
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ ကိုဗစ်-၁၉ လူနာသစ် ၄ ဦး ထပ်တွေ့တာကြောင့် ပိုးတွေ့လူနာ ၁၁ ဦးအထိရှိလာပြီး မိတ္ထီလာခရိုင်အတွင်း ပိုးတွေ့ရှိသူ အများဆုံးမြို့နယ် ဖြစ်လာပါတယ်။
ရွာရှည်ရွာက ရန်ကုန်ပြန် အမျိုးသား ၁ ဦး၊ ဘုရားဖြူရွာက တောင်ကြီးပြန် အမျိုးသား ၁ ဦး၊ သီးကုန်းရွာက ရန်ကုန်ပြန် ၂ ဦး စုစုပေါင်း ၄ ဦး ထပ်တိုးတွေ့ရှိတယ်လို့ ဝမ်းတွင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
ဝမ်းတွင်းပြည်သူ့ဆေးရုံမှ ဒေါက်တာဒေါ်မြသက်ဆွေက "အခုပဲ ကိုဗစ်-၁၉ ရောဂါပိုး တွေ့သူ ၄ ဦးကို ဝမ်းတွင်းပြည်သူ့ဆေးရုံကို ခေါ်လာပါပြီ၊ ဒီမှာပဲ ဆေးကုသပေးမှာပါ။ ရွာက မူလတန်းကျောင်းတွေမှာ Facility Quarantine ဝင်နေသူတွေပါ၊ ၄ ဦးထပ်တိုး တွေ့တာပါ" လို့ ပြောပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၃၀ ရက် ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာစာရင်းမှာလည်းဝမ်းတွင်းမြို့နယ်က ရောဂါပိုးတွေ့သူ ၇ ဦးပါရှိပါတယ်။
အခု ပိုးတွေ့သူ ၄ ဦးကိုတော့ အချိန်မီ ဆေးကုသမှုပေးနိုင်ဖို့ မန္တလေးဓာတ်ခွဲဌာနက ဝမ်းတွင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနကို တိုက်ရိုက်အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။
မိတ္ထီလာခရိုင်ထဲမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူပေါင်း ၃၂ ဦးရှိပြီး မလှိုင်မြို့နယ်က ၈ ဦး၊ သာစည်က ၈ ဦး၊ မိတ္ထီလာက ၅ ဦးနဲ့ ဝမ်းတွင်းက ၁၁ ဦးဖြစ်တာကြောင့် မိတ္ထီလာခရိုင်ထဲမှာ ပိုးတွေ့ရှိမှု အများဆုံးဖြစ်လာပါတယ်။
သတင်း-မောင်မောင်လင်း










