
လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ထိန်းချုပ်ဖို့အတွက် မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ ကုန်တင်ယာဉ်တွေကို သတ်မှတ်နေရာတွေမှာသာ ကုန်အတင်အချ လုပ်ဆောင်ခွင့်ပြုတော့မယ်လို့ မြို့နယ်အုပ်ချုပ်ရေးက ပြောပါတယ်။
သထုံမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးကော်မတီရဲ့ စီစဉ်မှုနဲ့ အောက်တိုဘာ ၂ ရက်မ စတင်ကာ မြို့နယ်အတွင်းရှိ ကုန်ဒိုင်တွေနဲ့ နေအိမ်ဂိုဒေါင်တွေမှာ ကုန်တင်ချပြုလုပ်ခွင့်ပြုတော့မှာ မဟုတ်ဘဲ သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ လေယာဉ်ကွင်း အဟောင်းနေရာမှာသာ ကုန်ပစ္စည်းအတင်အချပြုလုပ်ရမှာဖြစ်ပါတယ်။
သထုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးက "အဓိကကတော့ တခြားဒေသကလာတဲ့ ကုန်တင်ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်တွေကို မြို့နယ်အတွင်း သွားလာတာမလုပ်ဖို့ ထိန်းချုပ်တဲ့သဘောပါ။ ဒီလိုမှမလုပ်ရင် မြို့နယ်အတွင်းက လူတွေနဲ့ထိတွေ့ပြီး ရောဂါကူးစက်မှု ကပျံ့နှံ့နိုင်တယ်။ အခုလိုလုပ်ဆောင်တဲ့အပေါ် ယာဉ်မောင်းတွေ အနေနဲ့ စည်းကမ်း မလိုက်နာဘဲ ဖောက်ဖျက်တာတွေ့ခဲ့ရင်တော့ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး ကော်မတီဆုံးဖြတ်ချက်နဲ့အညီ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာပါ”လို့ ပြောပါတယ်။
သထုံမြို့နယ်ထဲမှာ ကုန်အတင်အချလုပ်မယ့် ကုန်တင်ကားတွေအနေနဲ့ သတ်မှတ်စခန်းမှာ မနက် ၈ နာရီမှ ည ၆ အထိ ဖွင့်လှစ်ထားမှာဖြစ်ပြီး ညဘက်ဝင်လာတဲ့ ကုန်တင်ကားတွေနဲ့ ညအိပ်ကားတွေကိုတော့ သတ်မှတ် Quarantine စင်တာနေရာမှာ နေထိုင်ပြီး ကျန်းမာရေးစစ်ဆေးမှု ခံယူရမှာဖြစ်ပါတယ်။
သထုံမြို့နယ်အတွင်း ကုန်တင်ချလာရောက်ပြုလုပ်ကြမယ့် မော်တော်ယာဉ်တွေကို သတ်မှတ်နေရာမှာပြုလုပ်ဖို့ မြို့နယ်အတွင်းရှိ ကုန်တင်ယာဉ်ပိုင်ရှင်တွေကို အသိပေး အကြောင်းကြားထားပြီးဖြစ်သလို အများမြင်သာနိုင်တဲ့နေရာတွေမှာလည်း အသိပေး ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။
သတင်း -ယူမင်










