် မြေယာသိမ်းဆည်းမှုစစ်ဆေးရေးကော်မရှင် မကွေးတိုင်းအဖွဲ့ခေါင်းဆောင် ဦးလှဆွေကတော့ စစ်တပ်က သိမ်းထားတဲ့  မြန်မာနိုင်ငံတ၀န်းက လယ်မြေတွေအနက် အဆောက်အအုံဆောက်ဖို့ သိမ်းထားတဲ့မြေမှအပ ကျန်မြေတွေကို လယ်သမားတွေထံ  ပြန်ပေးသွားဖို့ရှိတယ်လို့ ကာကွယ်ရေးဝန်ကြီးရဲ့ပြောဆိုချက်ကို ကိုးကားပြီး ပြီးခဲ့တဲ့ လကုန်ပိုင်းက ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံတ၀န်းမှာ အစိုးရစစ်တပ်က သိမ်းယူထားခဲ့တဲ့ လယ်မြေဧကပေါင်း ၂ သိန်း ၄ သောင်း ၇ ထောင်ကျော် ရှိတယ်လို့  ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013