
စစ်ကိုင်းတိုင်းဒေသကြီးမှာ အောက်တိုဘာ ၂ ရက်နေ့က အသက် ၂၅ ရက်အရွယ် မိန်းကလေး ၁ ဦးအပါဝင် ကိုဗစ်-၁၉ လူနာသစ် ၁၅ ဦး ထပ်မံတွေ့ရှိတယ်လို့ သိရပါတယ်။
ယင်းမာပင်ခရိုင် ကနီမြို့နယ်က ၇ ဦး၊ ကလေးခရိုင် ကလေးမြို့နယ်က ၇ ဦးနဲ့ မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ်က ၁ ဦး တွေ့ရှိခဲ့တာလို့ တိုင်းကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ကနီမြို့နယ်က ပိုးတွေ့လူနာ ၂၅ ရက်အရွယ်ကလေးကတော့ ယခင်ပိုးတွေ့လူနာ ဖခင်ကတဆင့် ကူးစက်တာလို့ သိရပါတယ်။
ပထမအကြိမ်ဆေးစစ်တုန်းက ပိုးတွေ့လူနာရဲ့ ဇနီးနဲ့ကလေးဟာ ပိုးမတွေ့ခဲ့ပေမဲ့ ဒုတိယအကြိမ်ပြန်စစ်တဲ့အခါ မိခင်နဲ့ကလေးပါ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာလို့ ကနီမြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ဝေမာနွယ်က ပြောပါတယ်။
ကနီမြို့နယ်မှာ ထပ်မံတွေ့ရှိတဲ့လူနာ ၇ ဦးဟာ ဆင်အိုရွာက ၄ ဦး၊ ရွာမတောင်ရွာက ၂ ဦးနဲ့ ပျဉ်းမော်ရွာက ၁ ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ယင်းမာပင်ခရိုင်အတွင်းမှာ အောက်တိုဘာ ၂ ရက်နေ့အထိ ကနီမြို့နယ်က ၉ ဦး၊ ပုလဲမြို့နယ်က ၇ ဦးနဲ့ ယင်းမာပင်မြို့နယ်က ၂ ဦး၊ စုစုပေါင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၈ ဦးရှိလာပြီဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉၃ ဦးရှိပြီဖြစ်ပြီး ဆေးရုံက ဆင်းခွင့်ရသူက ၁၅ ဦးရှိပြီလို့ သိရပါတယ်။










