DVB Logo
Home
မြန်မာသတင်း
ဗုံးပေါက်ကွဲမှုကြောင့် ဗုဒ္ဓဂါယာ ဘုရားဖူးခရီးသွားလုပ်ငန်းများ ထိခိုက်
DVB
·
July 9, 2013
ဗုံးပေါက်ကွဲမှုကြောင့် ဗုဒ္ဓဂါယာ ဘုရားဖူးခရီးသွားလုပ်ငန်းများ ထိခိုက်
Donate to DVB

ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ   ဗုဒ္ဓဂါယာမှာ ဖြစ်ပွားခဲ့တဲ့   ဗုံးပေါက် ကွဲမှုကြောင့် မြန်မာနိုင်ငံက ဗုဒ္ဓဂါယာ ဘုရားဖူး ခရီးသွားပို့ဆောင်ရေးလုပ်ငန်းတွေ  ထိခိုက်မယ့် အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တောင်ပိုင်း ဗုဒ္ဓဘုရားပွင့်ရာ ဗုဒ္ဓဂါယာဒေသမှာ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက် မနက်အစောပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံက သံဃာတော်တချို့ ဒဏ်ရာရရှိသွားပါတယ်။

ဒီဗုံးပေါက်ကွဲမှုရဲ့ ဂယက်အဖြစ်  လာမယ့်  ဩဂုတ်လအကုန်ပိုင်းမှာ စတင်မယ့် ဘုရားဖူးရာသီမှာ မြန်မာပြည်က  ဗုဒ္ဓဂါယာ ဘုရားဖူးပိုဆောင်ရေးလုပ်ငန်းတွေ  အခတ်အခဲအချို့ တွေ့နေကြပါတယ်။

ဒီနှစ် ဗုဒ္ဓဂါယာဘုရားဖူးအစီအစဉ်တွေမှာ ထိတ်လန့်စရာဗုံးပေါက်ကွဲမှုတွေ၊ ဗီဇာကိစ္စပြောင်းလဲမှုနဲ့ ငွေဈေး အတက်အကျတွေကြောင့် အခက်အခဲတွေ ရှိလာနိုင်တယ်လို့   မဇ္ဈိမဂုဏ် ဗုဒ္ဓဂါယာဘုရားဖူးပို့ဆောင်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“အခုချိန်မှာတော့ ဘာမှမပြောနိုင်သေးဘူး။ အကုန်လုံး အခြေအနေကို စောင့်ကြည့်ပြီးမှ တခြားဘုရားဖူးအဖွဲ့တွေရော ဘယ်လိုပြင်ဆင်လဲ၊ အကုန်လုံးနဲ့ ညှိပြီး ပြင်ဆင်ရမှာပေါ့။ ဘုရားဖူးအဖွဲ့တွေ အကုန်လုံးကလည်း အသင်းအဖွဲ့လေးတွေလုပ်ပြီး ညှိညှိနှိုင်းနှိုင်းတိုင်ပင်ပြီး သွားရမှာပေါ့။ နဂိုကတည်းကလည်း ဒီဗီဇာကိစ္စက ဒီနှစ်မှာ ခက်သွားတာပဲ။ အိန္ဒိယဘက်ကလည်း သူတို့နိုင်ငံအ၀င်အထွက်ကို အများကြီး ဂရုစိုက်တော့မှာ။ ဘုရားဖူးခရီးသည်တွေအနေနဲ့ တော်တော်လေးခက်ခဲမယ်။”

ဒီဖြစ်စဉ်တွေကြောင့် ဗုဒ္ဓဂါယာဘုရားဖူးဧည့်သည်တွေအတွက် လုံခြုံရေးတွေ ပိုမိုကောင်မွန်လာနိုင်ကြောင်းကို နီလာဗုဒ္ဓဂါယာဘုရားဖူးပို့ဆောင်းရေမှ ဦးအောင်ဌေးက ပြောပါတယ်။

“တဖက်နိုင်ငံအခြေအနေက အိန္ဒိယအစိုးရနဲ့ ဆိုင်တာလေ။ သူတို့ရဲ့ အခြေအနေကြောင့်ဖြစ်တာ ကျနော်တို့ မြန်မာပြည်နဲ့တော့ မဆိုင်ပါဘူး။ ဘုရားဖူးတွေအတွက် ပိုပြီးတော့ ကောင်းသွားတာက အရင်တုန်းကဆိုရင် ဒီလောက် မလုံခြုံဘူး။ ဒီနှစ်ဆို ပိုပြီးလုံခြုံသွားမယ်၊ လုံခြုံရေးကြပ်မတ်ထားတဲ့အတွက် ဧည့်သည်တွေအတွက် ပိုကောင်းသွားတာပေါ့။”

ဗုဒ္ဓမြတ်စွာဘုရားပွင့်တော်မူရာ ဗုဒ္ဓဂါယာဒေသကို ဘုရားသွားဖူးဖို့ အစီအစဉ်ရှိတဲ့  ရန်ကုန်မြို့က  အငြိမ်းစားဆရာမ ဒေါ်ကျင်အုပ်ကတော့   ခုလို ပေါက်ကွဲမှုဖြစ်စဉ်တွေကြောင့်  ခရီးထွက်ရမှာကို စိုးရိပ်ပူပန်မိတယ်လို့ ပြောပါတယ်။

“စိုးရိမ်တာပေါ့။ ဘာပဲဖြစ်ဖြစ် အဲဒီနေရာမှာ ပေါက်ပြီဆိုရင် သွားတဲ့လာတဲ့နေရာမှာ ဘယ်လိုလုပ် စိတ်ချရတော့မလဲ။ သွားဖို့အစီအစဉ် လုံးဝပြီးသွားရင် တမျိုးစီစဉ်ရမှာပေါ့။ အခုမှ အစီစဉ်လုပ်မယ်ဆိုရင် ဘယ်သွားကြတော့မလဲ။ အဲလိုဖြစ်နေမယ်ဆိုရင် ခရီးသွားတဲ့လုပ်ငန်းတွေလည်း အကုန်တန့်ကုန်မှာပေါ့။”

မြန်မာပြည်က   အိန္ဒယဗုဒ္ဓဂါယာသို့  ဘုရားဖူးခရီးသည်ပေါင်း ၁ နှစ်ကို ၁ သိန်းကျော်လောက်အထိ နှစ်စဉ် သွားနေကြတာဖြစ်ပြီး  ဘုရားဖူးလုပ်ငန်း လုပ်ဆောင်တဲ့ ခရီးသွားကုမ္ပဏီပေါင်း ၇၀ လောက် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013