DVB Logo
Home
မြန်မာသတင်း
ဦးအယ်လ်ဖောင်းရှိုကို စုံစမ်းစစ်ဆေးခွင့်မရှိကြောင်း အဂတိတိုက်ဖျက်ရေးကော်မရှင် အကြောင်းပြန်
DVB
·
October 1, 2020
ဦးအယ်လ်ဖောင်းရှိုကို စုံစမ်းစစ်ဆေးခွင့်မရှိကြောင်း အဂတိတိုက်ဖျက်ရေးကော်မရှင် အကြောင်းပြန်
Donate to DVB

ပြည်သူ့ဘဏ္ဍာသုံးစွဲမှုနဲ့ပတ်သက်လို့ ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို တိုင်ကြားထားတဲ့ကိစ္စ  စုံစမ်းစစ်ဆေးခွင့်မရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စက်တင်ဘာ ၃၀ ရက်စွဲနဲ့ တိုင်ကြားသူထံ အကြောင်းပြန်ပါတယ်။

ပြည်သူ့ဘဏ္ဍာသုံးစွဲမှုနဲ့ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို  စုံစမ်းစစ်ဆေးပေးဖို့  ဖရူဆိုမြို့နယ်အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ စက်တင်ဘာ ၈ ရက်က တိုင်ကြားခဲ့တာပါ။ 

ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ ဝယ်ယူထားတဲ့ စက်ယန္တရားငှားရမ်းခရငွေတွေကို  နိုင်ငံတော်ဘတ် ဂျက်သို့ ပေးသွင်းခြင်းမရှိဘဲ လက်ဝယ်ကိုင်တွယ်ပြီး ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက်သုံးစွဲခြင်းနဲ့ ဒေသဖွံ့ဖြိုးရေးအကြောင်းပြကာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေ ဖောက်ဖျက်ပြီး အဂတိလိုက်စား ဆောင်ရွက်နေတဲ့ ကယားပြည်နယ်ဝန်ကြီးချုပ်နဲ့ သက်ဆိုင်ရာ တာဝန်ရှိ အဆင့်ဆင့်တို့ကို စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ တိုင်ကြားစာမှာ ပါရှိပါတယ်။

ဦးသဲရယ်ရဲ့တိုင်ကြားစာနဲ့ အကြောင်းအရာတူ တိုင်ကြားစာကို ကယားပြည်နယ်လွှတ်တော်ရုံး တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့အတွင်းရေးမှူး ဦးမြင့်မောင်လည်း ဇန်နဝါရီ ၁၀ ရက်က တိုင်ကြားခဲ့ကြောင်း၊ တိုင်ကြားစာပါကိစ္စရပ်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်ပြဋ္ဌာန်းခြင်း မပြုမီက ကိစ္စရပ်ဖြစ်တဲ့အတွက် အရေးယူဆောင်ရွက်ပေးလို့ မရကြောင်းနဲ့၊ သက်ဆိုင်ရာဌာနမှ တည်ဆဲဥပဒေနဲ့ အညီ ဆောင်ရွက်ရမယ်ကိစ္စရပ်ဖြစ်ကြောင်း စာပြန်ထားခဲ့ပြီးဖြစ်ကြောင်း ဖော်ပြပါတယ်။ 

ဖရူဆိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်ရဲ့ တိုင်ကြားစားမှာလည်း အကြောင်းအရာတူခြင်း၊ အရေးကြီးတဲ့ သက်သေခံချက်အသစ်မပါရှိခြင်းတို့ကြောင့်  အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၂၂ အရ ကော်မရှင်အနေနဲ့ တိုင်ကြားစာပေါ် စုံစမ်းစစ်ဆေးခွင့်မရှိကြောင်း စာမှာဖော်ပြထားပါတယ်။ 

ဒီလိုစာပြန်တဲ့အပေါ် တိုင်ကြားသူ ဦးသဲရယ်က “ သူတို့ပို့လာတဲ့စာအပေါ်မှာ ကျနော့်အမြင်ကတော့ နောက်ကြောင်း ပြန်မလှည့်ရဘူးဆိုတဲ့သဘောမျိုးလို့ ကျနော်အဲလိုပဲမြင်တယ်။ ဆိုတော့ လုပ်ပြီးသွားတဲ့ကိစ္စ မှန်သမျှက ဥပဒေပြင်ဆင်ပြီးတိုင်း အရေးယူလို့မရဘူးဆိုလို့ရှိရင်တော့ အာဏာရှိတဲ့ပုဂ္ဂိုလ်တွေက သူကြိုက်တာလုပ်မယ်၊ ပြီးတာနဲ့ ဥပဒေတခုကို ပြင်လိုက်ပြီးတော့မှ လုပ်လို့မရတော့ဘူးဆိုတဲ့ဟာမျိုးတွေပဲ လုပ်ကြတော့မှာပဲ။ လက်ရှိအစိုးရက ဒီဥပဒေ စိုးမိုးရေးကို သူတို့ကဆောင်ရွက်မယ်ဆိုပြီးတော့မှ ကြွေးကြော်ထားတာပေါ့နော်။ အခုက အဲလိုမျိုးမဟုတ်ဘဲ ဒီလိုအဂတိဖြစ်ပေါ်တဲ့ဟာတွေ၊ လာဘ်ပေး လာဘ်မှုကိစ္စတွေ ဒီလိုဥပဒေ လုပ်ထုံးလုပ်နည်းကို စနစ်တကျမဆောင်ရွက်ဘဲနဲ့ ဒီလိုလွဲချော်မှုတွေကို သူတို့က ဖုံးဖိပေးတယ်လို့ပဲကျနော်မြင်တယ်။ ” လို့ပြောပါတယ်။ 

ဦးအယ်လ်ဖောင်းရှိုကို စုံစမ်းစစ်ဆေးပေးဖို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မတီထံတင်ပြရာမှာ စုံစမ်းစစ်ဆေးခွင့်မရှိကြောင်း စာပြန်လာတဲ့နေ့မှာပဲ ကယားလွှတ်တော်က ဝန်ကြီးချုပ်ဟောင်းအပေါ် စွပ်စွဲပြစ်တင်ခဲ့မှုနဲ့ ပတ်သက်ပြီး  ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီမညီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက အောက်တိုဘာ ၆ ရက်မှာ  e-Court စနစ်နဲ့  ကြားနာမယ်လို့  ကြေညာပါတယ်။ 

ဒီအပေါ် LAIN နည်းပညာ အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ထင်အောင်က ဒါဟာ အာဏာရပါတီရဲ့လူကို ကာကွယ်နေခြင်းဖြစ်တယ်လို့ ဝေဖန်ပါတယ်။ 

“တာဝန်မှရပ်စဲခံရတဲ့ ဦးအယ်လ်ဖောင်းရှိုကိစ္စရပ်နဲ့ပတ်သက်ပြီးတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်တဲ့နေရာမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စတုတ္ထ အကြိမ်ပြင်ဆင်တဲ့ဥပဒေ မပြဋ္ဌာန်းကာလ မို့လို့ အရေးမယူနိုင်ဘူး။ စစ်ဆေးဖို့ မဖြစ်နိုင်ဘူးလို့ ပြောသော်ငြားလည်း ဒီဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးမှကျတော့ ဒီဝန်ကြီးချုပ်ဟောင်းကို စွပ်စွဲပြစ်တင်မှုနဲ့ပတ်သက်ပြီးတော့ ဦးဆောင်ခဲ့တဲ့ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကို ခုံရုံးကြားနာမှု ကိုယ်တိုင်ရင်ဆိုင်ရမယ်ဆိုပြီးတော့မှ ဆုံးဖြတ်လာတာကို တွေ့ရခြင်းသည် လက်ရှိအာဏာရပါတီရဲ့လူကို ကာကွယ်နိုင်ဖို့အတွက်ကို ရည်ရွယ်တယ်။ အဂတိဘက်ကနေ အရေးမယူဘဲ ခုံရုံးဘက်ကနေ စစ်ဆေးခြင်းသည် ဘက်လိုက်မှုဖြစ်ပြီးတော့ အဂတိတရား ၄ ပါးထဲက တပါးပါးကိုကတော့ ကျူးလွန်နေပြီဆိုတာကို ကျနော်တို့ အနေနဲ့ သုံးသပ်ပါတယ်ခင်ဗျာ။ ”

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို အယုံအကြည်မရှိကြောင်း ကယားပြည်နယ်လွှတ်တော်မှာ စက်တင်ဘာ ၁ ရက်က ထောက်ခံမဲအများစုနဲ့ စွပ်စွဲပြစ်တင်  မဲခွဲဆုံးဖြတ်ပြီးနောက် သမ္မတထံ တင်ပြခဲ့ရာမှာ  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က  စက်တင်ဘာ ၃ ရက်နေ့စွဲနဲ့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌထံ အကြောင်းပြန်လိုက်တာ ဖြစ်ပါတယ်။

စက်ယန္တရားကြီးတွေကို ငှားရမ်းပြီးသုံးစွဲခဲ့မှုနဲ့ ကယားဒေးကွင်းမြေနေရာ ငှားရမ်းသုံးစွဲခဲ့တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ဦးအယ်လ်ဖောင်းရှိုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၆၃  (က) အရ စွပ်စွဲပြစ်တင်ခဲ့တာဖြစ်ပါတယ်။

စွပ်စွဲပြစ်တင်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ ဆောင်ရွက်ခဲ့ရာမှာ  ဝန်ကြီးချုပ်ကိုယ်တိုင်ချေပနိုင်ဖို့ ၄ ကြိမ်တိုင်ဆင့်ခေါ်ခဲ့ပေမယ့် ဦးအယ်လ်ဖောင်းရှိုက ကိုယ်တိုင် ရောက်ခြင်းမရှိသလို ကိုယ်စားသာ လာရောက်ပြီး စုံစမ်းစစ်ဆေးမှုကို ခံယူခဲ့ခြင်းမရှိပါဘူး။ 

စွပ်စွဲပြစ်တင်မှုနဲ့ပတ်သက်ပြီး လက်မှတ်ရေးထိုးထားတဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်(ခ)စဲရယ်မှ နုတ်ထွက်သွားတဲ့အတွက် လေးပုံတစ်ပုံ မပြည့်မီတဲ့အကြောင်းနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ၅ ဦးထဲမှာ  ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင် တစ်ဦးတို့ ကိုယ်တိုင် စွပ်စွဲသူတွေဖြစ်နေတယ်လို့ ဦးအယ်လ်ဖောင်းရှိုက လွှတ်တော်မှာ ရှင်းလင်း ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013