DVB Logo
Home
မြန်မာသတင်း
ကြေးနီစီမံကိန်းရပ်ဆိုင်းရေး ဒေသခံ ၂၀၀ ခန့် ချီတက်ဆန္ဒပြ
DVB
·
July 8, 2013
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဒေသခံ ၂၀၀ လောက်ဟာ တုံရွာကနေ ငါးမိုင်လောက်ခရီးကို စုဝေးချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ဒီလှုပ်ရှားမှုကို ဦးဆောင်သူတဦးဖြစ်တဲ့ မစန္ဒာက “ဦးတည်ချက်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းရေး၊ ပုဒ်မ ၁၄၄ ချက်ချင်း ရုပ်သိမ်းပေးရေး၊ မီးလောင်းဗုံး အကြမ်းဖက် တရားခံတွေကို အမြန်ဆုံးဖော်ထုတ်အရေးယူပေးရေး၊ ကြေးနီစီမံကိန်းလှုပ်ရှားမှုကြောင့် အဖမ်းခံလိုက်ရတဲ့၊ ဦးမြင့်အောင်၊ ကိုအောင်စိုး၊ ကိုမောင်ဆန်း၊ ကိုစိုးသူတို့ကို အမြန်ဆုံးလွှတ်ပေးရေး၊ ဦးပိုင်နဲ့ ၀မ်ပေါင်က ဥပဒေကို လေးစားရင် မတရားထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းများကို ချက်ချင်းရုပ်သိမ်းပေးရေး၊  ပြည်သူ့ရဲပီပီ ပြည်သူ့ဘက်က ကာကွယ်ပေး စတဲ့ကြွေးကြော်သံတွေနဲ့ ချီတက်လမ်းလျှောက် ဆန္ဒပြတာပါ။ ဒီိဆန်ဒပြပွဲဟာ ခွင့်ပြုချက်ရယူပြီးမှ လုပ်တာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီနေ့မနက်ကတော့ ကြေးနီစီမံကိန်း ရုပ်သိမ်းရေးဆန္ဒပြပွဲကို ကူညီတဲ့ ဦးအောင်စိုးကို ရွှေဘိုခရိုင် တရားရုံးက ထောင်ဒဏ် ၁၁ နှစ်နဲ့ ၈ လ ချမှတ်ခဲ့သလို ပါဝင်တဲ့ ရွာသား ၂ ဦးကိုလည်း ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်ခဲ့တယ်လို့ သူက ပြောပါတယ်။

မနှစ်ကလည်း ဒီစီမံကိန်းရပ်ဆိုင်းဖို့ ဆန္ဒပြရာမှာ ရဲက နှိမ်နင်းလို့ မီးလောင်ဒဏ်ရာတွေ ရခဲ့ပြီးနောက်ပိုင်း အစိုးရက တောင်းပန်ခဲ့ပါတယ်။ အဲဒီနောက် အစိုးရက ဖွဲ့စည်းတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းဖော်ထုတ်ရေးကော်မရှင်က ဒီစီမံကိန်းကို နိုင်ငံအကျိုးအတွက် စာချုပ်စာတမ်းပြန်ပြင်ပြီး ဆက်လုပ်ဆောင်သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

ဒေသခံတွေဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းစုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာပါအတိုင်း အကောင်အထည်မဖော်ဘူးလို့ ဦးဆောင်သူတဦးဖြစ်တဲ့ ဦးဝေယံက ရှင်းပြပါတယ်။

“ကြေးနီစီမံကိန်း အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ အကောင်အထည်ဖော်ရေး ကော်မတီဆိုတာ ရှိတယ်။ အဲဒီကော်မတီက လျော်ကြေးပေးတာကလွဲပြီး ကျန်တာ ဘာမှ မလုပ်ပေးဘူး။ လယ်တီဆရာတော်ကြီးရဲ့ သိမ်ကျောင်းကို ရွှေ့ပေးမယ်ဆိုတာလည်း မရှိဘူး။ အစားထိုးလယ်ဧကတွေ ဖော်ဆောင်ပေးမယ်ဆိုတာလည်း မလုပ်ပေးဘူး။ စိမ်းလန်းမြေဧကတွေ ချပေးမယ်ဆိုတာလည်း မချပေးဘူး။ ကော်မရှင်အစီရင်ခံစာအတိုင်း လုပ်ပေးမယ်ဆိုရင်တော့ ကျနော်တို့ဘက်က တနည်းနည်းတဖုံဖုံ စဉ်းစားပြီးတော့ တခုခုဖြစ်လာမှာပေါ့။”

မုံရွာခရိုင်တွင်းက ဒီကြေးနီစီမံကိန်းတွေဟာ မဆလအစိုးရလက်ထက် ၁၉၈၄ ခုနှစ်ကတည်းက စတင်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ ကနေဒါနိုင်ငံက အိုင်ဗင်ဟိုးကုမ္ပဏီက တူးဖော်ရာက စီးပွားရေးဒဏ်ခတ်မှုလုပ်ပြီးတဲ့နောက်မှာ ထွက်ခွာခဲ့ပါတယ်။ ဒီနောက် ၂၀၁၀ ခုနှစ်မှာ တရုတ်ဝမ်ပေါင်ကုမ္ပဏီက ၀င်ရောက် လုပ်ကိုင်ပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့ကတော့ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံကြတဲ့ တရုတ်ကုမ္ပဏီပေါင်း ၁၀၀ ကျော်က ရန်ကုန်မြို့က တရုတ်သံရုံးမှာ  သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။

အဲဒီပွဲ ထုတ်ပြန်ချက်မှာ တရုတ်ကုမ္ပဏီတွေဟာ မြန်မာ-တရုတ် နှစ်နိုင်ငံ ဥပဒေစည်းမျဉ်းတွေကို လိုက်နာမယ်၊ စာချုပ်ပါအတိုင်း တင်းတင်းကျပ်ကျပ်လိုက်နာဆောင်ရွက်မယ်၊ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်မယ်၊ ဒေသခံပြည်သူတွေ အလုပ်အကိုင်ရစေမယ်၊ အလုပ်သမားနဲ့ ၀န်ထမ်းတွေရဲ့ဘေးကင်းရေးနဲ့ ကျန်းမာရေးဆောင်ရွက်မယ် စတာတွေ ပါဝင်တဲ့အချက်တွေကို ပါဝင်ပါတယ်။

အဲဒီရှင်းလင်းပွဲမှာ အမေရိကန်သတင်းအေဂျင်စီက မေးခွန်းကို တရုတ်သံရုံးရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဌာနခွဲက ကောင်စစ်ဝန် ဂျင်ဟောင်ဂင် Jin Honggen က ဖြေဆိုရာမှာ မြန်မာနိုင်ငံမှာ အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတိုးမြင့်လာတဲ့ပေါ် မစိုးရိမ်ပါဘူးလို့ ပြောပါတယ်။
မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကာလတလျှောက် တရုတ်နိုင်ငံဟာ မြန်မာအစိုးရဘက်က ရပ်တည်ခဲ့သလို တရုတ်ကုမ္ပဏီအများအပြား ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။

အစိုးရသစ်လက်ထက်မှာတော့ ကန့်ကွက်မှုတွေကြောင့် မြစ်ဆုံရေကာတာစီမံကိန်းကို ခေတ္တရပ်ဆိုင်းခဲ့သလို ကြေးနီစီမံကိန်းနဲ့ ကျောက်ဖြူ-ယူနန် ဂက်စ်ပိုက်လိုင်းစီမံကိန်းတွေ ကန့်ကွက်ခံနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013