
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စက်တင်ဘာ ၃၀ ရက် ညပိုင်းက ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၇ ဦးတွေ့ရှိခဲ့ပြီး အဲ့ဒီအထဲမှာ ၉ ရက်သားအရွယ် ကလေးငယ် ၁ ဦးပါဝင်တယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တဲ့ အသက် ၉ ရက်အရွယ်ကလေးဟာ ပုသိမ်-ငွေဆောင် ကားလမ်းမဘေးရှိ သဲဖြူကျေးရွာမှာ နေထိုင်တဲ့ ကလေးဖြစ်ပြီး မိခင်ဖြစ်သူမှာ ရောဂါပိုး တွေ့ရှိတာမရှိဘူးလို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဧရာဝတီ)ရဲ့ တာဝန် ရှိသူကပြောပါတယ်။
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဧရာဝတီ)ရဲ့ ဒုဥက္ကဋ္ဌ ဦးဇော်ဇော်က "ပိုးတွေ့တဲ့ ကလေးက ၉ ရက်သားပဲရှိသေးတယ်။ မိခင်ဖြစ်သူမှာတော့ ပိုးမတွေ့ဘူးလို့ကြားတယ်။ ညနေ ကလေးနဲ့ မိခင်ကိုသွားခေါ်ပြီး ဆေးရုံကို အစ်ကိုတို့အဖွဲ့ပို့ပေးသွားရဖို့ရှိပါတယ်"လို့ ပြောပါတယ်
ကလေးငယ်ဟာ မိခင်ဖြစ်သူနဲ့ အတူ အိုဝေးငှားစီးရင်း ရောဂါကူးစက်ခံရတာဖြစ်နိုင်ကြောင်းနဲ့ ကလေးငယ်ကို စောင့်ရှောက်နိုင်ဖို့အတွက်မိခင်ဖြစ်သူပါ ဆေးရုံမှာလိုက်နေမှာ ဖြစ်ပါတယ်။
ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ စက်တင်ဘာ ၃၀ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉၉ ဦးထိရှိပြီး ကျန်းမာရေးကောင်းမွန်လာလို့ ဆေးရုံဆင်း ခွင့်ရတဲ့လူနာ ၃၄ ဦးရှိပါတယ်။
ဧရာဝတီတိုင်းတွင် လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၃၀၀ ကျော်ရှိနေပြီး ရက်သားအရွယ်ကလေးငယ် ရောဂါပိုးကူးစက်ခံရမှုကတော့ ပထမဆုံးဖြစ်ပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)










